တရုတ်ကို တုံ့ပြန်ဖို့ အမေရိကန် ဗြိတိန် သြစတြေးလျတို့ အောကတ်စ် စာချုပ်ချုပ်ဆို

အမေရိကန်၊ ဗြိတိန် နဲ့ သြစတြေးလျနိုင်ငံတွေက အာရှပိစိဖိတ်ဒေသအတွင်းမှာ သမိုင်းဝင်တဲ့ လုံခြုံရေးဆိုင်ရာစာချုပ် တခုကို ချုပ်ဆိုလိုက်ပြီလို့ ကြေညာလိုက်ပါတယ်၊ ကြည့်ရတာတော့ ဒေသတွင်းမှာ တရုတ်ကို တုံ့ပြန်ထိန်းညှိဖို့ကြိုးစားတဲ့ပုံပါ။

ဒီစာချုပ်အရ သြစတြေးလျနိုင်ငံဟာ နျူကလီးယားစွမ်းအင်နဲ့ မောင်းနှင်တဲ့ ရေငုပ်သင်္ဘောတွေ ကို ပထမဆုံးအကြိမ်အဖြစ် တည်ဆောက်နိုင်တော့မှာပါ၊ နည်းပညာကိုတော့ အမေရိကန်က ပေးပါလိမ့်မယ်။

AI ဉာဏ်ရည်တုနည်းပညာအပါအဝင် တခြား နည်းပညာတွေပါ အကူအညီပေးကြမယ့် ဒီ အောကတ်စ် (Aukus) စာချုပ်ဟာ ဆယ်စုနှစ်တွေများစွာအတွင်း နိုင်ငံတွေကြား အကြီးမားဆုံးသော ကာကွယ်ရေး မဟာမိတ်ဖွဲ့ကြဖို့ သဘောတူညီချက်တွေထဲက တစ်ခုပဲလို့ သုံးသပ်သူတွေက မှတ်ချက်ချပါတယ်။

တရုတ်က ဒီစာချုပ်ဟာ "သိပ်ကိုတာဝန်မဲ့တဲ့"စာချုပ်ပဲလို့ ဆိုကာ ရှုတ်ချပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဒီစာချုပ်ဟာ "ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပြင်းပြင်းထန်ထန်ထိခိုက်စေတယ်၊ လက်နက်ပြိုင်ဆိုင်မှုကို အားမြှင့်စေတယ်"လို့ပြောပါတယ်။

ဝါရှင်တန်က တရုတ်သံရုံးက ဒီနိုင်ငံတွေဟာ "စစ်အေးတိုက်ပွဲကာလက စိတ်နေ သဘောထားတွေကို ကိုင်စွဲနေသလို၊ အတွေးအခေါ်မတူမှုတွေကို အာဃာတတွေ ထားတုန်းပဲ"လို့ စွပ်စွဲပါတယ်။

ရေငုပ်သင်္ဘော ၁၂ စီး တည်ဆောက်ပေးမယ်ဆိုတဲ့ သြစတြေးလျနဲ့ သဘောတူချက် အခုတော့ပျက်သွားတဲ့အတွက် ပြင်သစ်ကတော့ ဒီစာချုပ်နဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ပြောနေပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ယန်အိ လက်ဒညာက"ဒါက နောက်ကျောကနေ ဓားနဲ့ထိုးတာပဲ" လို့ France Info ရေဒီယို အသံလွှင့်ဌာနကို ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နဲ့ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်ဆန်တို့ အွန်လိုင်းကတစ်ဆင့် လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒီ မဟာမိတ်လက်တွဲမှု အသစ်ကို ကြေညာလိုက်တာပါ။

ခေါင်းဆောင် ၃ ယောက်ဟာ တရုတ်နိုင်ငံလို့ ထည့်ပြီး မသုံးစွဲပေမယ့် ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေက "သိပ်ကိုကြီးမားလာတယ်" လို့ သူတို့အားလုံးက ပြောကြ ပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန် ဝေါလေ့စ်က ဘီဘီစီကို ပြောရာမှာ တရုတ်ဟာ "သမိုင်း တစ်လျောက်ပြန်ကြည့်ရင် အခုအချိန်မှာ စစ်ရေးအသုံးစားရိတ်အများဆုံးသုံးနေတဲ့ နိုင်ငံတွေ ထဲက တစ်ခု စဖြစ်နေပြီ" လို့ ထည့်သွင်းပြောပါတယ်။

"သူ့ရဲ့ ရေတပ်နဲ့ လေတပ်အင်အားကိုလည်း အလျင်အမြန်နဲ့ တိုးချဲ့နေတယ်၊ အငြင်းပွား နေကြတဲ့ ဧရိယာတွေမှာလည်း သူတို့က အထင်အရှားကိုပဲ ပါဝင်လာတယ်"၊ "အဲဒီ ဒေသတွင်းက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကို သူတို့ရဲ့ခြေထောက်မှာ သူတို့ ခိုင်ခိုင်မာမာ ရပ်နိုင်ဖို့ အားပေးလိုတယ်" လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ဘေဂျင်းဟာ တောင်တရုတ်ပင်လယ်ထဲမှာလိုမျိုး အငြင်းပွားစရာ နေရာတွေမှာ တင်းမာမှုတွေကို ပိုမြင့်လာစေတယ်လို့ စွပ်စွဲတာတွေ ခံနေရပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီစာချုပ်ဟာ "ကမ္ဘာတစ်ဝန်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်ဖို့" ဆိုတာနဲ့၊" အဆင့်မြင့် နည်းပညာ ကျွမ်းကျင်သူတွေ အတွက် အလုပ်တွေ ရာနဲ့ချီပြီး" ဖန်တီးပေးနိုင်လိမ့်မယ်ဆိုတာကို ကြာသပတေးနေ့က ပြောသွား ပါတယ်။

ပြင်သစ်နဲ့ သူတို့ရဲ့ ဆက်ဆံရေးကလည်း "ကျောက်စိုင်လို ခိုင်မာ" ပါတယ်လို့ သူက ပြောပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဒီ ၃ နိုင်ငံအကြား လုံခြုံရေး အစီအမံနဲ့ ပတ်သက်လို့ ဒီ အောကတ်စ် မဟာမိတ်ဖွဲ့မှုဟာ အရေးပါအထင်ရှားဆုံးပဲလို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒီစာချုပ်ဟာ စစ်ရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတွေကို အာရုံထားလုပ်သွားမှာဖြစ်ပြီး ဒီစာချုပ်ဝင် ၃ နိုင်ငံနဲ့အတူ နယူးဇီလန်နဲ့ ကနေဒါတို့ပါ ပါဝင်ပြီး ထောက်လှမ်းရေးသတင်းတွေမျှဝေဖို့ ဖွဲ့စည်းထားတဲ့ မျက်လုံး ၅ လုံး (Five Eyes) မဟာမိတ်ပြုမှု နဲ့ သပ်သပ်စီဖြစ်တယ်လို့ ဆိုကြပါတယ်။

သြစတေးလျအတွက် ရေငုပ်သင်္ဘောတွေတည်ဆောက်ဖို့ အစီအစဉ်အကြီးအမားအပြင် အောကတ်စ်မှာ ဆိုင်ဘာ စွမ်းဆောင်မှုတွေ၊ ပင်လယ်ရေအောက်နဲ့ ပတ်သက်တဲ့ နည်းပညာတွေ မျှဝေတာတွေလည်း ပါဝင်မှာပါ။

ပူးတွဲထုတ်ပြန်ချက်မှာ "အင်ဒို ပိစိဖိတ်ဒေသအတွင်း အတူစံထားကြတဲ့ တန်ဖိုးတွေကို ကာကွယ်ဖို့၊ လုံခြုံရေးနဲ့ ကြွယ်ဝတိုးတက်မှုကို မြှင့်တင်ဖို့ စတာတွေအတွက် အခုစာချုပ်ဟာ သဘောထားတူတဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ အတူ ဒီ ၃ နိုင်ငံတို့အဖို့ သမိုင်းဝင် အခွင့်အရေးပဲ" လို့ ရေးထားပါတယ်။

ပိစိဖိတ်ကျွန်းစုတွေမှာ တရုတ်က အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း အနောက်နိုင်ငံတွေက စိုးရိမ်ကြပါတယ်၊ အနောက်နိုင်ငံတွေက သြစတြေးလျလို နိုင်ငံအပေါ် တရုတ်က ကုန်သွယ်ရေးပိတ်ဆို့အရေးယူတာတွေကိုလည်း ဝေဖန်နေကြတာပါ။

သြစတြေးလျဟာ အတိတ်မှာတုန်းကတော့ တရုတ်နဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်း ထားနိုင်ခဲ့ပါတယ်၊ တရုတ်ဟာ သူတို့ရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအရတင်းမာမှုတွေအလယ်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ၂ နိုင်ငံကြား ဆက်ဆံရေးက ကျိုးပျက်သွားပါတယ်။

အခုတော့ သြစတြေးလျအဖို့ ပြင်သစ်နဲ့လည်း တင်းမာတာဖြစ်လာမယ့်ပုံပါ၊ သူတို့ ဖျက်လိုက်တဲ့ ပြင်သစ်နဲ့ ရေငုပ်သင်္ဘော ၁၂ စင်း ကိစ္စက သြစတြေးလျ ဒေါ်လာ ၅၀ ဘီလျံ တန်တဲ့ စီမံချက်ပါ။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လက်ဒညာက "သြစတြေးလျနဲ့ ယုံယုံကြည်ကြည် ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြတယ်၊ အခုတော့ ဒီယုံကြည်မှုကို သစ္စာဖောက်တာ ခံလိုက်ရတယ်"လို့ ပြောပါတယ်။

ဘာကြောင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ လုပ်တာလဲ

ဒီလို ရေငုပ်သင်္ဘောတွေက ပုံမှန်သမားရိုးကျ ရေငုပ်သင်္ဘောတွေထက်စာရင် ပိုပြီးတော့ မြန်မြန်သွားနိုင်သလို၊ သူတို့ကို စုံစမ်းစောင့်ကြည့်နိုင်တဲ့ စနစ်တွေကိုလည်း ပိုကောင်းအောင် လုပ်ရဖို့ဖြစ်စေပါတယ်။ သူတို့ဟာ ရေအောက်ထဲမှာ လနဲ့ချီပြီး နေနိုင်သလို၊ မစ်ဇိုင်းအရေအတွက် ပိုများများသယ်နိုင်ပြီး ပိုဝေးဝေး ကိုလည်း ပစ်နိုင်ပါတယ်။

ဒီလို ရေငုပ်သင်္ဘောတွေကို သြစတြေးလျမှာ တပ်ဆင်လာတာဟာ ဒေသအတွင်း အမေရိကန် လွှမ်းမိုးမှုကြီးလာစေတာလို့ ဝေဖန်တာတွေ ရှိနေကြောင်းလည်း သုံးသပ်သူတွေက ပြောပါ တယ်။

အမေရိကန်ဟာ သူ့ရဲ့ ရေငုပ်သင်္ဘောဆိုင်ရာ နည်းပညာနဲ့ ပတ်သက်ပြီး နှစ်ပေါင်း ၅၀ တာ ကာလ အတ္ငင်းမှာ ပထမဆုံး တခြားနိုင်ငံကို ဝေမျှပေးတာလည်း ဖြစ်ပါတယ်။ အဲဒီကာလ မတိုင်ခင်က ရေငုပ်သင်္ဘောဆိုင်ရာ နည်းပညာမျိုးကို ဗြိတိန်နိုင်ငံဆီကိုသာ သူတို့ မျှပေး ဖူးပါတယ်။

ကမ္ဘာမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားစတဲ့ ၆ နိုင်ငံ မှာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေရှိကြပြီး အခု သြစတြေးလျ နိုင်ငံ ထပ်တိုး လာမှာပါ။

သြစတြေးလျက သူတို့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ဖို့ လုံးဝ ရည်ရွယ်မှာ မဟုတ်ဘူး ဆိုတာကို ထပ်ပြီး အတည်ပြုပြောပါတယ်။

နယူးဇီလန်ကတော့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ လက်ရှိမူဝါဒ အတိုင်း သူတို့ ရေပိုင်နက်ထဲကို သြစတြေးလျရဲ့ အဲဒီ ရေငုပ်သင်္ဘောတွေ မဝင်နိုင်အောင် တားမြစ်မယ်လို့ ဆိုပါတယ်။

နယူးဇီလန်ဟာ မျက်လုံး ငါးလုံး သဘောတူညီချက်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်ပေမဲ့ ပိစိဖိတ်ဒေသအတွင်းမှာ အမေရိကန်နဲ့ ဖြစ်စေ၊ တရုတ်နဲ့ ဖြစ်စေ မဟာမိတ်လုပ်ဖို့ကိုတော့ သတိပိုကြီးကြီးထားနေတာ တွေ့ရပါတယ်။

ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်း က အခု အောကတ်စ်စာချုပ် ချုပ်ကြရာမှာ သူတို့ နိုင်ငံကို ကမ်းလှမ်းဆက်သွယ်ခဲ့တာမျိုး မရှိဘူးလို့ ပြောပါတယ်။