အာဖဂန်နစ္စတန်- ကာဘူးလ်မှာ ထပ်တိုက်ခိုက်ခံရနိုင်တဲ့ သတင်း အမေရိကန်ရထား

အာဖဂန်နစ္စတန်ကို စွန့်ခွာထွက်ပြေးသူတွေ

ဓာတ်ပုံ ရင်းမြစ်, MOD

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဒီနေ့ အတွက် ပြုလုပ်ခဲ့တဲ့ ပင်တဂွန်ရဲ့ နေ့စဥ် သတင်းစာ ရှင်းလင်းပွဲမှာ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မှာ နောက်ထပ် တိုက်ခိုက်မယ့် အန္တရာယ်တွေ ရှိနေသေးကြောင်း သတိပေးလိုက်ပါတယ်။

နောက်ထပ် သတင်းအချက်အလက်တွေ ရရှိထားကြောင်း သူတို့ အနေနဲ့ အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေတဲ့အကြောင်း ပြောပါတယ်။

နောက်ထပ် တိုက်ခိုက်မယ့် အန္တရာယ်တွေ ရှိနေတယ်၊ တချို့ အန္တရာယ်တွေက အလေးထားရမယ့် အထဲတောင်ပါတယ်လို့ ဆိုပါတယ်။ အမေရိကန် စစ်ဘက်အနေနဲ့ နောက်ထပ် ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်ထားပြီး ဖြစ်ကြောင်းပြောပါတယ်။

မနေ့ညနေပိုင်းက ကာဘူးလ်လေဆိပ်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေအပါအဝင် လူရာချီ သေဆုံးခဲ့ပါတယ်။

ပင်တာဂွန်ပြောခွင့်ရ ဂျွန်ကာဘီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပန်တာဂွန်ပြောခွင့်ရ ဂျွန်ကာဘီ

ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှု ခံယူနိုင်ဖို့ ဂျာမနီကို ပို့ပေးလိုက်ပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီး အမေရိကန်အနေနဲ့ ကယ်ဆယ်ရေး လေကြောင်း ခရီးစဥ်တွေကို နောက်ဆုံးထား ထွက်ခွာရမယ့် သြဂုတ်လ ၃၁ ရက် နောက်ဆုံး အချိန်အထိ လုပ်သွားမှာ ဖြစ်တယ်လို့ မစ္စတာ ကာဘီက ပြောပါတယ်။

လက်ရှိအချိန်အထိ ကာဘူးလ်လေဆိပ်ကနေ လူပေါင်း ၁၁၀,၀၀၀ ကို ကယ်ဆယ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

နောက်ထပ် လူပေါင်း ၅,၄၀၀ လောက် ကယ်ဆယ်ရေး ခရီးစဥ်တွေမှာ လိုက်ပါခွင့်ရဖို့ လေဆိပ်မှာ ဆက်လက် စောင့်စားနေကြပါတယ်။

ပေါက်ကွဲမှု ဖြစ်စဥ် လူတွေ ရာချီ လေဆိပ်မပြင်မှာ စောင့်ဆိုင်းနေခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှု ဖြစ်စဥ် လူတွေ ရာချီ လေဆိပ်မပြင်မှာ စောင့်ဆိုင်းနေခဲ့ကြ

အမေရိကန် စစ်တပ်တွေ ရုပ်သိမ်းသွားပြီးရင်တောင်မှ အမေရိကန်ဟာ အာဖဂန်နစ္စတန်ထဲကနေ လေကြောင်းခရီးစဥ်တွေ ဆက်လက် ထွက်ခွာသွားနိုင်ရေးအတွက် နည်းလမ်းသစ်တွေ ထပ်ရှာသွားမယ်လို့ ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို လုပ်ခဲ့တယ်လို့ ဆိုတဲ့ ဂျီဟဒ်ဝါဒီ အဖွဲ့ နဲ့ ပတ်သက်လို့တော့ အမေရိကန်ဟာ အဲဒီအဖွဲ့ကို အင်မတန် အလေးထားတဲ့ အကြောင်း၊ ဒီအဖွဲ့ရဲ့ အန္တရာယ် ဒီထက် ကြီးမားလာမှာကို ဘယ်သူမှ မြင်ချင်ကြမှာ မဟုတ်ကြောင်းနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က အာဖဂန်နစ္စတန်ကနေ အခြေပြုပြီး အမေရိကန်မြေပေါ်မှာ လာရောက် တိုက်ခိုက်တာမျိုးတွေ ထပ်ပြီး ဖြစ်လာအောင် ခွင့်မပြုနိုင်ဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကာဘူးလ် ဗုံးခွဲတိုက်ခိုက်မှု အတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ ကြိုးစာကြဖို့ တိုက်တွန်းလိုက်ပါတယ်။ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှုကို စီစဥ်ခဲ့သူတွေ၊ ငွေကြေး ထောက်ပံ့သူတွေနဲ့ပါဝင် ပတ်သက်သူတွေကို တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့ လုပ်သွားမယ်လို့ သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ ကာဘူးလ် ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူပေါင်း ၁၇၀ အထိ ရှိလာပြီ ဖြစ်တယ်လို့ ကျန်းမာရေး အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲပြီးနောက်

ဓာတ်ပုံ ရင်းမြစ်, AFP

ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ ကာဘူးလ်က ဟာမစ်ခါဇိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်က အက်ဘီ ဂိတ် ဆိုတဲ့ ဝင်ပေါက် နေရာမှာ တန်းစီနေတဲ့ အရပ်ပြည်သူတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ အမေရိကန် တပ်ဖွဲ့ဝင် ၁၃ ယောက်နဲ့ ဗြိတိသျှ ၂ ယောက်အပြင် ဗြိတိန်နိုင်ငံသား တယောက်ရဲ့ ကလေးတယောက်လည်း ပါတယ်လို့ ဆိုပါတယ်။ အသေခံဗုံးခွဲသမားက အဲဒီ ဝင်ပေါင် အပြင်မှာ စောင့်နေကြတဲ့ မိသားစုတွေထဲကို ဝင်သွားပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဘဲန် ဝေါလေ့စ်က ပြောပါတယ်။