ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်သစ်သမ္မတ မက်ခရွန် ပြည်တွင်းခရီးစဥ်မှာ မျက်နှာကို အရိုက်ခံရ
ပြင်သစ်သမ္မတ မက်ခရွန်ဟာ နိုင်ငံ အရှေ့တောင်ပိုင်းကို သွားတဲ့ တရားဝင် ခရီးစဥ် တစ်ခုမှာ မျက်နှာကို လက်ဝါးနဲ့ အရိုက်ခံခဲ့ရပါတယ်။
ဗာလော့န်စ်မြို့ ပြင်က တာနယ်မီထာ့ဂ်ျ အရပ်ကို သွားတဲ့ ခရီးစဥ်မှာ လက်ရန်းအတားအဆီးတွေခြားထားတဲ့ ကြိုဆိုသူနှုတ်ဆက်သူတွေဆီကို သွားစဥ် အရိုက်ခံခဲ့ရတာကို ဆိုရှယ်မီဒီယာပေါ်က ဗီဒီယို တစ်ခုမှာ မြင်ရပါတယ်။
တီရှပ်အစိမ်းဝတ်ထားတဲ့ လူတစ်ယောက်က မစ္စတာ မက်ခရွန်ရဲ့ မျက်နှာကို ရိုက်ခဲ့တာ ဖြစ်ပြီး အဲဒီနောက် လုံခြုံရေးတွေက ချက်ချင်းရောက်လာပါတယ်။ သမ္မတကိုတော့ အဲဒီကနေ ဆွဲခေါ်ထုတ်သွားပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူနှစ်ယောက်ကို ဖမ်းထားတယ်လို့ ပြင်သစ်မီဒီယာတွေက ဆိုပါတယ်။
သမ္မတကို ရိုက်တဲ့အခါမှာ သူက "မက်ခရွန်ဝါဒနဲ့အတူတူ သွားတော့" လို့ အော်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဗီဒီယိုထဲမှာတော့ ခဏအကြာမှာ သမ္မတ အဲဒီနားကို ပြန်ရောက်လာပြီး လူအုပ်ကို နှုတ်ဆက်ခဲ့ပါတယ်။
မစ္စတာ မက်ခရွန်ကို အခမ်းအနားတွေမှာ အကာအကွယ်ပေး စောင့်ရှောက်တဲ့ လုံခြုံရေးအဖွဲ့မှာ အမျိုးသား၊ အမျိုးသမီး အဖွဲ့၀င် ၇၇ ဦး ရှိပြီး ဒီခရီးစဥ်မှာ သမ္မတရဲ့ လုံခြုံရေးအဖွဲ့ဝင် ၁၀ ဦး အတူလိုက်ပါလာတယ်လို့ ပြင်သစ်ရုပ်သံလိုင်း BFM ရဲ့ သတင်းအရ သိရပါတယ်။
ဘာကြောင့် အဲဒီအမျိုးသားက ဒီလို လုပ်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပြင်သစ်က နိုင်ငံရေးသမားတွေက ဒီလုပ်ရပ်ကို ချက်ချင်းပဲ ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
ပြင်သစ်ဝန်ကြီးချုပ် ယန်းကက်စတက်စ်၊ မရင်းလာပန်း စသူတို့က ထုတ်ဖော်ကန့်ကွက် ရှုတ်ချကြပါတယ်။
"ဒီမိုကရေစီနည်းကျ ငြင်းခုံမှုတွေက ခါးသီးနိုင်ပေမဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး"လို့ လက်ယာစွန်းပါတီခေါင်းဆောင် မရင်းလာပန်းက တွစ်တာကနေ ရှုတ်ချပြောဆို ပါတယ်။
လတ်တလောမှာ အဲဒီနေရာက ဟိုတယ်သင်တန်းကျောင်းတစ်ခုရဲ့ သက်မွေးသင်တန်းကျောင်းဆီကို သွားရောက်ခဲ့တာဖြစ်ပြီး အဲဒီဒေသတစ်ဝိုက် သမ္မတရဲ့ ခရီးစဥ်ကို အစီအစဥ်အတိုင်း ဆက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြင်သစ်မှာ ခုနစ်လကြာ ပိတ်ထားတဲ့ ဘားတွေ စားသောက်ဆိုင်တွေ ဆိုင်မှာထိုင်စားသူတွေပြန်လက်ခံဖို့အတွက် မနက်ဖြန် ပြန်မဖွင့်ခင် ဒီခရီးစဥ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။