ကပ်ရောဂါကြား ကျင်းပတဲ့ တိုကျိုအိုလံပစ်ရဲ့ ထူးခြားချက်များ

တိုကျိုအိုလံပစ်စတင်ပြီ ဖြစ်ပါတယ်။ ဒီတကြိမ် အိုလံပစ်က ခါတိုင်းနဲ့တော့ မတူပါဘူး။

ခါတိုင်း အကြိမ်တွေထက် တနှစ်ပို စောင့်ဆိုင်းခဲ့ရတဲ့ တနည်းအားဖြင့် ပြင်ဆင်လေ့ကျင့်ချိန် တနှစ်လောက် ပိုရခဲ့တဲ့ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၀၇ နိုင်ငံက အားကစားသမားပေါင်း ၁၁,၃၀၀ ကျော် ပါဝင် ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကာလ သီတင်း ၂ ပတ်ကျော်အတွင်း နှစ်ပေါင်းများစွာ လေ့ကျင့်ပြင်ဆင်ထားကြတဲ့ ပြိုင်ပွဲဝင်အားကစားသမားတွေ အကြိတ်အနယ် ယှဥ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ မှာ ပြိုင်ပွဲကျင်းပဖို့ ရက်ရွှေ့ဆိုင်းခဲ့ကြပါတယ်။ အဲဒီတုန်းက ကမ္ဘာတဝန်း ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်မှုတွေ အားကောင်းနေစဥ်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲ ကျင်းပရေး ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီအိုလံပစ်က အမှောင်လှိုဏ်ခေါင်းရဲ့ တဘက်စွန်းက အလင်းတစကို မြင်ရသလို ဖြစ်မယ်လို့ ပြောခဲ့ကြဖူးပါတယ်။ အခုပြိုင်ပွဲရဲ့ ဖွင့်ပွဲဟာလည်း အဲဒီလိုပဲ မျှော်လင့်ချက်အလင်းကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ ဥက္ကဌ သောမတ်စ်ဘာ့ခ် က အားကစားသမားတွေ အနေနဲ့ အားကစားကွင်းထဲကို ဝင်လာတာနဲ့ ပျော်ရွှင်မှုတွေ ခံစားရမယ်၊ သူတို့ စောင့်မျှော် နေခဲ့ကြတဲ့ အချိန်ကို ရောက်လာခဲ့ပြီ လို့ ပြောပါတယ်။

ကပ်ရောဂါ အတွင်းက အိုလံပစ်

နှာခေါင်းစည်းတွေတပ်၊ သီးခြားခွဲနေရ၊ ပိုးရှိမရှိ စစ်ကြဆေးကြနဲ့ ဒီတကြိမ် အိုလံပစ်က အတိမ်းအစောင်းမခံ တမူထူးတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

ပြိုင်ပွဲ ကျင်းပတဲ့ တိုကျိုမြို့တော်မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။ ဂျပန် လူထုကလည်း ဒီလိုအချိန်မှာ ပြိုင်ပွဲ ကျင်းပတာကို ဝေဖန်ပြစ်တင်တတ်ကြသလို အများစုက အိုလံပစ်ကို ဖျက်ဖို့ ဒါမှမဟုတ်ရင် ထပ်ပြီး ရက်ရွှေ့ပေးစေချင်ခဲ့ကြပါတယ်။

ပြိုင်ပွဲ ကျင်းပသူတွေကလည်း ဘေးကင်းလုံခြုံမှုကရှိဖို့ကို အလေးထား ဆောင်ရွက်ကြပါတယ်။ ပြိုင်ပွဲကို ပရိသတ်တွေ ပေးမဝင်ဘဲ ကျင်းပဖို့ အထိပါ လုပ်ပေးထားကြပါတယ်။ ကြိုတင်ကာကွယ်မှုတွေလည်း အကြီးအကျယ် လုပ်ပေးထားကြပါတယ်။ ဂျပန်ကပဲဖြစ်ဖြစ် ပြည်ပကပဲ လာလာ ပြိုင်ပွဲ ကျင်းပရာ နေရာတွေကို ပေးမဝင်ပါဘူး။

အားကစား သမားတွေဟာလည်း တင်းကြပ်တဲ့ စည်းကမ်းတွေကို လိုက်နာကြရမှာ ဖြစ်ပါတယ်။ စားချိန်၊ သောက်ချိန်၊ လေ့ကျင့်ချိန်၊ ပြိုင်ပွဲဝင်ချိန်နဲ့ အိပ်ချိန်က လွဲလို့ နှာခေါင်းစည်းတွေ အမြဲတပ်ဆင် ထားကြရမှာ ဖြစ်ပါတယ်။ နောက် အချင်းချင်းလည်း တတ်နိုင်သမျှ ခပ်ကင်းကင်း နေရမှာ ဖြစ်ပြီး ကိုဗစ်-၁၉ ရှိမရှိ နေ့တိုင်း ဆေးစစ်ခံကြရမှာ ဖြစ်ပါတယ်။

ဖွင့်ပွဲကျင်းပတဲ့ သောကြာနေ့မှာဆို ကိုဗစ် - ၁၉ ကူးစက်မှု ၁၉ ခု ထပ်တွေ့ခဲ့လို့ အခုဆို ပြိုင်ပွဲနဲ့ ပတ်သက်နေသူတွေထဲက ကူးစက်ခံထားရသူပေါင်း ၁၀၆ ယောက်အထိ ရှိလာပြီ ဖြစ်ပြီး အားကစား သမားတွေထဲက ပိုးတွေ့သူပေါင်းက ၁၁ ယောက် အထိရှိလာပြီ ဖြစ်ပါတယ်။

ဂရိတ်ဗြိတိန် အသင်းက အားကစားသမား ၆ ယောက် လည်း ပိုးရှိသူနဲ့ ထိတွေ့မှု ရှိခဲ့တယ် ဆိုပြီး သီးသန့်ခွဲနေနေရပါတယ်။ အမေရိကန် တင်းနစ်မယ် ကိုကိုဂါ့ဖ်ဟာလည်း တိုကျိုမလာခင်မှာပဲ ပိုးတွေ့လို့ ပြိုင်ပွဲကနေ ထွက်သွားခဲ့ရသလို တခြား အလားအလာ ရှိတဲ့ အားကစား သမားတော်တော်များများလည်း အလားတူဖြစ်ရပ်တွေကြောင့်ပဲ ပြိုင်ပွဲ မစခင်မှာဘဲ နှုတ်ဆက်သွားကြပြီ ဖြစ်ပါတယ်။

ဘာအသစ်တွေပါလဲ

ဒီတကြိမ် အိုလံပစ်မှာ အားကစားအမျိုးအစား ၃၃ မျိုး ရှိပြီး စံချိန်တင် ပြိုင်ပွဲပေါင်း ၃၃၉ ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ အားကစား အမျိုးအစားသစ် ၅ မျိုးပါဝင်လာပြီး ပြိုင်ပွဲသစ် ၃၄ ခုလည်း ထည့်ထားတာ ဖြစ်ပါတယ်။

အဲဒီ အားကစားသစ်တွေက ကရာတေး၊ စကိတ်ဘုတ်ဒင်း၊ တောင်တက်အားကစား၊ ဘေ့စ်ဘော/ဆော့ဖ်ဘော နဲ့ လှိုင်းစီး ပြိုင်ပွဲတွေ ဖြစ်ပါတယ်။

တကယ်တော့ ဘေ့စ်ဘော/ဆော့ဖ်ဘောက အားကစားသစ်လို့ ပြောရမှာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ၂၀၀၈ ဘေကျင်း ပြိုင်ပွဲ နောက်ပိုင်းကတည်းက မကျင်းပခဲ့ကြတော့ဘဲ အခုမှ တဖန်ပြန်ကျင်းပတာ ဖြစ်ပါတယ်။

နောက်ပြီး ရှိပြီးသား လက်ဝှေ့၊ ကနူးဆလာလွမ်၊ ကနူးစပရင့်၊ စက်ဘီး၊ လှေလှော်နဲ့ ရေကူးပြိုင်ပွဲတွေမှာလည်း ပြိုင်ပွဲသစ်တွေ ထည့်ထားပါတယ်။ ရေကူးမှာ ကျားမစုံ မီတာ ၁၀၀ ၄ ယောက်လက်ဆင့်ကမ်း ပြိုင်ပွဲနဲ့ ထရိုင်ယာသလွန် ပြိုင်ပွဲမှာလည်း ကျားမအတွဲပြိုင်ပွဲကို ထည့်ထားပါတယ်။

ဒီလို ပြိုင်ပွဲသစ်တွေ ထည့်သွင်းရခြင်းကလည်း အားကစားလောကမှာ မြို့ပြ ဆန်လာတာတွေကြောင့် ဖြစ်ပြီး လူငယ်ပရိသတ်တွေကို စွဲဆောင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အိုင်အိုစီရဲ့ အကြီးအကဲ ဘာ့ခ် ကတော့ လူငယ်တွေဆီ အားကစားကို ယူသွားပေးချင်လို့ပါ၊ ခေတ်လူငယ်တွေမှာ ရွေးချယ်စရာတွေက များတော့ သူတို့ အားကစား လုပ်လာဖို့ စောင့်နေလို့ မရတော့ပါဘူး၊ ကိုယ်ကယူသွားပေးဖို့ လိုလာပြီလို့ ဆိုပါတယ်။

ဒီတခါပြိုင်ပွဲမှာ သဘာဝပတ်ဝန်းကျင်အတွက်ကိုလည်း ထည့်သွင်း စဥ်းစားခဲ့ကြပါတယ်။ ဆုတံဆိပ်တွေကို ဆိုရင် မိုဘိုင်းလ်ဖုန်း အဟောင်းတွေကနေ ပြန်သုံးလို့ ရတာတွေနဲ့ လုပ်ထားတာ ဖြစ်ပြီး အိုလံပစ် မီးရှူးတိုင်ဆိုရင်လည်း ၂၀၁၁ ဂျပန်ငလျင်ကြီး အပြီး ယာယီ လူနေအိမ်ယာတွေမှာ သုံးခဲ့တဲ့ အလျူမီနီယံ တွေကို ပြန်သုံးပြီး လုပ်ထားတာ ဖြစ်ပါတယ်။ ပြိုင်ပွဲ ကျင်းပရာ နေရာတွေ ထဲမှာလည်း နေရာသစ် ၈ ခုပဲ ဆောက်ခဲ့ကြပါတယ်။ နောက် တိုကျို ၂၀၂၀ အတွက် စွမ်းအင်လိုအပ်မှုတွေကိုလည်း ပြည့်ဖြိုးမြဲ စွမ်းအင် ရင်းမြစ်တွေကသာ သုံးစွဲဖို့ စီစဥ်ထားပါတယ်။ ဒီပြိုင်ပွဲ အတွက် ကျင်းပစရိတ်ကတေ့ ပြိုင်ပွဲ တနှစ် နောက်ဆုတ်လိုက်ရလို့ ၂၂ ရာခိုင်နှုန်း တက်သွားခဲ့တာကြောင့် ပေါင်စတာလင် ၁၁.၅ ဘီလျံ လောက်ကုန်ကျမှာ ဖြစ်ပါတယ်။

စောင့်ကြည့်ရမယ့် ကမ္ဘာကျော်များ

ဗြိတိသျှ ရေကူးသမား အက်ဒမ် ပီတီ နဲ့ ကျွမ်းဘားသမား မက်စ် ဝစ်လော့ခ်၊ နောက် အမျိုးသမီး တိုက်ကွမ်ဒိုသမား ဂျိတ်ဂျုံးစ်တို့ဟာ သူတို့ရဲ့ ရီယို ပြိုင်ပွဲက ချန်ပီယံဆုတွေကို ကာကွယ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

စက်ဘီး ချန်ပီယံ ဇနီးမောင်နှံ ဂျေဆင်နဲ့ လော်ရာ ကဲန်နီတို့ဟာလည်း ဂရိတ်ဗြိတိန်ရဲ့ အအောင်မြင်ဆုံး အိုလံပီယံ တွေ ဖြစ်လာနိုင်ပါတယ်။ဂျေဆင်ဟာ စက်ဘီးချန်ပီယံဟောင်း ဆာ ခရစ္စဟွိုင်းနဲ့ ရွှေဆု ၆ ခု စံချိန်တူ ရထားပြီး ဖြစ်သလို လော်ရာကတော့ ရွှေဆု ၄ ခု ရထားလို့ ဗြိတိသျှ အမျိုးသမီး အိုလံပီယံတွေထဲ အအောင်မြင်ဆုံး ဖြစ်နေပါပြီ။

အမေရိကန် ကျွမ်းဘားမယ် ဆီမုန်း ဘိုင်းလစ်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ရီယို အိုလံပစ်မှာ ထင်ပေါ်လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး အိုလံပစ် ရွှေတံဆိပ် ၄ ခု နဲ့ ကြေးတံဆိပ် ၁ ခု ရရှိထားပါတယ်။ ဒီတကြိမ်မှာ သူဟာ ပြိုင်ပွဲ ၅ ခုလုံးမှာ ထပ်ပြီး ပြိုင်ဦးမှာ ဖြစ်ပါတယ်။ တကယ်လို့သာ ပြိုင်ပွဲ အားလုံး ချန်ပီယံ သရဖူကို ကာကွယ်နိုင်ရင် ၁၉၆၈ နောက်ပိုင်း ပထမဆုံး ဒီလို ကာကွယ်နိုင်တဲ့ ကျွမ်းဘား အားကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

နောက်ထပ် နာမည်ကြီး အမေရိကန် ၂ ယောက်လည်း ရှိပါတယ်။ သူတို့က ရေကူးက ကေလက်ဘ် ဒရက်ဆဲလ်နဲ့ ကေတီ လဒက်ကီတို့ ဖြစ်ပါတယ်။ ၂၄ နှစ်အရွယ် ဒရက်ဆဲလ်မှာ အိုလံပစ် ရွှေဆု ၂ ခု ရှရှိပြီးဖြစ်ကာ တိုကျို ပြိုင်ပွဲမှာ ရွှေ ၆ ခုလောက် ရနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ လက်ဒကီကတော့ ရီယိုပြိုင်ပွဲမှာ ရွှေ ၄ ခုနဲ့ လန်ဒန် ၂၀၁၂ ပြိုင်ပွဲမျာ တခု ရရှိထားပြီး တိုကျိုပြိုင်ပွဲ အတွင်း နောက်ထပ် ရွှေဆုတွေ ထပ်တိုးဖို့ ပြိုင်ပွဲ ၆ ခုမှာ ယှဥ်ပြိုင်မှာ ဖြစ်ပါတယ်။

အိုလံပစ် ကွင်းကြီးထဲမှာတော့ ဂျမေကာက တာတို အပြေးမယ် ၆ ကြိမ် အိုလံပစ် ဆုရှင် ရှယ်လီ အန်း ဖရေဆာ ပရိုက်စ် တယောက်ထပ်ပြိုင် ဦးမှာ ဖြစ်သလို ဆွီဒင်က တုတ်ထောက်ခုန် အာမန် ဒုပလန်တစ္စလည်း ရွှေဆုကို ချိန်ပြီး ခုန်ဦးမှာ ဖြစ်ပါတယ်။

တင်းနစ်ဘက်မှာတော့ ဆာဘီးယားက ကမ္ဘာ့နံပါတ်တစ် နိုဗက် ဂျိုကိုဗစ်ချ် တယောက် သူ့အတက် ရွှေရောင် ဂရမ်းဆလမ်းရဖို့ ဒီပွဲမှာ ရွှေရနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ သူဟာ သြစတေးလျ အိုးပင်း၊ ပြင်သစ်အိုးပင်းနဲ့ ဝင်ဘဲလ်ဒန်တွေ နိုင်ထားပြီး ဖြစ်တာကြောင့် သူ့အိပ်မက်ပြည့်ဖို့ အိုလံပစ် ရွှေဆုနဲ့ ယူအက်စ် အိုးပင်း ချန်ပီယံဖြစ်ဖို့ ပဲ ကျန်တော့တာ ဖြစ်ပါတယ်။

နောက်ပြီး ဒီပြိုင်ပွဲမှာ စောင့်အကြည့်ရမယ့် နောက်ထပ် တယောက်တော့ အသက် ၄၃ နှစ်အရွယ် လိင်ပြောင်း အလေးမသမား လော်ရယ် ဟတ်ဘတ် ဖြစ်ပါတယ်။ နယူးဇီလန်က ဖြစ်ပြီး သူဟာ အငယ်တန်း ပြိုင်ပွဲမှာ အမျိုးသား စံချိန်ကို ချိုးခဲ့တာ ဖြစ်ပါတယ်၊ ဒီပြိုင်ပွဲမှာသူဟာ ၈၇ ကီလိုတန်း အမျိုးသမီးအလေးမ ပြိုင်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပြီး အိုလံပစ် သမိုင်းမှာတော့ ပထမဆုံး ဝင်ရောက်ယှဥ်ပြိုင်တဲ့ လိင်ပြောင်း အားကစားသမား ဖြစ်ပါတယ်။

မြန်မာက ဘယ်သူတွေ ပြိုင်မလဲ

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲတွေမှာ မြန်မာကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်မယ့် ကစားသမား ၂ ဦးသာရှိတယ်လို့သိရပါတယ်။

တစ်ဦးက ကြက်တောင်မယ် သက်ထားသူဇာဖြစ်ပြီး နောက်တစ်ဦးက သေနတ်ပစ်ကစားသမား ရဲထွန်းနောင်ဖြစ်ပါတယ်။

တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲရဲ့ ကစားနည်း ၉ မျိုးအထိ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရဖို့ မြန်မာအိုလံပစ်ကော်မတီက နိုင်ငံတကာအိုလံပစ် ကော်မတီဆီ အဆိုပြုလျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုပြုလျှောက်ထားတဲ့ ကစားနည်းတွေထဲက သေနတ်ပစ်နဲ့ ဂျူဒို ကစားနည်း ၂ မျိုးအတွက်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးဖို့ နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ ပွဲဖြစ်မြောက်ရေးအိမ်ရှင် အိုလံပစ်ကော်မတီတို့က ခွင့်ပြုခဲ့တာပါ။

''အိုလံပစ် ပြိုင်ပွဲမှာ ပါဝင်ဖို့ လက်ရည်စစ်ပွဲတွေ၊ အရည်အချင်းစစ်ပွဲတွေ ကစားရပါတယ်။ မြန်မာအားကစားသမားတွေကတော့ အဲဒီပွဲတွေမှာ မကစားထားတော့ အရည်အချင်းရှိတဲ့ကစားသမားတွေ စာရင်းရယ်၊ ပြိုင်လိုတဲ့ကစားနည်းတွေရယ်ကို အဆိုပြုလိုက်ပါတယ်။ အဲဒီထဲကမှာ wild card အနေနဲ့ သေနတ်ပစ်နဲ့ ဂျူဒို ကစားနည်းတွေမှာ ဝင်ပြိုင်ခွင့်ရှိတယ်လို့ ကျ လာတယ်ပေါ့။ ဂျူဒိုအတွက် လျာထားတဲ့ကစားသမားက အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ တိုကျိုကို ကစားသမား ၂ ဦးပဲ ပါနိုင်တယ်။ သက်ထားသူဇာကေတာ့ qualifier ပေါ့''လို့ မြန်မာအိုလံပစ်ကော်မတီဘက်က သိရပါတယ်။

သေနတ်ပစ်အတွက် ကစားသမား ရဲထွန်းနောင်ကတော့ အမျိုးသား ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲအတွက် လက်ရည်စစ်ပွဲကို ဒီနေ့ ဇူလိုင်လ ၂၄ ရက်မှာ ကစားဖို့ရှိပြီး သတ်မှတ်အရည်အချင်းပြည့်မီရင် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်။

ကြက်တောင်မယ် သက်ထားသူဇာကတော့ ကမ္ဘာ့အဆင့် ၆၁ ရှိတဲ့ကစားသမားဖြစ်လို့ ဇူလိုင်လ ၂၅ ရက်မှာ အင်ဒိုနီးရှား ကြက်တောင်မယ်ကို Gregoria ကို အုပ်စုအဆင့် အနေနဲ့ ယှဉ်ပြိုင်ကစားဖို့ရှိပါတယ်။