အာဖဂန်နစ္စတန်ကို အရေးပေါ်အကူအညီ ဒေါ်လာ ၃၁ သန်း ပေးဖို့ တရုတ် ကတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန်နစ္စတန်နိုင်ငံအတွက် အစားအစာထောက်ပံ့မှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ အပါအဝင် ယွမ်ငွေ သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) နဲ့ညီမျှတဲ့ အကူအညီတွေ ပေးမယ်လို့ တရုတ်က ကတိပေးလိုက်ပါတယ်။
တာလီဘန်အစိုးရနဲ့ ဆက်ဆံဆောင်ရွက်ဖို့ အဆင်သင့်ရှိမှုကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဘေဂျင်းမှာရှိတဲ့ အစိုးရက ပြောနေတဲ့အချိန်မှာ အခုလို အကူအညီပေးတာတွေ ဖြစ်ပေါ် လာတာပါ။
တာလီဘန်တို့ ကြားဖြတ်အစိုးရဖွဲ့စည်းလိုက်တာဟာ "တည်ငြိမ်မှုကို ပြန်လည်ရရှိနိုင်ဖို့ အတွက် လိုအပ်တဲ့ခြေလှမ်း" ဖြစ်တယ်လို့လည်း တရုတ်အစိုးရက ဆိုပါတယ်။
တာလီဘန်တို့က အာဖဂန်နိုင်ငံကို "အစ္စလာမ်မစ်နိုင်ငံ" အဖြစ်ကြေညာပြီး ကြားဖြတ်အစိုးရကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကြေညာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သူတို့နိုင်ငံအနေနဲ့ တာလီဘန်အစိုးရကို အသိအမှတ်ပြု ဖို့က "အဝေးကြီးမှာပဲ ရှိနေသေးတယ်"လို့ ပြောပါတယ်။
ဒီလိုအခြေအနေမှာ တရုတ်က မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက အာဖဂန်နစ္စတန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ အီရန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်တို့က နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဗုဒ္ဓဟူးနေ့မှာလုပ်တဲ့ ဆွေးနွေးတဲ့ပွဲမှာ အခုလို အာဖဂန်နစ္စတန်ကို အကူအညီပေးမယ့် အကြောင်း ကြေညာခဲ့တာပါ။
တရုတ်ဟာ အာဖဂန်နစ္စတန်အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးပေါင်း ၃ သန်းပေးမယ်လို့ လည်းဆိုသလို၊ အာဖဂန်နစ္စတန်ကို ကူညီရေးမှာ အဲဒီအိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်တွေက "ကသောင်းကနင်း ဖြစ်သွားအောင်လုပ်ခဲ့တာ" လို့ တရုတ်နိုင်ငံက ပြောသလို အမေရိကန်တို့ အာဖဂန်က ဆုတ်ခွာတာနဲ့ပတ်သက်ပြီး ကျယ်ကျယ် လောင်လောင် ဝေဖန်ခဲ့တာပါ။
တရုတ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တယောက်က အမေရိကန်တို့ဟာ "သူတို့ စတင်ပြီး အာဖဂန်နစ္စတန်ကို ဝင်ရောက်ချိန် ကတည်းကနေ ထွက်ခွာတဲ့ နောက်ဆုံးမိနစ်အထိ အာဖဂန်ပြည်သူတွေအပေါ်မှာ ကြီးမားတဲ့ ထိခိုက်မှုတွေ"ကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
"အာဖဂန်နစ္စတန်မှာ အမေရိကန်တို့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းလုပ်ခဲ့တာတွေကိုကြည့်မယ်ဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရေး ကြားဝင်ဆောင်ရွက်တာတွေ၊ ကိုယ့်ရဲ့ အတွေးအမြင်နဲ့ တန်ဖိုးထားမှုတွေကို တခြားသူတွေဆီကို အတင်းအကြပ် သွတ်သွင်းတာတွေရဲ့ အကျိုးဆက် တွေကို ကျွန်တော်တို့ အနေနဲ့ ရှင်းလင်းလှတဲ့ ဥပမာတွေအဖြစ် မြင်လိုက်ရတာပဲ"လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝန် ဝန်ဘင်းက ပြောပါတယ်။
တာလီဘန်အရာရှိတွေက တရုတ်ကို အာဖဂန်နစ္စတန်ရဲ့ အရေးအကြီးဆုံး မိတ်ဆွေနိုင်ငံလို့ သတ်မှတ်သုံးနှုန်းထားပြီး စစ်ဘေးဒဏ်ခံခဲ့ရတဲ့ နိုင်ငံကို ပြန်တည်ဆောက်နိုင်ဖို့အတွက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ အကူအညီပေးမှုတွေကို မျှော်လင့်ကြောင်း အလေးထား ပြောနေပါတယ်။
ဘေဂျင်းဘက်ကလည်း တာလီဘန်တို့နဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်နိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းအားထုတ်နေတာပါ။
တာလီဘန်တို့ အာဖဂန်နစ္စတန်ကို မထိန်းချုပ်နိုင်ခင် အချိန် ဇူလိုင်လအတွင်းမှာ ကတည်းက တာလီဘန် ကိုယ်စားလှယ်တွေကို တရုတ်က ဖိတ်ခေါ်ခဲ့ပြီး အာဖဂန်အတွက် စီးပွားရေး ဆိုင်ရာ အကူအညီတွေကမ်းလှမ်းခဲ့သလို၊ တဖက်မှာလည်း အာဖဂန်မြေဟာ အကြမ်းဖက် သမားတွေ အသုံးပြုရာမြေ မဖြစ်စေဖို့ကိုလည်း တွန်းတွန်းတိုက်တိုက် ပြောခဲ့ပါတယ်။
ဒါပေမဲ့လည်း ဘေဂျင်းကအစိုးရ အနေနဲ့ တာလီဘန်ကို လက်မခံလိုကြတဲ့ တရုတ်ပြည်သူတွေ ထဲက တချို့အသိုင်းအဝိုင်းတွေကိုတော့ သူတို့ရဲ့ မိတ်ဆွေဖွဲ့တဲ့ အရေးကိစ္စကို လက်ခံနိုင်အောင် ကြိုးပမ်းနေရဆဲပါ။









