အာဖဂန်အမျိုးသမီးတွေ အစ္စလာမ်မစ် ဥပဒေဘောင်အတွင်းက အခွင့်အရေးတွေကို ရမယ်လို့ တာလီဘန်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန်နစ္စတန်က အမျိုးသမီးတွေဟာ "အစ္စလာမ်မစ်ဥပဒေရဲ့ မူဘောင်ထဲက" အခွင့်အရေးတွေကို ခံစားကြရမယ်လို့ တာလီဘန်အဖွဲ့က ပြောပါတယ်။
နိုင်ငံကို တနင်္ဂနွေနေ့က သိမ်းခဲ့ပြီးတဲ့နောက် သူတို့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် လုပ်ဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာလီဘန် ပြောခွင့်ရ ပုဂ္ဂိုလ်က အမျိုးသမီးတွေဟာ လွတ်လပ်စွာ အလုပ်လုပ်ခွင့်ရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တခြား စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့တော့ သူက အသေးစိတ်မပြောသွား ပါဘူး။
တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာ မူဂျာဟစ်က အာဖဂန်အားလုံးဟာ "အစ္စလာမ်ဘာသာရဲ့ မူဘောင်အတွင်း"မှာ နေထိုင်ကြရမယ်လို့ ထပ်ခါထပ်ခါ ပြောသွားပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေက တာလီဘန်တွေလက်အောက်မှာ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့် တွေ ပျက်သုဉ်းသွားမှာကို ကြောက်လန့်နေကြပါတယ်။
တာလီဘန်တွေ အာဖဂန်ကို သိမ်းခဲ့ဖူးတဲ့ ၁၉၉၆ နဲ့ ၂၀၀၁ ကြားမှာ အစ္စလာမ်ရဲ့ ဥပဒေ စနစ် ဖြစ်တဲ့ ရှာရီယား ဥပဒေကို သူတို့ မူနဲ့ အဓိပ္ပါယ်ဖော်ထားတဲ့အတိုင်း တင်းတင်းကျပ်ကျပ် ကျင့်သုံးခဲ့ပြီး အပြစ်ပေးတာတွေ၊ အဲဒီလို အပြစ်ပေးပုံတွေကို ထောက်ခံတာတွေ လုပ်ခဲ့ကြပါတယ်။
မျက်နှာနဲ့ တကိုယ်လုံးကို ဖုံးထားရတဲ့ ဘာကာ (burka) ကို အမျိုးသမီးတွေ ဝတ်ရတာတွေ၊ အသက် ၁၀ နှစ်ကျော်တဲ့ အမျိုးသမီးတွေ စာသင်ကျောင်းတွေကို မသွားဖို့ တားမြစ်ခံရတာတွေကို တာလီဘန်ခေတ်မှာ ကြုံခဲ့ကြရပါတယ်။
အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ မူဂျာဟစ်ဟာ တာလီဘန် အစိုးရလက်အောက်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးက ဘယ်လိုဖြစ်လာမှာလဲဆိုတဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ မေးခွန်းပေါင်းများစွာကို ဖြေခဲ့ရပါတယ်။
"ကျွန်တော်တို့ရဲ့ မူဘောင်အတွင်းမှာ ကျွန်တော်တို့က အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်၊ သင်ကြားလေ့လာခွင့် ပေးသွားမှာပါ"လို့ သူက ပြောပါတယ်။ "ကျွန်တော်တို့ လူမှုအသိုင်း အဝိုင်းမှာ အမျိုးသမီးတွေဟာ အလွန်တက်တက်ကြွကြွပါဝင်နေမှာပါ။"
ဒါပေမဲ့ အမျိုးသမီးတွေ ဘယ်လိုဝတ်စားရမယ်ဆိုတဲ့ စည်းမျဥ်းတွေ၊ နိုင်ငံရဲ့ လုပ်ငန်းခွင် တွေထဲမှာ အမျိုးသမီးတွေက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ရမှာလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး မေးကြရာမှာတော့ သူက ရှင်းရှင်းလင်းလင်း ဖြေမသွားပါဘူး။
အင်္ဂါနေ့အစောပိုင်းမှာပဲ တာလီဘန်တွေက အာဖဂန်နစ္စတန် နိုင်ငံတဝန်းမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတာကို ကြေညာပါတယ်။ သူတို့အစိုးရထဲမှာ အမျိုးသမီးတွေ ပါဝင်စေချင်တယ်လို့လည်း သူတို့က ပြောပါတယ်။
အာဖဂန်ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်နှလုံးကို သိမ်းယူသွားနိုင်အောင် တာလီဘန်တွေဟာ အင်မတန် စနစ်ကျအောင် စီမံထားတဲ့ ပီအာ (PR - ပြည်သူ့ ဆက်ဆံရေး) လုပ်နေကြတာ သုံးသပ်လေ့လာသူတွေက ပြောပါတယ်။
အာဖဂန်နစ္စတန်အတွင်းမှာတော့ အုပ်စိုးသူအသစ်တွေကို လက်ခံရတဲ့ ပြည်သူတွေအနေနဲ့ ခံစားချက်တွေက အမျိုးမျိုးပါ။
"သူတို့ပြောတာတွေကို ယုံကို မယုံဘူး"လို့ မူဂျာဟစ်က ပြောတာတွေကို ကြည့်ခဲ့ရတဲ့ ကာဘူးလ်က အမျိုးသမီးတယောက်က ဘီဘီစီ ကိုပြောပါတယ်။
နောက်အမျိုးသမီးတယောက်ကလည်း "ဒါက လှည့်စားလိမ်ညာနေတာ၊ ကျွန်မတို့ကို အပြစ်ပေးနိုင်အောင်အတွက် အပြင်ကို ထွက်လာဖို့ လှည့်စားနေတာ။ သူတို့ ဥပဒေတွေ အောက်မှာ စာသင်ဖို့၊ အလုပ်လုပ်ဖို့ ဆိုတာတွေ ကျွန်မ မလုပ်ဘူး။"
သို့ပေမဲ့လည်း တချို့ကတော့ ဒါတွေက အစပျိုး ကတိပြုချက်တွေလို့ မြင်ကြပါတယ်။
"ကျွန်မတို့ အလုပ်လုပ်နိုင်ဖို့၊ ပညာသင်နိုင်ဖို့ ဆိုတာက ကျွန်မအတွက်တော့ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပါယ်လို့ ခံယူထားတာပါ၊ ဒီ ၂ ချက်ကို ကျွန်မ လုံးဝ အထိမခံနိုင်ဘူး၊ တာလီဘန်တွေ အနေနဲ့ ဒီ ၂ ချက်ကို အခုထိတော့ မထိပါးလာသေးဘူး"လို့ အာဖဂန် အမျိုးသမီးတယောက်က ပြောပါတယ်။
"ကျွန်မရဲ့ သင်ကြားပိုင်ခွင့်၊ အလုပ်လုပ်ခွင့်တို့ကို အကာအကွယ်ပေးထားသမျှ၊ ကျွန်မအနေနဲ့ ခေါင်းစည်းပုဝါ (hijab) ခြုံရမှာကို မမှုပါဘူး၊ ကျွန်မ အစ္စလာမ်မစ် နိုင်ငံတခုမှာနေတာပါ၊ ဆိုတော့ အစ္စလာမ်စ် အဝတ်အစားစည်းမျဉ်းအရ ဝတ်စားရတာကို လက်ခံပါတယ်၊ ဒါပေမဲ့ ဘာကာ (burqa) ကိုလက်မခံပါဘူး၊ ဘာကာက အစ္စလာမ်မစ် အဝတ်အစားစည်းမျဉ်း ထဲမှာလည်း မပါဘူး။"

ဓာတ်ပုံ ရင်းမြစ်, EPA
သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ မူဂျာဟစ်က အောက်ပါအချက်တွေကိုလည်း ပြောသွားပါတယ်။
- တာလီဘန်တွေဟာ အစိုးရ ဖွဲ့ဖို့ လုပ်ဆောင်နေပြီး လာမယ့်ရက်ပိုင်းမှာ ကြေညာမယ်။
- အယ်လ်ခိုင်ဒါး တိုက်ခိုက်ရေးသမားတွေနဲ့ တခြားအစွန်းရောက်တွေကို အာဖဂန်မြေမှာ လက်ခံထား မလားဆိုတဲ့ အမေးကို "တခြားသူတယောက်ကို တိုက်ခိုက်ဖို့အတွက် အာဖဂန်မြေကို ဘယ်သူ့ကိုမှ အသုံးချခွင့်မပေးဘူး"လို့ ဖြေခဲ့ပါတယ်။
- ပြည်လည်ရင်ကြားစေ့ရေးနဲ့ မေးရာမှာ "ကျွန်တော်တို့ ပြည်တွင်းကဖြစ်စေ၊ ပြည်ပက ဖြစ်စေ ဘယ်သူနဲ့မှ ရန်သူမဖြစ်ချင်ပါဘူး။"
- သူက အာဖဂန်ပြည်သူတွေအကြား ကြောက်ရွံ့စိုးရိမ်ချက်တွေကို ဖယ်ရှားလိုတဲ့ အနေနဲ့ အရင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ အလုပ်လုပ်ခဲ့ကြသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လစ်ဇ်ဂျူးဆက်ရဲ့ သုံးသပ်ချက်
အာဖဂန်က မိန်းကလေးတွေ၊ အမျိုးသမီးတွေရဲ့ ဘဝနဲ့ ပတ်သက်ပြီး တာလီဘန်တွေက "အစ္စလာမ်ဘောင်အတွင်းမှာ အခွင့်အရေးအားလုံးကို အာမခံတယ်"ဆိုတဲ့ စကားကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်းမှာလည်း နိုင်ငံတကာက ကိုယ်စားလှယ်တွေ၊ အာဖဂန်တွေ အနေနဲ့ အဲဒါက ဘာအဓိပ္ပာယ်ပါလဲဆိုတာကို ဒိုဟာမှာ အခြေစိုက်နေကြတဲ့ တာလီဘန် ခေါင်းဆောင်တွေကို ရှင်းလင်းအောင်ဖြေပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာမှ သိပ်အဖြေမရခဲ့ပါဘူး။
ဆော်ဒီအာရေးဗီးယား၊ ကာတာ စတဲ့နိုင်ငံတွေအပါအဝင် ရှေးရိုးစွဲ အာရပ် အသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ညွှန်းဆိုချက်တွေကို ကျွန်မတို့ ကြားထား ရပြီးပါပြီ။ တာလီဘန်အဖွဲ့ ထူထောင်တဲ့သူတွေထဲက တယောက်က တက္ကသိုလ်က စာသင်ခန်းတွေမှာ၊ ကျောင်းဝန်းထဲမှာ အမျိုးသမီးနဲ့ အမျိုးသားနေရာတွေကို ခွဲခြားထားမယ်၊ အမျိုးသမီးတွေ အနေနဲ့ သူတို့ရဲ့ဦးခေါင်းကို မကာမနေရ ခြုံကာထားရမယ်လို့ တခါက ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။
ကျေးလက်ကရော၊ မြို့တွေကပါ လောလောလတ်လတ်ရခဲ့တဲ့ သတင်းတွေအရ အမျိုးသမီးသတင်းထောက်တွေ အိမ်ပြန်ကြဖို့ပြောခံရတာ၊ ရုံးခန်းတွေထဲက အမျိုးသမီးတွေရဲ့ အလုပ်တွေက အမျိုးသားတွေ လက်ထဲကို ရောက်သွားတာ စတာ တွေက ဖြစ်နေပါပြီ။ ကန့်သတ်မှုတွေက ဒေသတခုနဲ့ တခု ကွာခြားနိုင်ပါတယ်။
ကာဘူးလ်နဲ့ တခြား မြို့တွေမှာ ချမှတ်တဲ့ စည်းမျဉ်းတွေနဲ့ တခြားနေရာဒေသတွေက စည်းမျဉ်း တွေဟာ နည်းနည်းကွာနိုင်တယ်လို့ အမြဲပြောနေကြတာပါ။ အမျိုးသမီးတွေ အနေနဲ့ ညွှန်ကြားချက်အသစ်တွေ ထွက်လာတာနဲ့အမျှ သူတို့နေရတဲ့ ဘောင်က ဘယ်လောက်ပဲ ကျယ်တယ်ဆိုတာကို ပိုပြီးသိလာကြမှာပါ။








