ပန်ဒိုရာစာတမ်းကနေ ဖောက်ချလိုက်တာတွေက ဘာတွေလဲ

Graphic or key and documents
    • ရေးသားသူ, ပန်ဒိုရာစာတမ်းများအဖွဲ့
    • ရာထူးတာဝန်, ဘီဘီစီ ပန်နိုရားမား

ကမ္ဘာအနှံ့က ချမ်းသာသူတချို့နဲ့ သြဇာအာဏာရှိသူတချို့ရဲ့ ငွေကြေးခဝါချတာတွေ၊ အခွန်ရှောင်တာတွေနဲ့ သူတို့ ချမ်းသာကြွယ်ဝတာတွေ လျှို့ဝှက်ထားတဲ့ကိစ္စတွေကို ပန်ဒိုရာစာတမ်းတွေကနေ ၁၂ သန်းနီးပါးရှိတဲ့ မှတ်တမ်းတွေနဲ့ ဖွင့်ချလိုက်ပါတယ်။

ဒီသီတင်းပတ်ထဲမှာထုတ်ဝေခဲ့တဲ့ အဲ့ဒီစာရွက်စာတမ်းတွေနဲ့ မှတ်တမ်းဖိုင်တွေကို သတင်းရင်းမြစ် ၁၄ နေရာက ရယူခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၁၇ နိုင်ငံက စာနယ်ဇင်းသမား ၆၀၀ ကျော်က လနဲ့ချီ စုဆောင်းပြုစုခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဂျော်ဒန်ဘုရင် အဘဒ္ဒူလာ ဘင် အယ်လ် ဟူစိန် တို့လည်း အဲဒီဖိုင်တွေနဲ့ ဆက်စပ်နေတဲ့ လက်ရှိနဲ့ အငြိမ်းစား နိုင်ငံခေါင်းဆောင် ၃၅ ယောက်ထဲမှာ ပါဝင်နေပါတယ်။

ဒါပေမဲ့ ပါဝင်ခေါင်းဆောင်တချို့တွေက ငြင်းဆန်ကြပြီး သူတို့နှစ်ဦးလုံးကလည်း အမှားအယွင်းလုပ်ထားတာ ဘာမှ မရှိဘူးဆိုပြီး ထုတ်ပြန်ငြင်းဆိုထားပါတယ်။

အဲ့ဒီအချက်အလက်တွေအားလုံးကို မီဒီယာအဖွဲ့အစည်း ၁၄၀ ကျော်နဲ့ ပူးပေါင်း အလုပ်လုပ်နေတဲ့ အမေရိကန် ဝါရှင်တန်မြို့အခြေစိုက် အကြီးဆုံး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး စာနယ်ဇင်းသမား ကွန်ရက် ICIJ က ဦးဆောင် စုဆောင်းခဲ့တာပါ။

ယူကေက စုံစမ်းစစ်ဆေးမှုတွေကို တော့ ဘီဘီစီ ပန်နိုရားမားနဲ့ ဂါးဒီးယန်းသတင်းစာတို့က ဦးဆောင် လုပ်ခဲ့ကြပါတယ်။

ရုရှားသမ္မတ၊ အဇာဘိုင်ဂျန် သမ္မတနဲ့ ဂျော်ဒန်ဘုရင်
ဓာတ်ပုံ ပုံစာ, ရုရှားသမ္မတ၊ အဇာဘိုင်ဂျန် သမ္မတနဲ့ ဂျော်ဒန်ဘုရင်

ဘာတွေ ဖော်ထုတ်ခဲ့သလဲ

ပန်ဒိုရာပေပါကဖွင့်ချခဲ့တဲ့ထဲမှာ မှတ်တမ်းအထောက်အထား ၆.၄ သန်း၊ ဓာတ်ပုံ ၃ သန်းနီးပါး၊ အီးမေးလ် ၁ သန်းကျော်နဲ့ စာရင်းဇယား ၅ သိန်း နီးပါးပါဝင်ပါတယ်။

သူတို့ဖွင့်ချလိုက်တဲ့အထဲမှာ ကိစ္စတွေထဲမှာ ပါဝင်တာတချို့က-

  • အကျင့်ပျက်ခြစားမှုတွေနဲ့ စွပ်စွဲခံထားရသူတွေ အပါအဝင် ယူကေက အိမ်ခြံမြေ ၁၅၀၀ ကျော်ရဲ့ ပိုင်ရှင်တွေဟာ အိမ်ခြံမြေတွေကို နိုင်ငံခြားကုမ္ပဏီတွေကနေတစ်ဆင့် ဝယ်ယူထားမှု
  • ကာတာစော်ဘွားမိသားစုက လန်ဒန်က အိမ်ကြီးတွေဝယ်ယူရာမှာ ပေါင် ၁၈ သန်းခွဲ အခွန်ရှောင်မှု
  • ယူကေက ကွန်ဆာဗေးတစ်ပါတီကို ငွေလှူဒါန်းနေတဲ့ ထင်ရှားသူတစ်ဦး ဥရောပရဲ့ အကြီးဆုံး အကျင့်ပျက်ခြစားမှုတစ်ခုမှာ ပါဝင်ပတ်သက်နေမှု
  • ဂျော်ဒန်ဘုရင်က လျှို့ဝှက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကတဆင့် ယူကေနဲ့ အမေရိကန်က မြေ၊ အိမ်ရာအ ဆောက်အအုံတွေ ပေါင် သန်း ၇၀ ဖိုး စိတ်တိုင်းကျ ဝယ်ယူထားမှု
  • ပေါင် ၁၂ သန်းတန် ပြင်သစ်က အိမ်ကြီးအိမ်ကောင်း ၂ အိမ်ဝယ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့တာကို ထုတ်မပြောခဲ့တဲ့ ချက်ဝန်ကြီးချုပ်ရဲ့ အမှု
  • ပေါင် သန်း ၄၀၀ ကျော် တန်ဖိုးရှိတဲ့ ယူကေက မြေနဲ့ အိမ်ရာအဆောက်အအုံပိုင်ဆိုင်မှုတွေကို အဇာဘိုင်ဂျန် သမ္မတ မိသားစုက နောက်ကွယ်က ပါဝင်ပတ်သက်နေမှု
  • နိုင်ငံရပ်ခြား ကုမ္ပဏီ အုပ်စုတစ်ခုကို ကင်ညာသမ္မတ အူဟူလူကန်ယာတာရဲ့ မိသားစုက ဆယ်စုနှစ်နဲ့ချီ လျှို့ဝှက်ပိုင်ဆိုင်မှု

နိုင်ငံ ၉၀ က နိုင်ငံရေးသမား ၃၃၀ကျော် အပါအဝင် ကမ္ဘာ့ သြဇာအရှိဆုံး လူတချို့ဟာ လျှို့ဝှက် offshore နိုင်ငံရပ်ခြားကုမ္ပဏီတွေကို အသုံးချပြီး သူတို့ပိုင်ဆိုင်မှုတွေကို ဖုံးကွယ်ထားတာတွေနဲ့ပတ်သက်ပြီး အဲဒီမှတ်တမ်းတွေက ဖော်ထုတ်ခဲ့ပါတယ်။

နိုင်ငံရပ်ခြား ကုမ္ပဏီတွေမှာ သူတို့ပိုင်ဆိုင်မှုတွေ ဘယ်လို လျို့ဝှက်ထားလဲဆိုတာ ဒီမှတ်တမ်းတွေက တဆင့် ဖွင့်ချခဲ့တာဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် ငွေကြေးလေ့လာစောင့်ကြည့်ရေး သုတေသနအဖွဲ့ Global Financial Integrity က လက်ရှ်မီးကူးမားက အဲဒီလူတွေဟာ အမည်မသိ ကုမ္ပဏီတွေကို သုံးပြီး ငွေတွေ အရည်ဖျော်ဖျောက်ပစ်လို့ ရနေကြတယ်လို့ ပြောပါတယ်။

ပန်ဒိုရာစာတမ်းများ

Offshore ဆိုတာ ဘာကိုဆိုလိုတာလဲ

ဖုံးကွယ်ထားတဲ့ ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေအကြောင်း တစ်ခါတစ်ရံ ပေါ်ထွက်လာတတ်တဲ့ ရှုပ်ထွေးတဲ့ ရေခြားမြေခြားက ကုမ္ပဏီအချိတ်အဆက်တွေကို ပန်ဒိုရာစာတမ်းတွေကနေ ဖော်ထုတ်ခဲ့ပါတယ်။

ဥပမာအားဖြင့် ယူကေမှာ မြေနဲ့ အိမ်ရာတွေပိုင်ဆိုင်တဲ့ တစ်ယောက်ယောက်ဟာ အဲဒီပိုင်ဆိုင်မှု offshore လို့ခေါ်တဲ့ နိုင်ငံရပ်ခြား အခြေစိုက်တဲ့ ကုမ္ပဏီတွေကတဆင့် ပိုင်ဆိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

ကုမ္ပဏီတွေဖွင့်ပြီး ပိုင်ဆိုင်မှုတွေ သွားပြောင်းထားလို့ရတဲ့ နိုင်ငံတွေမှာ အောက်ပါအားသာချက်တွေ ရှိပါတယ်။

  • ကုမ္ပဏီတွေတည်ထောင်ဖို့ လွယ်ကူတာ
  • အဲ့ဒီနိုင်ငံတွေရဲ့ ဥပဒေအရ ကုမ္ပဏီကို ဘယ်သူပိုင်တယ်ဆိုတာသိဖို့ ခက်ခဲတာ
  • အခွန်နှုန်းနည်းပါးတာ ၊ စီးပွားရေးလုပ်ငန်းခွန်မဆောင်ရတာ

အဲ့ဒီနေရာတွေကို အခွန်ကင်းလွတ်နယ်မြေတွေ ဒါမှမဟုတ် ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေ ထုတ်ဖော်ဖို့မလိုတဲ့နယ်မြေတွေလို့ ခေါ်ကြပါတယ်။

အခွန်ရှောင်နိုင်တဲ့နေရာ အတိအကျ စာရင်း မရှိပေမယ့် အဲဒီအတွက် လူသိများတဲ့နိုင်ငံတွေ ရှိပြီး အဲဒီထဲမှာ ဆွစ်ဇာလန်၊စင်ကာပူ၊ ဗြိတိသျှဗားဂျင်းကျွန်းစုနဲ့ ကေမန်းကျွန်းစုတို့ ပါဝင်ပါတယ်။

အခွန်ကင်းလွတ်နယ်မြေတွေကို အသုံးချတာ ဥပဒေချိုးဖောက်တာလား

အခွန်တချို့ရှောင်ဖို့အတွက် ငွေကြေးပိုင်ဆိုင်မှုတွေ တခြားကို ရွှေ့ပြောင်းထားတာနဲ့ အခွန်နည်းတဲ့၊ကင်းတဲ့ နိုင်ငံတွေ၊နေရာတွေမှာ ကုမ္ပဏီတွေ သွားတည်ထောင်တာကို ဥပဒေရဲ့ လစ်ဟာကွက်တွေကို အသုံးချပြီး ဥပဒေဘောင်ထဲက လုပ်လို့ရနေပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်နဲ့တော့ မညီဘူးလို့ မြင်ကြပါတယ်။

ယူကေအစိုးရကတော့ အခွန်ရှောင်တယ်ဆိုတာ စာရွက်စာတမ်းတွေနဲ့ လုပ်ဆောင်မှုတွေ ပါဝင်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ နဲ့မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

ဒါအပြင့် ပိုင်ဆိုင်မှုတွေကို နိုင်ငံရပ်ခြားမှာ သွားသိမ်းထားချင်တဲ့ အကြောင်းပြချက်တွေထဲမှာ မတည်ငြိမ်တဲ့ အစိုးရတွေ ရန်က ကာကွယ်စောင့်ရှောက်ဖို့ နဲ့ သူခိုး၊ဓားပြ လုယက်ခံရတဲ့ရန်က ကာကွယ်ဖို့ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေလည်း ပါဝင်ပါတယ်။

နိုင်ငံရပ်ခြားမှာ လျှို့ဝှက်ပိုင်ဆိုင်မှုတွေရှိတာ ဥပဒေချိုးဖောက်တာ မဟုတ်ဘူးဆိုပေမဲ့ လျှို့ဝှက် ကုမ္ပဏီအဆင့်ဆင့်ကို အသုံးချပြီး ငွေတွေနဲ့ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းထားတာကတော့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာ ရောက်ပါတယ်။

အဲ့ဒါကြောင့် ပနားမားစာတမ်းလိုမျိုးတွေ ထွက်လာပြီးနောက်ပိုင်းမှာ နိုင်ငံရေးသမားတွေကို ပိုင်ဆိုင်မှုတွေ ဖွက်ထားတာနဲ့ အခွန်ရှောင်ဖို့ မလွယ်ကူအောင်လုပ်ဖို့ အထပ်ထပ် တောင်းဆိုနေကြပါတယ်။

ပန်ဒိုရာစာတမ်းတွေက ဖော်ပြခဲ့တာတွေကိုကြည့်ရင် " နိုင်ငံရပ်ခြားလျှို့ဝှက်ပိုင်ဆိုင်မှုတွေ ဆက်မလုပ်နိုင်အောင် တားမြစ်နိုင်သူတွေကိုယ်တိုင်က အဲဒါတွေကနေ အကျိုးရှိနေတယ်။ အဲဒါကြောင့် သူတို အဲဒါကို တားမြစ်ဖို့ စိတ်ဝင်စားစရာ အကြောင်းမရှိဘူး " လို့ မစ္စတာရိုင်က ပြောပါတယ်။

နိုင်ငံရပ်ခြားမှာ ငွေတွေဖွက်ထားဖို့ ဘယ်လောက်လွယ်ကူနေလဲ

စာရွက်ပေါ်မှာသာ နာမည်ရှိပြီး ရုံးခန်းလည်းမရှိ၊ဝန်ထမ်းလည်းမရှိတဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် အခွန်ရှောင်လို့ရတဲ့နိုင်ငံတွေမှာ သွားတည်ထောင်လို့ ရပါတယ်။

အဲ့လိုလုပ်ဖို့က ကြားလူတွေသုံးရမှာဖြစ်ပြီး ငွေတော့ ကုန်ပါမယ်။ ဒါကိုလုပ်နေကျ ကျွမ်းကျင်တဲ့ ကုမ္ပဏီတွေက ကိုယ်စား ကုမ္ပဏီထောင်တာတွေနဲ့ ကုမ္ပဏီ လည်ပတ်တာတွေကို လုပ်ပေးပါမယ်။

အဲ့ဒီကုမ္ပဏီတွေက ကုမ္ပဏီလိပ်စာနဲ့ ဒါရိုက်တာတွေ နာမည်ကိုပါ ရှာထည့်ပေးထားတာကြောင့် နောက်ကွယ်က တကယ် ပိုင်သူ ဘယ်သူလဲဆိုတာ သိဖို့ မလွယ်ပါဘူး။

နိုင်ငံရပ်ခြားမှာ ငွေဘယ်လောက် ဖွက်ထားကြလဲ

ငွေဘယ်လောက်ဖွက်ထားတယ်ဆိုတာအတိအကျ မပြောနိုင်ပေမယ့် ၅.၆ ထရီလျံ ဒေါ်လာကနေ ၃၂ ထရီလျံလောက်ရှိမယ်လို့ ICIJ ရဲ့ အပြောအရ ခန့်မှန်းလို့ ရပါတယ်။

အခွန်ရှောင်တာကြောင့် တစ်နှစ်ကို ဒေါ်လာ ၆၀၀ ဘီလျံ အထိ ကမ္ဘာတစ်ဝန်းက အစိုးရတွေ ဆုံးရှုံးနစ်နာနေရတယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ပြောထားပါတယ်။

"ငွေတွေဖွက်ထားလို့ရတဲ့ကိစ္စက လူတွေရဲ့ဘဝကို တိုက်ရိုက် ထိခိုက်စေတယ်။ ကလေးတွေ ရဲ့ ပညာရေး၊ ကျန်းမာရေး နေထိုင်ဖို့ အိမ်ကိစ္စတွေအထိပါ ပတ်သက်နေတယ် "လို့ မစ္စကူးမားကလည်း ပြောပါတယ်။

ယူကေမှာ ဘာတွေ လုပ်ထားလဲ

နာမည် မသိတဲ့ ပင်လယ်ရပ်ခြားက ကုမ္ပဏီတွေကတဆင့် မြေ၊ အိမ်ရာ အဆောက်အအုံတွေ ဝယ်လို့ရနေတာနဲ့ ပတ်သက်ပြီး ယူကေက စနစ်ကို ဝေဖန်မှု ရှိနေပါတယ်။

မြေ၊အိမ်ရာအဆောက်အအုံတွေ ပိုင်ဆိုင်တဲ့ ပိုင်ရှင်အစစ်အမှန်ကို ထုတ်ပြောရမယ့် ဥပဒေကြမ်းတစ်ခုကို ၂၀၁၈ တုန်းက ယူကေအစိုးရက ထုတ်ပြန်ထားပေမယ့် လွှတ်တော်အမတ်တွေရဲ့ အတည်ပြုချက်ရယူဖို့ အဆင့် ကျန်နေပါသေးတယ်။

"ပိုင်ဆိုင်မှုတွေကို အသုံးပြုပြီး တရားမဝင်တဲ့ ငွေတွေကို ငွေဖြူဖြစ်သွားအောင် လုပ်ချင်တဲ့ ဆန္ဒရှိတဲ့ ငွေကြေးခဝါချသူတွေကို" ယူကေစနစ်က ဆွဲဆောင်နေတယ်လို့ ၂၀၁၉ ခုနှစ် ပါလီမန် ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

ပြီးတော့ မြေနဲ့ အိမ်ရာတွေရဲ့ ပိုင်ရှင်အစစ်ကို မသိရတာကြောင့် ရဲတွေအနေနဲ့လည်း ရာဇဝတ်မှု စုံစမ်းတဲ့ကိစ္စတွေမှာ အနှောင့်အယှက်အတားအဆီးတွေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီး ငွေကြေးခဝါချဖို့လုပ်တဲ့ကိစ္စဟာ အလယ်လတ်အဆင့်ကနေ မြင့်တက်လာနေတယ်လို့ မကြာခင်ကမှ အစိုးရက သတိပေးထုတ်ပြန်ထားပါတယ်။

ငွေကြေးခဝါချတဲ့ကိစ္စကို ပိုတင်းကျပ်တဲ့ဥပဒေတွေသုံးပြီး ထိထိရောက်ရောက်နှိမ်နင်းဖို့ ၊ ယူကေက အိမ်ခြံ မြေတွေပိုင်ဆိုင်တဲ့ နိုင်ငံရပ်ခြားကုမ္ပဏီတွေ မှတ်ပုံတင်ဖို့ကိစ္စကို လွှတ်တော်အစည်းအဝေး ပြန်စရင် စလုပ်မယ်လို့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ထည့်ရေးထားပါတယ်။

ပန်ဒိုရာစာတမ်းများ

ပန်ဒိုရာစာတမ်းများ

ပန်ဒိုရာစာတမ်းတွေဆိုတာ နိုင်ငံရေးသမားတွေ၊ ဘီလျံနာတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အဆက်အသွယ်၊ အရောင်းအဝယ်ကိစ္စတွေနဲ့ လျှို့ဝှက်ချမ်းသာကြွယ်ဝမှုတွေနဲ့ပတ်သက်တဲ့ ဖိုင်တွေနဲ့ စာရွက်စာတမ်း ၁၂ သန်းနီးပါးကို ဖွင့်ချခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။

အဲ့ဒီစာရွက်စာတမ်းတွေနဲ့ ဖိုင်တွေကို ဝါရှင်တန်ဒီစီ အခြေစိုက် ကမ္ဘာ့အကြီးဆုံး စုံစမ်းထောက်လှမ်းရေးသားတဲ့ စာနယ်ဇင်းသမား ကွန်ရက် ICIJ ဦးဆောင် စုစည်းခဲ့ပါတယ်။

နိုင်ငံ ၁၁၇ နိုင်ငံက စာနယ်ဇင်းသမား ၆၀၀ ကျော်က ကမ္ဘာပေါ်မှာသြဇာအာဏာအရှိဆုံး သူတချို့ရဲ့ လျှို့ဝှက် ချမ်းသာကြွယ်ဝမှုတွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

ယူကေက ကိစ္စတွေကိုတော့ ဘီဘီစီပန်နိုရားမားနဲ့ ဂါးဒီးယန်းသတင်းစာတွေက ဦးဆောင် စုံစမ်းခဲ့ ပါတယ်။

ပန်ဒိုရာစာတမ်းတွေတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကို ဘီဘီစီ တွစ်တာမှာ #PandoraPapers လို့ရှာဖွေပြီးကြည့်ရှုနိုင်ပြီး ဘီဘီစီ အိုင်ပလေယာမှာလည်း ကြည့်ရှုနိုင်ပါတယ်။