ရဲလက် ကိုယ်တိုင် လာအဖမ်းခံတဲ့ တောင်အာဖရိကသမ္မတဟောင်း

တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း ဂျေကော့ဘ် ဇူးမားဟာ တရားရုံးကို မထီမဲ့မြင် ပြုမှုအတွက် ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၁၅ လကို ကျခံဖို့ အတွက် ရဲလက်မှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

မစ္စတာ ဇူးမားဟာ သူ့ မွေးရပ်မြေ KwaZulu-Natal ပြည်နယ်က Estcourt Correctional Centre အကျဥ်းထောင်မှာ ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

အသက် ၇၉ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ဇူးမားကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အဂတိ လိုက်စားမှုအတွက် စွဲဆိုထားတဲ့ အမှုမှာ ရုံးတော်မှာ စစ်ဆေးခံဖို့ လာရောက်ဖို့ ပျက်ကွက်ခဲ့ပြီးနောက် အခုလို ပစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ဒီည သန်းခေါင်ယံ မတိုင်ခင်မှာ သူကိုယ်တိုင်လာရောက် အဖမ်းမခံရင် သူတို့ ဘက်က လာရောက်ဖမ်းဆီးသွားမယ်လို့ သတိပေးခဲ့ပါတယ်။

ဒီလို သမ္မတဟောင်း တဦး ထောင်ဒဏ် အပြစ်ပေးခံရတာမျိုး အရင်က တောင်အာဖရိကနိုင်ငံမှာ မရှိခဲ့ဖူးတာကြောင့် ဒီကိစ္စဟာလည်း မမျှော်လင့်ထားဘဲ တရားရေး ပြဇာတ်တပုဒ်လို ဖြစ်လာခဲ့ပါတယ်။ မစ္စတာ ဇူးမားက ကနဦးမှာ သူ့ကိုယ်သူ ရဲလက်မှာ အပ်နှံဖို့ငြင်းဆန်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂျေကော့ဘ် ဇူးမား ဖောင်ဒေးရှင်းကနေ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာတော့ သူဥပဒေအတိုင်း လိုက်နာဖို့ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း သမီးဖြစ်သူ ဒူဒူ ဇူးမား ဆမ်ဘဒ်လာ က တွစ်တာပေါ်မှာ သူ့ဖခင်ဟာ အကျဥ်းထောင်ဆီကို သွားနေပြီ ဖြစ်ကြောင်းနဲ့ စိတ်ဓာတ်ခွန်အားတွေ အပြည့်ရှိနေတဲ့ အကြောင်း ရေးခဲ့ပါတယ်။

မစ္စတာ ဇူးမားကို သူ သမ္မတ တာဝန်ထမ်းဆောင်နေစဥ် ၉ နှစ်အတွင်း အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး စွဲဆိုထားတဲ့ အမှုမှာ သက်သေထွက်ဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် တရားရုံးအမိန့်ကို ဖီဆန်တယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံ့ ပိုင်ဆိုင်မှုတွေ အဆီအနှစ်တွေကို စုပ်ယူသုံးစွဲခဲ့တယ်ဆိုပြီး နိုင်ငံတော်ကို မောင်ပိုင်စီးမှု လို့ခေါ်ကြတဲ့ ဒီအမှုအတွက်သူဟာ တကြိမ်ပဲ လာရောက် အစစ်ဆေး ခံခဲ့ဖူးပါတယ်။

သူ တာဝန်ထမ်းဆောင်နေစဥ်အတွင်း စီးပွားရေး သမားတွေကလည်း နိုင်ငံရေးသမားတွေအပေါ် လွှမ်းမိုးနိုင်ဖို့ ကြိုးစားတာတွေ ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။ မစ္စတာ ဇူးမားကတော့ ဒါတွေဟာ နိုင်ငံရေး လုပ်ကြံမှုတွေ ဖြစ်တယ်ဆိုပြီး ပြောနေခဲ့ပါတယ်။

သီးခြားအမှု တခုဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်းက ဒေါ်လာ ၅ ဘီလျံ တန်တဲ့ လက်နက်ဝယ်ယူရောင်းချရေး သဘောတူညီချက် ကိစ္စမှာ အဂတိလိုက်စားမှု ရှိခဲ့သလားဆိုတဲ့ အမှုမှာတော့ မစ္စတာ ဇူးမားက ပြီးခဲ့တဲ့ လကပဲ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

မစ္စတာ ဇူးမားကို ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းက သူ့ရဲ့ အာဖရိက အမျိုးသား ကွန်ဂရက်ပါတီ (ANC) ကပဲ တာဝန်က အတင်းနုတ်ထွက်စေခဲ့ကြပေမယ့် သူ့ကို သစ္စာရှိတဲ့ ထောက်ခံသူတွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။အထူးသဖြင့် သူ့ဇာတိ KwaZulu-Natal ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း မစ္စတာ ဇူးမားရဲ့ အိမ်အပြင်ဘက်မှာ လူတွေ စုဝေးပြီး သူ့ကို လာရောက် ဖမ်းဆီးလို့ မရအောင် လူသားတံတိုင်းကြီးနဲ့ ကာရံထားခဲ့ကြပါတယ်။ သူ ကိုယ်တိုင် အဖမ်းမခံခင် ဗုဒ္ဓဟူးနေ့ မတိုင်ခင်အထိလည်း အလားတူ လူစုလူဝေးတွေ ရှိနေခဲ့ကြပါတယ်။