တရုတ်အာကာသစခန်းသစ်ဆီကို ပထမဆုံး အာကာသယာဥ်မှူးအဖွဲ့ စေလွှတ်

ဗီဒီယို ပုံစာ, အာကာသစခန်းသစ်ဆီကို တရုတ်အာကာသယာဥ်မှူးတွေ ရောက်ရှိ

တရုတ်အာကာသစခန်းသစ်မှာ စတင်နေထိုင်လေ့လာမှုတွေ လုပ်မယ့် အာကာသယာဥ်မှူးသုံးဦးကို ကမ္ဘာပတ်လမ်းကြောင်းထဲ စေလွှတ်ခဲ့ပါတယ်။

အာကာသယာဥ်မှူး သုံးဦးဟာ ကမ္ဘာမြေအထက် ၂၃၆ မိုင်မှာ ရှိတဲ့ တရုတ်အာကာသစခန်းရဲ့ ပင်မအခန်းပိုင်း ထျန်းဟော် အစိတ်အပိုင်းမှာ သုံးလကြာနေထိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ တရုတ်ရဲ့ ပထမဆုံး လူလိုက်ပါတဲ့ ရက်အကြာဆုံး အာကာသ ခရီးစဥ် ဖြစ်သလို ငါးနှစ်နီးပါးအကြာမှာ လူလိုက်ပါတဲ့ ပထမဆုံး ခရီးစဥ် ပြန်လည်စေလွှတ်မှုလည်း ဖြစ်ပါတယ်။

သူတို့ကို ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ လွှတ်တင်လိုက်ပြီး ခုနစ်နာရီကျော် အကြာမှာပဲ အာကာသစခန်းဆီကို အောင်အောင်မြင်မြင် ချိတ်ဆက်ရောက်ရှိသွားခဲ့ပါတယ်။

Rocket carrying the Shenzhou-12 spacecraft and three astronauts takes off from Jiuquan Satellite Launch Center

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှန်ကျိုး-၁၂ အာကာသယာဥ်ကို သယ်ဆောင်သွားတဲ့ Long March 2F ဒုံးပျံ

သူတို့စခန်းနဲ့ ဆက်သွယ်လိုက်နိုင်တဲ့ အချိန်မှာ မြေပေါ်က ထိန်းချုပ်ရေး စင်တာက လက်ခုပ်တီးကြိုဆိုခဲ့ကြပါတယ်။

သူတို့လိုက်ပါသွားတဲ့ ရှန်ကျိုး-၁၂ အာကာသယာဥ်ဟာ Long March 2F ဒုံးပျံရဲ့ ထိပ်ကနေ ကြာသပတေးနေ့က ဖြုတ်ထွက်ပျံသန်းခဲ့ပါတယ်။

ဂိုဘီသဲကန္တာရထဲက ကျို့ချွမ် ဂြိုဟ်တု လွှတ်တင်ရေးခန်းကနေ ဒေသစံတော်ချိန် မနက် ၉ နာရီ ကျော်မှာ ဒုံးပျံကို လွှတ်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ခြောက်လမှာလည်း တရုတ်ဟာ လပေါ်က မြေသားနဲ့ကျောက်တုံး နမူနာတွေကို ကမ္ဘာဆီပြန် ယူလာခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်ကိုလည်း ခြောက်ဘီးတပ် စက်ရုပ်တစ်ရုပ်ကို ပို့ခဲ့ပါတယ်။ အဲဒီနှစ်ခုစလုံးဟာ ရှုပ်ထွေးခက်ခဲပြီး စိန်ခေါ်မှုများတဲ့ အလုပ်တွေ ဖြစ်ပါတယ်။

အခုသွားတဲ့ အာကာသယာဥ်မှူးတွေ လုပ်ရမယ့် အဓိက ရည်မှန်းချက်ကတော့ တရုတ်အာကာသစခန်းရဲ့ ထျန်းဟော် ပင်မ အစိတ်အပိုင်း စတင်အလုပ်လုပ်နိုင်အောင် လုပ်ဖို့ ဖြစ်ပါတယ်။

အာကာသယာဥ်မှူးတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

အဲဒီ ၁၆ မီတာကျော် အရှည်ရှိပြီး ၄ မီတာကျော် အကျယ်ရှိတဲ့ လုံးရှည်ပုံ ထျန်းဟော် ပင်မအခန်းကို ဧပြီလထဲက လွှတ်တင်ထားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ ကျန်တဲ့ ပစ္စည်းတွေကို ဆက်ပြီး ပို့ဆောင်နေမှာ ဖြစ်ပါတယ်။

အခုနှစ်ပိုင်းတွေမှာ တရုတ်က သူရဲ့ အာကာသရည်မှန်းချက်ကို လျှို့ဝှက်မထားခဲ့ပါဘူး။ အာကာသစိုးမိုးရေး ကြိုးပမ်းမှုတွေအတွက် ငွေအလုံးအရင်း ပုံအော သုံးခဲ့ပါတယ်။ ၂၀၁၉ မှာ လရဲ့ ပိုဝေးတဲ့အခြမ်းကို လူမပါတဲ့ ဂြိုဟ်ပေါ်သွားယာဥ်တစ်စီး ပထမဆုံး ပို့နိုင်တဲ့ နိုင်ငံဖြစ်လာပါတယ်။

ပြီးတော့ နိုင်ငံတကာ အာကာသစခန်းကို အသုံးပြုခွင့်မရတဲ့အတွက် အာကာသစခန်းတစ်ခုကိုလည်း တစ်နိုင်ငံတည်း သီးခြားတည်ဆောက်ခဲ့ရပါတယ်။

နိုင်ငံတကာ အာကာသ စခန်းမှာ ရုရှား၊ ဥရောပ၊ ကနေဒါ၊ ဂျပန်တို့နဲ့ ပူးပေါင်းပြီး ဦးဆောင်လုပ်ကိုင်နေတဲ့ အမေရိကန်က အဲဒီစခန်းကို တရုတ်နဲ့ ပူပေါင်းလုပ်ဆောင်မှာ မဟုတ်ပါဘူး။

တရုတ်အာကသစခန်းပုံ