ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာပေါ်က ဈေးအကြီးဆုံး တိရစ္ဆာန်များ
- ရေးသားသူ, ရစ်ချက် ဖစ်ရှာ
- ရာထူးတာဝန်, ဘီဘီစီ ဖျူးချား
တနေ့မှာ Big Dave ဆိုတဲ့ ဘဲတကောင်ကို လေလံတင်ခဲ့ပါတယ်။ Muscovy drake ဘဲကြီးမျိုး ဖြစ်ပါတယ်။ သူ့ ပိုင်ရှင် Graham Hicks ကတော့ သူ့ဘဲဟာ လှပသလို ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင် နေတတ်တယ် စသည်ဖြင့် ပြောပါတယ်။ တခြားလူတွေကလည်း ဒီအချက်ကို သဘောတူကြပါတယ်။
Turkey Club UK ရဲ့ အတွင်းရေးမှူး နဲ့ မွေးမြူရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ Janice Houghton-Wallace ကလည်း Big Dave က အင်မတန် သဘောကောင်းပြီး နှစ်လိုဖွယ်ဖြစ်တယ်၊ Graham နဲ့ သိပ်တည့်တယ်လို့ ဆိုပါတယ်။ Hicks က မွေးမြူရေး လုပ်နေတာတွေကို နားတော့မှာပါ။ သူပိုင် ဘဲတွေ၊ ငန်းတွေနဲ့ တခြား ငှက်တွေကို ရောင်းတော့မှာ ဖြစ်ပေမယ့် Dave ကိုတော့ မရောင်းချင်ပါဘူး။ ပြည်ပက မွေးမြူရေး သမားတွေက ဒီဘဲကြီးရဲ့ မျိုးရချင်တာကြောင့် ဝယ်ယူချင်နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
လေလံစတော့ အံ့သြစရာဖြစ်ခဲ့ပါတယ်။ Dave ကို ဝယ်ယူနိုင်ဖို့ အတွက် Hicks မသိအောင် Houghton-Wallace က အဖွဲ့တခု ဖွဲ့ထားခဲ့ပြီး စတာလင်ပေါင်ငွေ ၉၀၀ ဈေး စပေးခဲ့ပါတယ်။ အဲဒီနောက် တစစ နဲ့ တက်သွားပါတော့တယ်။ Houghton-Wallace က နောက်ဆုံး စျေးကို ပေးခဲ့ပါတယ်။ ဈေးဖြတ် ရောင်းချတဲ့ တူသံကလေး ကြားဖို့ရာ တခန်းလုံး ငြိမ်နေပြီး တစ်ကမ္ဘာလောက် ကြာသလား မှတ်ရတယ်လို့ သူက ဆိုပါတယ်။ လေလံကို သူနိုင်ခဲ့ပြီး ဘဲ တစ်ကောင်အတွက် ပေးရတဲ့ စံချိန်အဖြစ် ပေါင်ငွေ ၁၅၀၀ (ဒေါ်လာ ၂၀၇၀) ပေးခဲ့ရ ပါတယ်။
အဲဒီနောက်မှာ သူတို့ အဖွဲ့က Dave ကို Hicks လက်ထဲ ပြန်ထည့်ပေးခဲ့ပါတယ်။ အစကတည်းကလည်း Hicks အတွက် အနားယူတော့မှာဖြစ်တဲ့အတွက် လက်ဆောင်အဖြစ် ဒီလို ပေးဖို့ သူတို့ စီစဥ်ထားခဲ့ကြတာပါ။ သူတို့ အတူ ငိုခဲ့ကြသေးတယ်လို့ Houghton-Wallace က ပြန်ပြောပြပါတယ်။
Dave ကတော့ အဲဒီနေ့မှာ ကမ္ဘာ့ စျေးအကြီးဆုံး ဘဲကြီးဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး တိရစ္ဆာန်စာရင်းလည်း ဝင်သွားခဲ့ပါတယ်။ ဘဲလောကရဲ့ စိန်တပွင့်လို တောက်ပနေတဲ့ Dave လိုပဲ တခြား တိရစ္ဆာန်မျိုးနွယ်တွေမှာလည်း သူ့အမျိုးနဲ့ သူ တန်ဖိုးကြီးတဲ့ တိရစ္ဆာန်တွေလည်း ရှိပါတယ်။
ဆိုတော့ အဲဒီတိရစ္ဆာန်တွေက ဘာကောင်တွေလဲ။ ဘယ်လို သတ်မှတ် တန်ဖိုး ဖြတ်ကြသလဲ။ အဖြေက ထင်ထားတာထက် ပိုနက်နဲ ပါတယ်။
တိရစ္ဆာန်တကောင်ကို ပေးရတဲ့ စျေးအပေါ် မူတည်ပြီး အဆင့်သတ်မှတ်တာက တချို့လူတွေအမြင်မှာ ခပ်ကြောင်ကြောင် နိုင်သလို သိပ်လည်း အဓိပ္ပါယ် မရှိပါဘူး။ သူတို့ကို စီးပွားဖြစ် တန်ကြေး သတ်မှတ်တာမျိုးကရော လုပ်သင့်ပါသလား။ ရှင်သန်နေဆဲ သတ္တဝါ တစ်ကောင်ကို ဒီလို တန်ဖိုး သတ်မှတ်တာမျိုးကို တချို့ကတော့ လက်ခံကြမှာ မဟုတ်ပါဘူး။
လက်တွေ့မှာတော့ တိရစ္ဆာန်တွေဟာ လူသားတွေရဲ့ စီးပွာရေး လုပ်ငန်းတွေမှာ အမြဲ တစိတ်တပိုင်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ တချို့လူတွေက တိရစ္ဆာန်တစ်ကောင် အတွက် ဘယ်လောက် သုံးနိုင် ပေးနိုင်သလဲ ဆိုတာကို ကြည့်ရင် သူတို့အပေါ် ဘယ်လို တန်ဖိုးထားကြတယ်ဆိုတာကို မှန်းနိုင်ပါတယ်။
ဒေါ်လာ ငါးသိန်းတန် သိုး
စိုက်ပျိုး မွေးမြူရေး လုပ်ငန်းခွင်တွေမှာ တိရစ္ဆာန်တွေကို ရောင်းဝယ်ကြတာဟာ ပုံမှန်အလုပ်တခုပါ။ ဥပမာ အားဖြင့် သိုးတွေကိုပဲ ကြည့်ပါ။ ကမ္ဘာတဝန်းမှာ သိုးကောင်ရေပေါင်းဟာ သန်းတစ်ထောင်လောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီထဲက အများစုဟာလည်း သိပ်ပြီး ဈေးကြီးလှတာ မဟုတ်ပါဘူး။
ဒါပေမယ့် ယူကေ တစ်နေရာမှာတော့ Double Diamond လို့ ခေါ်တဲ့ သိုးတစ်ကောင်ရှိပါတယ်။ ဈေးလည်း တော်တော်ကြီးပါတယ်။ ဒဏ္ဍာရီ ထဲကလိုလည်း သူ့မှာ ရွှေရောင် သိုးမွှေးတွေ ရှိမနေပါဘူး။ သူ့မှာ ရှိနေတာက သူ့ရဲ့ မျိုးဗီဇပဲ ဖြစ်ပါတယ်။ သူဟာ နယ်သာလန် ကမ်းလွန်ကျွန်းငယ်လေး တခုပေါ်ကနေလာတဲ့ အင်မတန် မျိုးကောင်းတဲ့ Texel သိုးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ တုန်းက သူ့ကို ယူကေက လေလံပွဲ တခုမှာ စိုက်ပျိုး မွေးမြူရေးအဖွဲ့တခုက ဂီနီ ၃၅၀,၀၀၀ ပေးပြီး ဝယ်ခဲ့ကြပါတယ်။ ဂီနီ ဆိုတာက မွေးမြူရေး လေလံ ပွဲတွေမှ သုံးတဲ့ ငွေကြေးတမျိုး ဖြစ်ပြီး အဲဒီ ပမာဏကတော့ ဒေါ်လာ ၄၉၀,၅၀၀ နဲ့ ညီမျှပါတယ်။ သူ့ကို ဝယ်ခဲ့တဲ့ အဖွဲ့က တယောက်ကတော့ ဒီလောက်ငွေတွေ အများကြီး ပေးလို့ တမျိုး မထင်ပါနဲ့၊ သူ့ရဲ့ မျိုးဗီဇကို ရဖို့က ဒီလောက် ရင်းမှ ဖြစ်မှာ မို့လို့ပါလို့ ဘီဘီစီကို ပြောခဲ့ပါတယ်။
ဒါဆိုရင် ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး မွေးမြူရေး တိရစ္ဆာန်လို့ ဆိုရတော့မလား။ သူ့လို သိုးတွေကို ထိန်းကျောင်းပေးတဲ့ ဘော်ဒါကော်လီ Kim ဆိုတဲ့ သိုးထိန်းခွေး ထက်တော့ သူက ပိုဈေးကြီးပါတယ်။ Kim ကို ၂၀၂၁ နှစ် အစောပိုင်းက ဝေလ နယ်ထဲမှာ ပေါင်ငွေ ၂၈,၄၅၅ ဒေါ်လာနဲ့ ဆို ၃၈,၉၀၀ နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
ဒေါ်လာ တစ်သန်းခွဲတန် နွားကြီး
ဒါပေမယ့် သူတို့ထက်ပိုပြီး စျေးကြီးတာတွေလည်း ရှိပါတယ်။ နွားမတွေ နွားသိုးကြီးတွေဆို ပိုတောင် ပေးကြရပါတယ်။ အဲဒီထဲက ထင်ရှားတဲ့ အရောင်းအဝယ် တခုကတော့ Missy လို့ခေါ်တဲ့ Holstein နွားမ တကောင်အတွက် ပေးခဲ့ရတာပါ။ သူ့ကို ၂၀၀၉ နှစ်က ဒေါ်လာ ၁.၂ သန်း ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက် စျေးကြီးတဲ့ နွားလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ က Angus မျိုး နွားသိုးတကောင်ဖြစ်တဲ့ SAV America 8018 ကို အရင် ထရမ့် အစိုးရရဲ့ အကြံပေးဟောင်း တယောက်က ဒေါ်လာ ၁.၅၁ သန်း ပေးပြီး ဝယ်သွားခဲ့ပါတယ်။ ဘာလို့ ဒီလောက် စျေးကြီးပေးရသလဲ ဆိုရင် မျိုးပွားလို့ရတဲ့ သူ့ရဲ့ မျိုး အတွက် ဖြစ်ပါတယ်။
အဲဒီ လေလံပွဲမှာ ရှိနေခဲ့တဲ့ စိုက်ပျိုး မွေးမြူရေး သတင်းထောက် တယောက်က SAV America 8018 နဲ့ တွေ့ခဲ့ရပုံ သူ့အတွေ့အကြုံကို အခုလို ပြောထားပါတယ်။ ''ဂိတ်တံခါးကို ဖွင့်လိုက်တာနဲ့ သူရှိရာကို လျှောက်လာတယ်၊ လက်ကို နမ်းရှုံ့တယ်၊ ခွေးလိမ္မာတကောင်လို ယဥ်ကျေးလှတယ်။ နောက် SAV America 8018 ရဲ့ သွင်ပြင်၊ ဗျက်နဲ့ ကိုယ်လုံး ကိုယ်ထည်ကတော့ တကယ့် အံ့မခန်းပဲ။ ခြေထောက်ကြီးတွေက တုတ်ခိုင်ပြီး အရိုးတွေကလည်း သန်မာမှန်း သိသာတယ်။ သမိုင်းမှာ အကြီးကျယ်ဆုံး နွားသိုးကြီး တကောင်အဖြစ် အမှတ်ရနေကြရမှာပါ။''
အိမ်မွေး တိရစ္ဆာန်များ
လူတွေက တိရစ္ဆာန်တကောင်အတွက် မွေးမြူရေး လောကမှာပဲ ဒီလို ဈေးကြီးတွေ ပေးနေကြသလားဆိုတော့လည်း မဟုတ်ပါဘူး။ အိမ်မွေးတိရစ္ဆာန်တကောင် အတွက်လည်း ငွေအများကြီး သုံးကြသူတွေ ရှိပါတယ်။
အခုဆိုရင် သာမန် အိမ်မွေးတိရစ္ဆာန် တကောင်တောင် အရင်ကထက်စာရင် စျေးပိုကြီးလာနေပြီ ဖြစ်ပါတယ်။
ဒေါ်လာ တစ်သန်းခွဲတန် ခွေး
ယူကေမှာ ဆိုရင် ကပ်ရောဂါ ကာလအတွင်းမှာ အိမ်မွေးခွေးတွေရဲ့ ဈေးဟာ ထောင်တက်သွားခဲ့ပြီး အခုဆိုရင် ခွေးပေါက်လေး တကောင်ကို ပေါင် ၃၀၀၀ လောက် ပေးရပါတယ်။ အဲဒီအပေါ်မှာ တသက်တာ ကျွေးမွေး ပြုစုရတာ၊ ဆေးထိုးပေးရတာ စတဲ့ တခြား အကုန်အကျတွေပါ ထည့်ပေါင်းရင်တော့ အိမ်မွေး တိရစ္ဆာန် မွေးသူတွေရဲ့ အကုန်အကျက ပေါင်ငွေ ထောင်ပေါင်းများစွာ ရှိပါတယ်။
ခွေးတကောင်အတွက် အများဆုံး ပေးခဲ့ရတဲ့ ဈေးကတော့ အဲဒီထက်တောင် အဆပေါင်းများစွာ ရှိပါတယ်။ Big Splash လို့ခေါ်တဲ့ Tibetan mastiff တကောင်ကို တရုတ်ယွမ် ၁၀ သန်းပေးပြီး ဝယ်သွားခဲ့တာပါ။ ဒေါ်လာနဲ့ ဆိုရင်တော့ ၁.၅၅ သန်းဖြစ်ပါတယ်။ မကြာသေးခင် နှစ်ပိုင်းတွေအတွင်းမှာ တရုတ်ပြည်မှာ mastiff ခွေးတွေကို လူတန်းစား အမှတ်သညာ သဖွယ် ပြသလာကြပါတယ်။ ဒါပေမယ့် သူ့ကို ဝယ်ယူခဲ့တဲ့ ကျောက်မီးသွေး လုပ်ငန်းရှင်အတွက် တဖက်မှာ ရင်းနှီးမြှုပ်နှံမှု တခုအနေနဲ့ ပြောမယ်ဆိုလည်း ရပါတယ်။ အကြောင်းက ခွေးမွေးမြူရေး လုပ်ငန်းလုပ်သူတွေကို မျိုးရဖို့ သူ့ခွေးကို ငှားရမ်းပြီး ဝင်ငွေ ရှာနိုင်တာကြောင့် ဖြစ်ပါတယ်။
သူ့နေရာနဲ့သူ စျေးကြီးကြတဲ့ ကြောင်တွေ
ခွေးလောက အပြင် ကြောင်လောကမှာရော ဒါမျိုးတွေ ရှိနေသလား။ အိမ်မွေးကြောင်တွေထဲမှာ ဈေးအကြီးဆုံးကတော့ Savannah ကြောင်မျိုးတွေပါ၊ ကြောင်ပေါက်တကောင်ကို ဒေါ်လာ ၂၀,၀၀၀ လောက် ပေးရပါတယ်။ Guinness ကမ္ဘာ့စံချိန် မှတ်တမ်းများမှာတော့ ကြောင်တကောင်အတွက် ဈေးအများဆုံး ပေးရတဲ့ မှတ်တမ်း မရှိပါဘူး။ ဘီဘီစီက သိထားသမျှမှ Big Splash လောက် ဈေးကြီးပေးရတဲ့ ကြောင် တကောင်မှ မရှိနေပါဘူး။
ဒါပေမယ့် တချို့ကြောင်တွေဟာ သူ့ရဲ့ ပိုင်ဆိုင်မှုကိုပါ ထည့်တွက်မယ်ဆိုရင် Big Splash ကို အေးအေးဆေးဆေး ယှဉ်နိုင်ပါတယ်။
Guinness ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ကြောင်ကတော့ Blackie လို့ ခေါ်တဲ့ ကြောင်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၈၈ က ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူ သူ့သခင် ကွယ်လွန်သွားတဲ့အခါမှာ ပေါင်ငွေ ၇ သန်း ဒေါ်လာနဲ့ဆို ၉.၇ သန်း အမွေရခဲ့ပါတယ်။ သူ့သခင်ဟာ မိသားစုကို အမွေမပေးဘဲ သူ့အတွက်ပဲချန်ထားခဲ့တာကြောင့် ဖြစ်ပါတယ်။
အဲဒီလိုပဲ အမွေရလို့ ချမ်းသာသွားတဲ့ ခွေး တကောင်လည်း ရှိခဲ့ပါတယ်။ သူကတော့ Toby လို့ ခေါ်တဲ့ ခွေးပါ။ လွန်ခဲ့တဲ့ ၁၉၃၁ ခုနှစ်က သူ့သခင်ဖြစ်သူ ကြွယ်ဝတဲ့ နယူးယောက် အခြေစိုက် အိမ်ခြံမြေ လုပ်ငန်း မိသားစုရဲ့ နောက်ဆုံးမျိုးဆက် Ella Wendel ကွယ်လွန်တော့ ဒေါ်လာ ၁၅ သန်း အမွေရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဝင်ငွေ ရှာနိုင်မှုအပေါ် မူတည်ပြီး ကြည့်မယ်ဆိုရင်တော့ ဒါက တမျိုးဖြစ်နိုင်ပါတယ်။ မှန်ပါတယ်။ ဝင်ငွေရှာနိုင်တဲ့ တိရစ္ဆာန်တွေလည်း ရှိပါတယ်။
၀င်ငွေရှာပေးတဲ့ ဆယ်လီ ကြောင်
Tardar Sauce လို့ ခေါ်တဲ့ ကြောင်ဟာ အင်တာနက်ပေါ်မှာ နာမည်ကျော်တဲ့ Grumpy Cat ပဲ ဖြစ်ပါတယ်။ ဈေးအကြီးဆုံးနဲ့ အချမ်းသာဆုံး တိရစ္ဆာန် စာရင်းမှာတော့ သူဟာ ရှေ့တန်းကပဲ ဖြစ်မှာပါ။ သူ့ကိုမှီပြီး စီးပွားရှာနိုင်လို့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သူ မသေဆုံးခင်မှာ သူ့တန်ကြေးက ဒေါ်လာ သန်း ၁၀၀ လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
နောက်တကောင်ကတော့ အဆိုတော် Taylor Swift ရဲ့ ကြောင်ဖြစ်ပြီး အဲ့လောက်နီးနီးပဲ ချမ်းသာမယ်လို့ ခန့်မှန်းကြပါတယ်။ ကြောင်မလေးနာမည်ကို Olivia Benson လို့ပေးထားပါတယ်။ သူ့ရဲ့ အင်စတာ ဂရမ်မှာ တင်ထားတဲ့ Olivia Benson, "off-duty" ဆိုတဲ့ ပို့စ်မှာ သူ့ကြောင်ကို မြင်တွေ့နိုင်ကြပါတယ်။
ပြိုင်ဆိုင်နိုင်မှု တန်ဖိုး
Guinness World Records ရဲ့ အဆိုအရ တိရစ္ဆာန် တကောင်အတွက်ကြေးအများဆုံး သုံးကြတာက ပြိုင်ဆိုင်နိုင်တဲ့ တိရစ္ဆာန်မျိုးတွေကို ဝယ်ယူဖို့ အတွက် သုံးခဲ့ကြတာ ဖြစ်ပါတယ်။
အလေးချိန်နဲ့တန်ဖိုးအချိုးအရဆိုရင်တော့ ဈေးအကြီးဆုံးက ငှက်တကောင် ဖြစ်ပါလိမ့်မယ်။ New Kim လို့ခေါ်တဲ့ ခိုတကောင်ဆို သူ့ အတွက် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ တရုတ်ပြည်က "Super Duper" အမည်ပေးထားတဲ့ ဝယ်လက်တယောက်က ယူရိုငွေ ၁.၆ သန်း (ဒေါ်လာ ၂ သန်းနီးပါး) ပေးဝယ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်နိုင်ငံက ၂ နှစ်အရွယ် ခိုမလေးဖြစ်ပြီး အပျံပြိုင်နိုင်တဲ့ ခိုလေးဖြစ်ပါတယ်။
ပြိုင်မြင်းတွေကတော့ တိရစ္ဆာန်လောကရဲ့ ဈေးအကြီးဆုံးတွေထဲမှာ ပါကြပါတယ်။ ဒါက အဆန်းတော့လည်း မဟုတ်ပါဘူး။ Guinness ရဲ့ မှတ်တမ်းတွေမှာတော့ ပြိုင်မြင်း Seattle Dancer ဟာ ငွေသုံးခဲ့ရတဲ့ အထဲမှာ ဈေးအကြီးဆုံးပါ။ သူ့ကို ၁၉၈၅ ခုနှစ်က အသက် ၁ နှစ်နဲ့ ၂ နှစ်ကြားပဲ ရှိသေးတဲ့ အရွယ်မှာ ဒေါ်လာ ၁၃.၁ သန်းနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ပြိုင်မြင်း Seattle Dancer ဟာ ဗိုင်းရပ်စ် ကူးစက်မှု တခုကြောင့် အောင်မြင် ကျော်ကြားတဲ့ ပြိုင်မြင်းကြီး မဖြစ်လာခဲ့ဘဲ စုစုပေါင်းမှ ပြိုင်ပွဲ ၅ ကြိမ်ပဲ ဝင်ပြိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူ့ထက် ဈေးကြီးတဲ့ မြင်းတွေလည်း ရှိခဲ့ပါတယ်။ Fusaichi Pegasus ကို ဆိုရင် ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က ဒေါ်လာ ၆၄ သန်းနဲ့ ဝယ်သွားခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ပြိုင်ပွဲ ၉ ခုမှ ၆ ခု အနိုင်ရခဲ့တာကြောင့် ပိုင်ရှင်တွေကို ဒေါ်လာ သန်းပေါင်းများစွာ ပြန်ရှာပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ မျိုးဆက်တွေကတော့ သူ့လောက် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့်လည်း ပြိုင်မြင်း လောကမှာ အလောင်းအစားက မြင်းပြိုင်ကွင်းမှာတင် ရှိနေတာမျိုး မဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၂၀ အနှောင်းပိုင်းမှာတော့ Fusaichi Pegasus ကို ပြိုင်ပွဲတွေမှာ မယှဥ်ပြိုင်ခိုင်းတော့ဘဲ အငြိမ်းစား ပေးလိုက်ကြပြီ ဖြစ်ပါတယ်။
တိရစ္ဆာန် အရိုင်း
အယဥ်တွေကို ဈေးဖြတ်လို့ ရသလို အရိုင်းတွေကိုရော ဈေးသတ်မှတ်နိုင်မလား။
သူတို့ကိုတော့ ဈေးကွက်တန်ဖိုးနဲ့ ဈေးသတ်မှတ်လို့ မရပါဘူး၊ အယဉ်နဲ့ အရိုင်း မတူညီတဲ့အတွက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက် အတွင်းက စပြီး သိပ္ပံပညာရှင်တွေက သူတို့တွေကြောင့် လူသားတွေ ဘယ်လို အကျိုးရစေသလဲ ဆိုတာကို ဂေဟစနစ်ကို အခြေခံပြီး တန်ဖိုးသတ်မှတ် လာကြပါတယ်။ စားသောက်ကုန်ပိုင်းက စပြီး ကာဗွန် ခြေဖျက်မှု၊ ဝတ်မှုန်ကူးမှု၊ အပန်းဖြေခရီးသွား လုပ်ငန်းတွေစတဲ့ အရာအားလုံးကို အခြေခံ သတ်မှတ်တာ ဖြစ်ပါတယ်။
ဒီအချက်တွေကို အခြေခံပြီး သက်ရှိကမ္ဘာရဲ့ ဂေဟစနစ် ဝန်ဆောင်မှုတွေဟာ တနှစ်ကို ဒေါ်လာ ၁၄၅ ထရီလီယံ အထိ ရှိမယ်လို့ ခန့်မှန်ကြပါတယ်။ ဒေသအလိုက်လည်း တည်ရှိနေတဲ့ ကမ်းရိုးတန်းက နုန်းမြေတွေ၊ အပူပိုင်း သစ်တောတွေ စသဖြင့် ဂေဟ စနစ်အကုန်လုံးကို ထည့်တွက်ကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သန္တာကျောက်တန်းတွေရဲ့ ဝန်ဆောင်မှုဆိုရင် ၁ ဟက်တာ ဧက ကို တနှစ်ကို ဒေါ်လာ ၂ သိန်းလောက် ရှိပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေအတွက် အင်းဆက်တွေ ဝန်မှုန်ကူးပေးတဲ့ တန်ဖိုးကလည်း တကမ္ဘာလုံးမှာ တနှစ်ကို ဒေါ်လာ ဘီလျံ ၁၈၀ ကနေ ဘီလျံ ၅၀၀ လောက် အထိ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
တကယ်တော့ ဒီလို တိုင်းတာမှုတွေက မတိကျလှပါဘူး။ နည်းလမ်းစုံသလို တိုင်းတာပုံတွေကလည်း မတူညီမှုတွေ ရှိသလို တသမတ်တည်း ဖြစ်မနေတာတွေလည်း ရှိပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ က သုတေသီတွေ ဖြစ်ကြတဲ့ Annelies Boerema နဲ့ Alanna Rebelo တို့နဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေက ဒါတွေကို ပြန်သုံးသပ်ခဲ့ကြပြီးပြောခဲ့ကြတာဖြစ်ပါတယ်။
တချို့က သဘာဝတရားကို ဝန်ဆောင်မှုတွေနဲ့ တိုင်းတာ တန်ဖိုးသတ်မှတ်တာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဒီလို လုပ်လို့ စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ အကျိုးကျေးဇူးတွေ ရရှိစေတဲ့ သဘာဝ တရားရဲ့ သွင်ပြင်လက္ခဏာတွေကို တိုင်းတာပြနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တချို့ကလည်း ဂေဟ စနစ်နဲ့ သက်ရှိ သားရိုင်း တိရစ္ဆာန်တွေကို တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေအဖြစ်သာ ရှုမြင်သင့်တယ်လို့ ပြောကြပါတယ်။
ဒီလို တွေးလာကြတယ်ဆိုရင်ပဲ လူတွေရဲ့ သဘာဝ ဂေဟစနစ်တွေအပေါ် အမြင်တွေ ပြောင်းဖို့ ဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စီးပွားဖြစ်ဖို့ပဲ စဥ်းစားနေကြသူတွေပါ ပြောင်းလဲလာကြဖို့ ဖြစ်ပါတယ်။ Rebelo ကတော့ ''လူတွေကို အရာအားလုံးကို ခြုံငုံသုံးသပ်တတ်လာစေဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်။ အယူအဆပိုင်းမှာ ဘာအားနည်းချက်တွေပဲ ရှိနေပါစေ လက်ရှိ မျိုးဆက်တွေအတွက်ရော အနာဂတ် မျိုးဆက်တွေအတွက်ပါ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်သွားနိုင်ကြဖို့ ရည်ရွယ်တာ ဖြစ်တယ်''လို့ ပြောပါတယ်။
ဒီလို နည်းနဲ့ တိရစ္ဆာန်တွေအပေါ် တန်ဖိုး သတ်မှတ်မှုက ဘာတွေ သိရပါသလဲ။ တိုင်းတာမှု အတော်များများက ဂေဟ စနစ်တွေနဲ့ သဘာဝတရားရဲ့ အကျိုးပြုပုံတွေကို အားလုံး ခြုံငုံကြည့်ပြီး သုံးသပ်ထားတာ ဖြစ်ပါတယ်။ တချို့ လေ့လာမှုတွေမှာတော့ သိပ္ပံနည်းကျ အမျိုးအစားခွဲတာ၊ အနွယ်တူ မျိုးကွဲစုတွေအလိုက်၊ မျိုးစုအစဉ်အလိုက် လေ့လာတာမျိုးတွေ လုပ်ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ အတွင်းက ဘီဘီစီရဲ့ ကမ္ဘာမြေ BBC Earth အစီအစဥ်က တန်ဖိုး သတ်မှတ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ ဥပမာဆိုရရင် ငါးမန်တွေကို ကြည့်ကြတဲ့ ခရီးသွား လုပ်ငန်း တခုတည်းကတင် ဒေါ်လာ ၉၄၄ သန်းလောက် တန်နေတာ၊ နွားချေးပိုး လုပ်ငန်းက ဒေါ်လာသန်း ၃၈၀ လောက် တန်နေတာတွေ တွေ့ခဲ့ရတဲ့အပြင် ကနေဒါက ဝန်ရိုးစွန်း ဝက်ဝံဖြူကြီးတွေဆိုရင်လည်း ဒေါ်လာ ၆.၃ ဘီလျံအထိကို တန်နေတာကို တွေ့ခဲ့ရပါတယ်။ သူတို့ ရရှိထားတဲ့ တန်ကြေးကို တိရစ္ဆာန်အရေအတွက်နဲ့ စားကြည့်မယ်ဆိုရင် တကောင်ကို ဘယ်လောက် တန်မလဲ အကြမ်းအားဖြင့် သိနိုင်ပါတယ်၊ ဒီနည်းနဲ့ တွက်ချက်တဲ့ အခါမှာ ကနေဒါမှာ ဝန်ရိုးစွန်း ဝက်ဝံဖြူကြီး တွေက ကောင်ရေ ၁၆,၀၀၀ လောက်ရှိတာကြောင့် တကောင်ကို ဒေါ်လာ ၄၀၀,၀၀၀ လောက်တန်နေတာကို တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် မကြာသေးခင်ကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ က Ralph Chami နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ တိရစ္ဆာန်တွေရဲ့ တကောင်ချင်း တန်ဖိုးကို သိရဖို့ ဒီထိပိုပြီး တိကျတဲ့ နည်းတွေ သုံးခဲ့ကြပါတယ်။ သူတို့ရည်ရွယ်ချက်က အာဖရိ ဆင်တကောင်နဲ့ တောင်အမေရိက ကမ်းလွန်ပင်လယ်ထဲမှာ ကျက်စားကြတဲ့ ဝေလငါးကြီးတွေရဲ့ တကောင်ချင်း တန်ဖိုးတွေကို တွက်ချက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို အကောင်ကြီးမျိုးစုတွေဟာ သဘာဝ ခရီးသွားလုပ်ငန်းတွေအတွက်လည်း ဝန်ဆောင်မှု ပေးနေကြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဆင်တွေနဲ့ ဝေလငါးတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာနဲ့ စားသောက်ပုံတွေနဲ့ ကာဗွန်လျှော့ချရေးတွေမှာ တစ်ဖက်တစ်လမ်းက ကူညီပေးနေကြပြန်ပါတယ်။
တိရစ္ဆာန်တွေရဲ့ ကာဗွန် လျှော့ချမှု တွေကို ကြည့်ပြီး Chami အဖွဲ့က တွက်ချက်ကြည့်ခဲ့ရာမှာ ဆင်တကောင်ဟာ ဒေါ်လာ ၁.၈ သန်း တန်တာကို တွေ့ခဲ့ရပြီး ဝေလငါးတကောင်ဟာလည်း အဲဒီလောက်ပဲ တန်ဖိုးရှိနေတာကို တွေ့ခဲ့ကြရပါတယ်။ Minke ဝေလငါး တကောင်ကို ဒေါ်လာ ၁၆၅,၀၀၀ လောက်တန်ရာကနေ ဝေလငါးပြာ တကောင်ဆိုရင် ဒေါ်လာ ၄ သန်း လောက်အထိ တန်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဝေလငါး အများစုရဲ့ တန်ဖိုးကတော့ တကောင်ကို ဒေါ်လာ ၂ သန်းလောက် တန်နေတာကို တွက်ချက် သိရှိခဲ့ကြရပါတယ်။
Chami တို့အဖွဲ့က ဒီလို တွက်ချက်နိုင်ခဲ့တာကြောင့် တကောင်ချင်းစီကို တန်ဖိုးထားလာကြဖို့ အထောက်အကူဖြစ်စေတယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပိုပြီး စိတ်ဝင်စားလာကြစေတယ်လို့ ပြောပါတယ်။ သဘာဝ သားရိုင်း တိရစ္ဆာန် ထိန်းသိမ်စောင့်ရှောက်ရေး လုပ်နေကြတဲ့ WWF လိုအဖွဲ့တွေဟာ ဆိုရင်လည်း ဒီလို တိရစ္ဆာန်ကြီးတွေရဲ့ နှစ်လိုဖွယ်ရာ ပုံရိပ်တွေကို အသုံးပြုပြီး အလှူငွေတွေ ကောက်ခံနေကြတာ ဖြစ်ပါတယ်။ ဆင်တကောင်ရဲ့ တန်ဖိုးကိုသာ သဘာဝ သားရိုင်း ထိန်းသိမ်းစောင့်ရှောက်ရေးတွေမှာ သုံးနိုင်မယ်ဆိုရင် လူတွေကို ဆင်တွေအကြောင်း ပိုသိနားလည်လာစေမယ်။ သူတို့ရဲ့ ကာဗွန်လျှော့ချရေးမှာ အထောက်အကူပြုနိုင်ပုံတွေကြောင့် လူတွေအနေနဲ့ ဆင်တွေနဲ့ သူတို့ရဲ့ စားကျက်မြေ ထိန်းသိမ်း စောင့်ရှောက်ရေးတွေမှာ ပိုပြီး အားစိုက်လာကြစေနိုင်မယ်လို့ ပြောပါတယ်။
တစ်ဖက်မှာလည်း ဆင်နဲ့ ဝေလငါးတွေကို ဖမ်းဆီး သတ်ဖြတ်သူတွေ၊ တရားမဝင် အရောင်းအဝယ်လုပ်သူတွေကိုလည်း ဒဏ်ငွေ ချမှတ်တာမျိုးတွေ လုပ်နိုင်လာမှာ ဖြစ်ပါတယ်။ ဆင်တကောင်ရဲ့ သတ်မှတ်တန်ဖိုးက မှောင်ခိုဈေးကွက်မှာထက် အများကြီး ပိုပါတယ်။ မှောင်ခို ဈေးကွက်မှာတော့ ဆင်စွယ်တချောင်းဟာ ဒေါ်လာ ၂၀,၀၀၀ လောက် တန်ပါတယ်။ နောက်ပြီး ဘရာဇီး ကမ်းလွန်က ဝေလငါး ပြာကြီးတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ ငါးဖမ်းသင်္ဘောတိုင်းကိုလည်း ဝေလငါးတကောင်ရဲ့ တန်ကြေးအတိုင်း ဒဏ်တပ်သင့်တယ်လို့ Chami နဲ့ အဖွဲ့က ပြောကြပါတယ်။
ဒီလို ဆိုပေမယ့် ဆင်နဲ့ ဝေလငါးတွေဟာ တိရစ္ဆာန်လောကမှာ တန်ဖိုးအကြီးဆုံး တိရစ္ဆာန်တွေပါလို့ မပြောနိုင်သေးပါဘူး။ တကယ်တော့ သဘာဝသားရိုင်း တိရစ္ဆာန်တွေအကုန်လုံးကို လေ့လာ သုံးသပ်တွက်ချက်မှုတွေ မပြုနိုင်သေးသမျှ ဘယ်တိရစ္ဆာန်ဟာ တန်ဖိုး အများဆုံးလည်း ပြောနိုင်ဖို့ ခက်ပါတယ်။ ဒီလို လုပ်နိုင်ခဲ့ရင်တောင် နှိုင်းယှဥ်ကြည့်ဖို့က ခက်ပါတယ်။ အသုံးပြုတဲ့ နည်းလမ်းတွေ မတူညီနိုင်သလို သူတို့ရဲ့ အကျိုးပြုပုံတွေကိုလည်း အကုန်သိနိုင်မှာ မဟုတ်ပါဘူး။ နောက် တိရစ္ဆာန်တွေနဲ့ သဘာဝ ဂေဟစနစ်တွေအကြားက ဆက်နွယ်မှုတွေ ကိုလည်း တခုချင်း ထုတ်ပြဖို့ဆိုတာ ခက်မှာ ဖြစ်ပါတယ်။
ဆိုတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး တိရစ္ဆာန်က ဘာဖြစ်မလဲ။ လွယ်လွယ် ဖြေဖို့ ခက်ပါတယ်။ ဈေးကွက် တန်ဖိုးတခုတည်းကိုပဲ အခြေခံပြီး ပြောကြေး ဆိုရင်တော့ ပြိုင်မြင်းတွေက ရှေ့ဆုံးပဲ ပန်းဝင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာလေ တွေ့ရှိလေ ဆိုသလို တချို့ တိရစ္ဆာန်တွေကို တန်ကြေးသတ်မှတ် ဝယ်ယူမယ်ဆို ဖြစ်နိုင်ပေမယ့် တချို့ကတော့ ပိုင်ဆိုင်ချင်လို့ ဈေးဘယ်လောက်ပေးပေး ဝယ်ယူလို့ ရနိုင်မှာ မဟုတ်ပါဘူး။
အခု ပြောပြခဲ့တဲ့ အထဲမှာ တိရစ္ဆာန်တမျိုးအကြောင်း ပြောဖို့ ကျန်နေပါသေးတယ်။ အဲဒီတိရစ္ဆာန်ကတော့ ကမ္ဘာပေါ်မှာ ငွေကြေးအရ တန်ဖိုး အမြင့်ဆုံးလို့ ပြောမယ်ဆိုရင်တောင် ငြင်းဖို့ ခက်ပါတယ်။ သူတို့ကတော့ ပန်ဒါဝက်ဝံကြီး တွေပဲဖြစ်ပါတယ်။ Guinness ကတော့ ကမ္ဘာပေါ်မှာ တိရစ္ဆာန်ရုံတွေအတွက် ဈေးအကြီးဆုံး မျိုးစိတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘာကြောင့်ပါလဲ။ ကမ္ဘာပေါ်မှာ ရှိသမျှ ပန်ဒါဝက်ဝံတွေအကုန်လုံးကို တရုတ်က ပိုင်ပါတယ်။ ကမ္ဘာပေါ်က တိရစ္ဆာန်ရုံတွေ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုက တိရစ္ဆာန်ရုံတွေမှာ သူတို့ကို ပြသဖို့ တနှစ်ကို ဌားရမ်းခ ဒေါ်လာ ၁ သန်းပေးရပါတယ်။ ပန်ဒါတကောင်ဟာ လှောင်အိမ်ထဲမှာ အနှစ် ၂၀ ကျော်လောက်အထိ ရှင်သန်နိုင်တယ်ဆိုရင် တန်ဖိုးကို တွက်ကြည့်လို့ ရပါပြီ။ ဒီကြားထဲ သားပေါက်ပြီ ဆိုရင်တော့ တကောင်ကို ဒေါ်လာ ၆၀၀,၀၀၀ ပေးရဦးမှာ ဖြစ်ပါတယ်။
ရှားပါးမှု၊ ယဥ်ကျေးမှု တန်ဖိုး၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် အကုန်အကျတွေအပြင် ပန်ဒါ သံတမန်ရေးလို့ဆိုကြတဲ့ သူတို့ကို ငှားရမ်းမှုကို အရင်းခံပြီး ဒေါ်လာသန်း ရာပေါင်းများစွာ တန်တဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေကိုပါ ထည့်တွက်လိုက်ရင် သူတို့ တန်ဖိုးက မြင့်သည်ထက် မြင့်မားသွားဖို့ပဲ ရှိပါတယ်။
ဆိုတော့ ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန် တွေထဲမှာ ပန်ဒါတွေ၊ ဆင်တွေ၊ ဝေလငါးတွေ၊ ခွေးတွေ၊ ကြောင်တွေနဲ့ မြင်းတွေလို မျိုးစိတ်အလိုက် တန်ဖိုးကြီးကြီး ပေးရတဲ့ တိရစ္ဆာန်တွေ ရှိနေပြီး သူတို့တွေရဲ့ တန်ကြေးတွေကို ပေါင်းရင်တော့ ဘီလျံပေါင်းများစွာ ရှိမှာ ဖြစ်ပါတယ်။
ပြီးတော့ Big Dave လို့ခေါ်တဲ့ ဘဲကြီးကလည်း တိရစ္ဆာန်လောကရဲ့ ဈေးအကြီးဆုံးတော့ မဟုတ်ပေမယ့် သူ့အတန်းမှာ သူလည်း သမိုင်းဝင် ဖြစ်လို့ နေပါတယ်။ သူ့ပိုင်ရှင် Graham Hicks အတွက်ကတော့ Big Dave ရဲ့ တန်ကြေးက သိပ်အရေးမပါလှပါဘူး။ ကိုယ်တိုင် မွေးမြူခဲ့သူလည်း ဖြစ်တဲ့ သူ့အတွက် Big Dave ဟာ အဖော်မွန်ကောင်းဖြစ်ပြီး အခုလို မခွဲဘဲ အတူ ဆက်ရှိနေမယ့် အတွက်လည်း အပျော်ကြီး ပျော်နေရှာပါတော့တယ်။