အိန္ဒိယကိုဗစ်က တောင်အာရှတစ်ခွင်လုံး ပြန့်နေပြီလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအသွင် ပြန့်ပွားမှုနဲ့ သေဆုံးရတဲ့ အရေအတွက် ထိုးတက်လာနေရာမှာ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကိုဗစ်ကူးစက်မှုနှုန်း တက်လာတဲ့အတွက် စိုးရိမ်မှုတွေ ကြီးလာကြပါတယ်။
အထူးသဖြင့် ဆေးဝါး၊ လူသားအရင်းအမြစ်နဲ့ ယေဘုယျ ကျန်းမာရေးစနစ် အားနည်းတဲ့ ဒေသန္တရ ကျန်းမာရေးဌာနတွေ မနိုင်မနင်းဖြစ်မှာကို စိုးရိမ်ကြတာ ဖြစ်ပြီး လောလောဆယ်မှာ ခရီးသွားလာခြင်းနဲ့တကွ အခြားကန့်သတ်ချက်တွေတော့ ထုတ်ထားပါတယ်။
တက်လာနေတဲ့ ရောဂါပြန့်ပွားမှု ကိန်းဂဏန်းများ
အိန္ဒိယနိုင်ငံမှာ နေ့စဉ် ကိုဗစ်ကူးနှုန်းက ပြီးခဲ့တဲ့ မတ်လက စပြီး တက်လာနေခဲ့ရာမှာ နောက်ပိုင်း အဲဒီနှုန်းက တစ်ဟုန်တိုး တက်သွားခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ကိုဗစ်ကူးနှုန်း တက်လာခဲ့တာ တွေ့ရပေမဲ့ တက်လာကြတဲ့ ပုံစံတွေ မတူကြတာကိုတော့ တွေ့ရပါတယ်။
အခုလို ကိုဗစ်ကူးနှုန်းတက်လာတဲ့အထဲမှာ နီပေါနိုင်ငံအတွင်း တက်လာတဲ့နှုန်းက ဧပြီလ ကစပြီး စိုးရိမ်စရာရှိလာတာကို တွေ့ရပါတယ်။
နီပေါနိုင်ငံအတွင်း ကိုဗစ်ရောဂါစစ်ဆေးမှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကျော် အထိ ကိုဗစ်ကူးစက်ခံနေရတာ တွေ့ရှိရကြောင်း အစိုးရ စာရင်းဇယားတွေကို အခြေခံပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
နီပေါနိုင်ငံဟာ အိန္ဒိယနဲ့ ကီလိုမီတာ ၂၀ဝ၀ နီးပါး (၁၁၆၈ မိုင်) အလျားအထိ နယ်နမိတ် ထိစပ်နေတဲ့ နိုင်ငံဖြစ်ပြီး အလည်အပတ် ခရီးသွားတာကစပြီး၊ စီးပွားရေး အကြောင်းပြချက်၊ နှစ်ဖက်စီ ရောက်နေကြတဲ့ မိသားစုဝင်တွေဆီ သွားတာအထိ အဝင်အထွက်လည်း များပါတယ်။
၂၀ဝ၈ ခုနှစ်က ဘုရင်စနစ်ဖျက်သိမ်းပြီးဖြစ်တဲ့ နီပေါနိုင်ငံမှာ နောက်ဆုံး ဘုရင်ဖြစ်ခဲ့ဖူးတဲ့ ဂိုင်ယာနန္ဒရ ဆိုရင်လည်း အိန္ဒိယကို သွားအပြီး ပြန်လာတဲ့အချိန်မှာ ကိုဗစ်ကူးစက်ခံနေရတာကို တွေ့ရှိခဲ့ပါတယ်။
နီပေါအာဏာပိုင်တွေကတော့ မတ်လက စပြီး နယ်စပ်ဖြတ်သန်းတဲ့ ဝင်ပေါက်ထွက်ပေါက်တွေမှာ ထပ်ဆောင်း ကျန်းမားရေးစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး မေလ ၁ ရက်နေ့မှာတော့ အိန္ဒိယနဲ့ နယ်စပ်ဖြတ်တဲ့နေရာ အခု ၂၀ ကျော်ကို ပိတ်ထားလိုက်ပါတယ်။
ခေတ္တမန္ဒု တောင်ကြားဒေသမှာဆိုရင်တော့ ဧပြီလ ၂၉ ရက်နေ့ကစပြီး သွားလာရေးနဲ့တကွ တခြား တားမြစ်ကန့်သတ်ချက်တွေ ထုတ်ပြန် လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဆိုရင်လည်း မတ်လ အစောပိုင်းကစပြီး ကိုဗစ်ကူးနှုန်း မြင့်တက်လာတဲ့အတွက် ဧပြီလ ၅ ရက်နေ့ကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်းကြေညာထားပြီး လာမယ့် မေလ ၁၆ ရက်နေ့အထိ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အိန္ဒိယနဲ့ ကပ်နေတဲ့ နယ်စပ်ဝင်ပေါက် ထွက်ပေါက်ကို ဧပြီလ ၂၆ ရက်နေ့ကစပြီး ခရီးအသွားအလာလည်း နှစ်ပတ်ပိတ်ခဲ့တယ် ဆိုပေမယ့် အဝင်အထွက်ကို လုံးဝတော့ မပိတ်သေးပါဘူး။
ဒါပေမဲ့ အဲဒီနောက်ပိုင်းကစပြီး ဘင်္ဂလားဒေ့ရှ်ပြည်တွင်း ကိုဗစ်နေ့စဉ်ကူးစက်သူ တွေ့ရှိနှုန်းကတော့ ကျသွားခဲ့ပါတယ်။
ပါကစ္စတန်ဘက်ကို ကြည့်မယ်ဆိုရင်လည်း ကိုဗစ်ကြောင့် လတ်တလော ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း ခုန်တက်လာတဲ့အတွက် ပါကစ္စတန်ကျန်းမာရေးစနစ်က မနိုင်မနင်းဖြစ်လာမှာကို စိုးရိမ်လာကြပါတယ်။
အခုလို အခြေအနေရှိနေပေမဲ့ ပါကစ္စတန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လော့ဒေါင်းတော့ မချရသေးဘဲ ဒေသတွင်း အာဏာပိုင်တချို့ကတော့ သူတို့နယ်တစ်ခုစီအတွက် နှာခေါင်းစည်းတပ်ဖို့ အပါအဝင် တခြား ကန့်သတ်တားမြစ်ချက်တွေ ထုတ်ပြန်နေပြီး ပါကစ္စတန် စစ်တပ်ကလည်း တချို့ဒေသတွေမှာ ကူညီပေးနေပါတယ်။
ပါကစ္စတန်ပြည်ဝင်ခွင့်ကိုတော့ အိန္ဒိယနဲ့တကွ အာဖဂန်နစ္စတန်နဲ့ အီရန်က ဝင်လာမယ့်သူတွေကို ပိတ်ပင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သီရိလင်္ကာနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ဧပြီလလယ်လောက်ကစလို့ ကိုဗစ်ဖြစ်ပွားနှုန်း ထိုးတက်လာခဲ့တာကို တွေ့ရပြီး တချို့ ဖြစ်ပွားမှုများတဲ့ ဒေသတွေအတွင်း ကျောင်းတွေ ပိတ်ထားတာ၊ ဘာသာရေး အခမ်းအနားတွေကို တားမြစ်တာနဲ့ အိန္ဒိယဘက်က ပြည်ဝင်ခွင့်ကိုလည်း ပိတ်ထားပါတယ်။
အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်တို့ရဲ့ ၂၀၂၁ ဇန်နဝါရီကနေ မေလ ၆ ရက်နေ့အထိ တစ်ပတ်ချင်း ပျမ်းမျှ ကိုဗစ်ကူးနှုန်းကို လေ့လာကြည့်ရာမှာ နီပေါနဲ့ သီရိလင်္ကာတို့ရဲ့ ကိုဗစ် ကူးနှုန်းတက်မှုက အိန္ဒိယနဲ့ အချိန်ကိုက်လို ဖြစ်နေတာကို တွေ့ရပြီး ဘင်္ဂလားဒေ့ရှ်ကတော့ အစပိုင်း မြင့်တက်မှုကို ပြန်ထိန်းနိုင်ခဲ့တာ တွေ့ရပါတယ်။ အာဖဂန်နစ္စတန်မှာ ကိုဗစ်ကူးနှုန်းကတော့ အိန္ဒိယရဲ့ ကိုဗစ်လှိုင်းရိုက်ခတ်မှု အနည်းဆုံးလို့ ဆိုနိုင်ပါတယ်။
အိန္ဒိယမှာ ကိုဗစ်ကူးနှုန်းနဲ့ သေနှုန်းတွေ ဘယ်လို မြင့်တက်လာခဲ့တာလဲ
အိန္ဒိယနိုင်ငံမှာ ပြန့်ပွားနေတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေထဲမှာ တခြားနိုင်ငံတွေမှာ တစ်ခါမှ မတွေ့ရဖူးတဲ့ ဗီဇမျိုးကွဲသွားတဲ့ ကိုဗစ်ပိုးတစ်မျိုး ကူးစက်မှု များပြားလာတဲ့အတွက်လည်း အိမ်နီးချင်းနိုင်ငံတွေမှာပါ ကူးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒါပေမဲ့ အခုလို ပြန့်ပွားနေတဲ့ ကိုဗစ်ပိုးဟာ တခြားနေရာတွေမှာ စတင်ပေါ်ပေါက်လာတဲ့ ကိုဗစ်မျိုးကွဲ၊ ဥပမာ ယူကေမှာ စတွေ့ရတဲ့ ကိုဗစ်မျိုးကွဲ အမျိုးအစားလည်း ဖြစ်နေနိုင်ပါတယ်။
နီပေါနိုင်ငံက သူတို့ပြည်တွင်းမှာ တွေ့ရတဲ့ ကိုဗစ်ပိုး မျိုးနမူနာ ၁၅ ခုကို ဟောင်ကောင်မှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အသိအမှတ်ပြု ဓါတ်ခွဲခန်းတစ်ခုကို ပေးပို့ စမ်းသပ်စေခဲ့ရာမှာလည်း ကိုးခုက ယူကေမှာ ပထမဆုံးတွေ့ရတဲ့ ကိုဗစ်မျိုးကွဲ ဖြစ်နေပြီး၊ တစ်ခုကတော့ အိန္ဒိယမှာ တွေ့ရတဲ့ ကိုဗစ်မျိုးကွဲ ဖြစ်နေခဲ့ပါတယ်။
ပါကစ္စတန်မှာ အလားတူ တွေ့ရှိရတဲ့ ပိုးနမူနာတွေကို စစ်ဆေးရာမှာလည်း ပိုးနမူနာ အတော်များများဟာ ယူကေ ကိုဗစ်မျိုးကွဲ အမျိုးအစားဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ပါကစ္စတန်မှာ တွေ့ရတဲ့ ကိုဗစ်ပိုးမျိုးကွဲတွေထဲမှာ ယူကေက မျိုးကွဲသာမဟုတ်ပဲ ဆင်းဒ်ပြည်နယ်မှာ ဆိုရင် တောင်အာဖရိကနဲ့ ဘရာဇီးမှာ ပထမဆုံး စတွေ့ရတဲ့ ကိုဗစ်မျိုးကွဲတွေကိုလည်း တွေ့လာရပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ဆိုရင်လည်း တောင်အာဖရိကမှာ တွေ့ရတဲ့ ကိုဗစ်ပိုးမျိုးကွဲ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တွေ့ရှိရတဲ့ ကိုဗစ်ပိုးက မျိုးကွဲတစ်ခု ဟုတ်မဟုတ်ကို သိနိုင်တဲ့အထိ အသေးစိတ်တဲ့ လေ့လာမှုတွေက ဒီတောင်အာရှ ဒေသအတွင်းမှာ အပြည့်အဝ မလုပ်နိုင်တဲ့အတွက် ဒီဒေသတွင်း နိုင်ငံတွေမှာ ကိုဗစ်ပိုး ကူးစက်နှုန်းတက်လာခဲ့တာက အဲဒီ မျိုးကွဲတွေကြောင့် ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် WHO က အကြံပြုထားတဲ့ ကိုဗစ် စစ်ဆေးနိုင်မှုနှုန်းကိုလည်း ဒီဒေသတွင်း ပြည့်မီအောင် မလုပ်နိုင်တဲ့အတွက် ကူးနှုန်း များမများ ဆုံးဖြတ်နိုင်လောက်တဲ့ စမ်းသပ်မှု မရှိတဲ့အချိန်မှာ ကိုဗစ် စစ်သူတွေထဲက ကူးနေများနေတာဟာ တကယ်ကူးနှုန်းများနေတာ ဟုတ်မဟုတ် စနစ်ကျကျ ဆုံးဖြတ်ရ ခက်ခဲတဲ့ ပြဿနာလည်း ရှိနေပြန်ပါတယ်။

တောင်အာရှ ဒေသတွင်း ကိုဗစ် ကာကွယ်ဆေး ထိုးပေးမှု အခြေအနေ
တောင်အာရှဒေသအတွင်းမှာ ကာကွယ်ဆေး ထိုးပေးနိုင်မှုနှုန်း နည်းတာကလည်း ပြဿနာ တစ်ခု ဖြစ်နေပြန်ပါတယ်။
တောင်အာရှဒေသအတွင်းက နိုင်ငံတွေမှာ ဒီနှစ် ၂၀၂၁ ဇန်နဝါရီလက စပြီး ကိုဗစ်ကာကွယ်ဆေးတွေ စပြီး ထိုးပေးနေပေမဲ့ ဆေးထိုးပေးနိုင်နှုန်း နည်းနေရာမှာ နီပေါမှာ လူတစ်ရာမှာ ဆေး ၇.၂ လုံးနှုန်း၊ ဘင်္ဂလားဒေ့ရှ်မှာ လူတစ်ရာမှာ ဆေး ၅.၄ လုံးနှုန်း၊ သီရိလင်္ကာမှာ လူတစ်ရာ ဆေး ၄.၈ လုံးနှုန်း၊ ပါကစ္စတန်မှာ လူတစ်ရာကို ဆေး ၁ လုံးနှုန်းနဲ့ အာဖဂန်နစ္စတန်မှာ လူတစ်ရာကို ဆေး ဝ.၆ လုံးနှုန်း ရှိတာကို လတ်တလော ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အခုလို ကာကွယ်ဆေးထိုးပေးနိုင်နှုန်းတွေကို ဥရောပနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လူတစ်ရာမှာ ဆေးအလုံး ထိုးပေးနိုင်မှု နှုန်း ယူကေမှာ ၇၆၊ အမေရိကန်မှာ ၇၅၊ ဥရောပသမဂ္ဂမှာ ၃၇ နဲ့ တရုတ်မှာ ၂၀ ကျော်တို့ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အစောပိုင်းမှာ သူတို့ပြည်တွင်းမှာ ကိုဗစ် ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဆီရမ် အိန္ဒိယနဲ့ ဘာရတ် ဘိုင်အိုတက်ခ် တို့က ထုတ်လိုက်တဲ့ ကိုဗစ်ကာကွယ်ဆေး တချို့ကို အိမ်နီးချင်းနိုင်ငံတွေဆီ လှူခဲ့ပါသေးတယ်။
ဒါပေမဲ့ လတ်တလော ကိုဗစ်ကူးနှုန်း မြင့်တက်လာတဲ့ အချိန်မှာတော့ အခုလို ကာကွယ်ဆေးတွေကို ပြင်ပကို လှူတာနဲ့ ရောင်းချတာတွေကို အိန္ဒိယအစိုးရက ယာယီ တားမြစ်ထားပါတယ်။
တစ်ကမ္ဘာလုံးက ဆင်းရဲ၊ ချမ်းသာ နိုင်ငံမရွေး ကိုဗစ်ကာကွယ်ဆေး ရရှိကြရေး ထူထောင်ထားတဲ့ ကိုဗက် အစီအစဉ်အတွက် လိုအပ်တဲ့ ကာကွယ်ဆေးအရေအတွက်ကလည်း နိုင်ငံတကာမှာ ပြတ်လပ်မှုတွေ ဖြစ်နေတဲ့အတွက်လည်း အိန္ဒိယနိုင်ငံအတွက် ပိုအကျပ်အတည်း တွေ့ရပါတယ်။
တကြိမ်မှာဆိုရင် နီပေါနဲ့ သီရိလင်္ကာနိုင်ငံတို့ဟာ တရုတ်နိုင်ငံ ဆိုင်နိုဖားမ် ကုမ္ပဏီက လှူမယ့် ကိုဗစ်ကာကွယ်ဆေး မရခင်မှာ ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်ကို ရပ်ဆိုင်းထားခဲ့ရပြီး ပါကစ္စတန် နိုင်ငံမှာ ဆိုရင်လည်း အနောက်နိုင်ငံတွေက ထုတ်တဲ့ ကိုဗစ် ကာကွယ်ဆေးတွေသာမက တရုတ်ကရော၊ ရုရှားနိုင်ငံက ကိုဗစ် ကာကွယ်ဆေးတွေကိုပါ သူတို့ ပြည်တွင်းမှာ ထိုးပေးနေပါတယ်။









