GPSကိုပြိုင်ဖို့ တရုတ်ရဲ့ နောက်ဆုံးဂြိုဟ်တု လွှတ်တင်

အမေရိကန်ရဲ့ GPS စနစ်ကို ယှဥ်ပြိုင်မယ့် တရုတ်ရဲ့ ကိုယ်ပိုင် တည်နေရာပြ ဘေဒိုး BDS စနစ်အတွက် နောက်ဆုံးဂြိုဟ်တုကို လွှတ်တင်လိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ GPS စနစ်ကို ယှဥ်ပြိုင်မယ့် တရုတ်ရဲ့ ကိုယ်ပိုင် တည်နေရာပြ ဘေဒိုး BDS စနစ်အတွက် နောက်ဆုံးဂြိုဟ်တုကို လွှတ်တင်လိုက်ပါတယ်။

အမေရိကန်ရဲ့ GPS တည်နေရာပြစနစ်ကို ယှဥ်ပြိုင်မယ့် တရုတ်ရဲ့ ကိုယ်ပိုင် တည်နေရာပြစနစ် BDS အတွက် နောက်ဆုံးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်လိုက်နိုင်တဲ့အတွက် တရုတ်နိုင်ငံဟာ အာကာသထဲမှာ အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် နောက်ထပ် တစ်ပန်းသာသွားပြီ ဖြစ်ပါတယ်။

ဇွန်လ ၂၃ ရက် အင်္ဂါနေ့က Beidou Navigation Satellite System (BDS) အတွက် နောက်ဆုံး လွှတ်တင်လိုက်တဲ့ ဆက်သွယ်ရေးဂြိုဟ်တုကြောင့် တရုတ်အစိုးရဟာ အမေရိကန်အစိုးရပိုင် GPS ကမ္ဘာတဝန်း တည်နေရာပြစနစ်အပေါ် အားကိုးစရာ မလိုတော့ပါဘူး။

ဒေါ်လာ ၁၀ ဘီလျံတန်တဲ့ အဲဒီ 'ဘေဒိုး အမှတ် ၃'ကွန်ရက်စနစ်ဟာ ဆက်သွယ်ရေးဂြိုဟ်တု ၃၅ ခုနဲ့ ဖွဲ့စည်းထားပြီး ကမ္ဘာတဝန်းက တည်နေရာတွေကို ညွှန်ပြနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ၊ ကုန်သွယ်ရေးကိစ္စ၊ ဟောင်ကောင်အရေး စတာတွေနဲ့ပတ်သက်လို့ တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာပဲ တရုတ်က အခုနောက်ဆုံး ဆက်သွယ်ရေးဂြိုဟ်တုကို လွှတ်တင်လိုက်တာပါ။

ဂြိုဟ်တုကို ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တင်ဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ စမ်းသပ် ပစ်လွှတ်မှုတွေ လုပ်ခဲ့စဉ် နည်းပညာပိုင်း ချို့ယွင်းချက်တွေ တွေ့ခဲ့ရတဲ့အတွက် နှောင့်နှေးခဲ့ရတာပါ။

BDS ဘေဒိုး တည်နေရာပြ ဂြိုဟ်တု ဆက်သွယ်ရေးစနစ်ရဲ့ ဒီတတိယ ဗားရှင်းဟာ တခြားတည်နေရာပြ စနစ်တွေဖြစ်တဲ့ ရုရှားရဲ့ GLONASS စနစ်နဲ့ ဥရောပရဲ့ Galileo စနစ် နေရာမှာရော အမေရိကန်ရဲ့ GPS စနစ် နေရာမှာပါ အစားထိုး အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

နောက်ထပ် စီမံကိန်းတွေအရ BDS စနစ်ကို အဓိက အခြေပြုပြီး သုံးရပိုလွယ်၊ ဖွဲ့စည်းရလွယ်တဲ့ စနစ်တစ်ခုကို ၂၀၃၅ ခုနှစ်မတိုင်ခင် အွန်လိုင်းပေါ် အရောက်တင်ပေးနိုင်မယ်လို့ ကတိပြုထားပါတယ်။

Big Dipper လို့ အဓိပ္ပာယ်ရတဲ့ BeiDou ဘေဒိုးစနစ်ရဲ့ ပထမဗားရှင်းကို ၂၀၁၂ ခုနှစ်မှာ ဖျက်သိမ်းခဲ့တာပါ။

တရုတ် ကိုယ်ပိုင် အဆင့်မြင့် နည်းပညာစနစ်တွေ တိုးတက်လာစေဖို့ တရုတ်အစိုးရက ငွေကြေး အမြောက်အမြား ထောက်ပံ့ခဲတဲ့အတွက် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း တရုတ်အာကာသ စီမံကိန်း အလျင်အမြန် တိုးတက် အောင်မြင်လာခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ တရုတ်နိုင်ငံဟာ သူ့ကိုယ်ပိုင် အာကာသယာဉ်မှူးတွေ လိုက်ပါတဲ့ အာကာသယာဉ် လွှတ်တင်နိုင်တဲ့ ကမ္ဘာ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ တရုတ်ဟာ အာကာသ စမ်းသပ်စခန်းတစ်ခု တည်ဆောက်ခဲ့ပြီး လပေါ်ကို ယာဉ်နှစ်စင်း စေလွှတ်ခဲ့ပါတယ်။

ဒီလိုစေလွှတ်တာဟာ အာကာသစခန်းတစ်ခု အမြဲ ထားရှိဖို့၊ အာကာသယာဉ်မှူးတွေ ပါတဲ့ ခရီးစဉ်တစ်ခု လဆီ စေလွှတ်နိုင်ဖို့၊ ဂြိုဟ်ပတ်ယာဉ်တစ်စင်း အင်္ဂါဂြိုဟ်ပေါ် တင်လွှတ်နိုင်အောင် ပထမဆုံးအကြိမ် ကြိုးစားဖို့ တရုတ်အစိုးရက ပြင်ဆင်တာလို့ ယူဆနေကြပါတယ်။

အဲဒီလို လုပ်နိုင်ခဲ့ရင်တော့ အာကာသစူးစမ်းရှာဖွေမှုမှာ တရုတ်ဟာ အမေရိကန်ရဲ့ အရေးပါတဲ့ ပြိုင်ဘက်နိုင်ငံတစ်ခု ဖြစ်လာပါလိမ့်မယ်။

အမေရိကန်နဲ့ တရုတ်အကြား အဆင်မပြေတဲ့ ဆက်ဆံရေး

အခုနှစ်အစပိုင်းက စလို့ ကိစ္စရပ်အတော်များများနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်အကြား ဆက်ဆံရေး တစ်နေ့တစ်ခြား ဆိုးဝါးလာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် တရုတ်အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံနဲ့ပတ်သက်လို့ အမေရိကန် သမ္မတထရန့်နဲ့ သူအစိုးရက ထပ်ခါတလဲလဲ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ ပထမဆုံး စပေါ်ပေါက်ခဲ့တာပါ။

ဟောင်ကောင်မှာ လုံခြုံရေးဥပဒေသစ်တစ်ခု တရုတ်အစိုးရက ဖိအားပေး ပြဌာန်းခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သမ္မတက ဟောင်ကောင်ကို ပေးထားတဲ့ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးဆိုင်ရာ အထူးအခွင့်အရေးတွေ ပြန်ရုပ်သိမ်းမယ်လို့ ပြီးခဲ့တဲ့လက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ်မှာလည်း အမေရိကန် လုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း ဂျွန် ဘိုလ်တန် က သူ့ရဲ့စာအုပ်သစ်ထဲမှာ သမ္မတထရမ့်ဟာ သမ္မတရွေးကောက်ပွဲမှာ ပြန်အရွေးခံနိုင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အကူအညီ တောင်းခဲ့တယ်လို့ ဖော်ပြခဲ့တဲ့အတွက် တရုတ် အမေရိကန် ဆက်ဆံရေးအပေါ် ဝေဖန်မှုတွေ တိုးပွားထွက်ပေါ်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ် -19 ကြောင့် ကန် နဲ့ တရုတ် ဆက်ဆံရေး တင်းမာလာ