ဒေလီကဆေးရုံတွေမှာ အောက်စီဂျင်ပြတ်လို့ ကိုဗစ် လူနာတွေ ပိုသေဆုံးနေ

ကိုဗစ်လူနာတွေ အသက်ကယ်ဖို့အတွက် အောက်စီဂျင်ထောက်ပံ့မှုတွေ အရေးပေါ်လိုအပ်နေပြီးလူနာတွေအတွက် အန္တရာယ်တွေကျရောက်နိုင်တဲ့ အခြေအနေရှိတယ်လို့တနင်္ဂနွေနေ့မှာ ဒေလီမြို့က ဆေးရုံတွေက ထုတ်ပြောနေကြပါတယ်။

ဒီ ပြဿနာရဲ့အစက လွန်ခဲ့တဲ့သီတင်း နှစ်ပတ်ကတည်းကဖြစ်ပေမဲ့ အခုထိ ပြေလည် အောင်လုပ်နိုင်မယ့် အခြေအနေတွေလည်း မတွေ့ရသေးပါဘူး။ စနေနေ့ကတော့ ဒေလီက လူသိများထင်ရှားတဲ့ဆေးရုံတစ်ရုံမှာ အောက်ဆီဂျင်ပြတ်လို့ ဆရာဝန်တစ်ဦးအပါအဝင်လူနာ ၁၂ ဦးသေဆုံးခဲ့ပါတယ်။ဆေးရုံတွေအပြင်ဘက်မှာလည်း လူနာကုတင်မရတဲ့မိသားစုဝင်တွေဟာ အောက်ဆီဂျင်ဆလင်ဒါအိုး ရဖို့အတွက် ရုန်းကန်နေကြရပါတယ်။

ဒေလီမြို့က ဆေးရုံကြီး အများစုဟာ နေ့စဥ်ပေးပို့နေတဲ့ အောက်စီဂျင်တွေကို မှီခိုအားထားနေရတာဖြစ်ပြီး အရေးပေါ်လိုအပ်လာရင်သုံးနိုင်ဖို့လည်း အောက်စီဂျင်တွေ လုံလုံလောက်လောက် သိုလှောင်နိုင်တာ မရှိကြပါဘူး။

"ပင်မသိုလှောင်ကန်ထဲမှာ ရှိတဲ့ဟာတွေ အားလုံးကို သုံးလိုက်ပြီဆိုရင်အဲ့ဒါအတွက် အစားထိုး ပြန်ဖြည့်စရာ လုံးဝမရှိဘူး "လို့ဆရာဝန်တစ်ယောက်ကရှင်းပြပါတယ်။

ပြီးတော့ အောက်စီဂျင် သိုလှောင်ကန်တွေမရှိလို့ အောက်စီဂျင် ဗူးကြီးတွေကိုသာ မှီခိုနေရတဲ့ ဆေးရုံငယ်တွေမှာလည်း အခြေအနေတွေက ပိုဆိုး ရွားနေဆဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုတွေ ပိုတိုးလာတာနဲ့အတူ အောက်စီဂျင်မလုံလောက်တဲ့ ပြဿနာကလည်း တစ်ပြိုင်နက်တည်း ဖြစ်လာပါတယ်။

ဒေလီတစ်မြို့တည်းမှာတင် တနင်္ဂနွေနေ့မှာ လူ၄၀၇ဦးသေဆုံးခဲ့ပြီး လူနှစ်သောင်းကျော် ရောဂါပိုး ကူးစက်ခံရပါတယ်။

ပြီးတော့ အိန္ဒိယနိုင်ငံတစ်လွှားမှာလည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုက အကြီးအကျယ်တိုးလာပြီးတော့ တစ်ရက်တည်းမှာတင် လူလေးသိန်းကျော် ရောဂါကူးစက်ခံခဲ့ရပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

တိုက်ပွဲနဲ့ နေ့စဥ်ကြုံတွေ့နေရ

သူ့ရရီရမ်ဆင်း ဆေးရုံမှာ ကိုဗစ် လူနာတွေကုသဖို့ ကုတင်၅၀နဲ့ အရေးပေါ် လူနာ တွေအတွက် နေရာ ၁၆ နေရာ ရှိပေမဲ့ အောက်စီဂျင်မလုံလောက်တဲ့ အတွက် လူနာတွေကို သူ့ ဆေးရုံမှာ လက်ခံလို့မရဘူးလို့ ဆေးရုံကိုဦးဆောင်နေတဲ့ ဒေါက်တာ ဂူတမ်ဆင်းက ပြောပါတယ်။

အောက်စီဂျင်အချိန်မီမရင် ဘေးဒုက္ခ တွေ့တော့မယ်ဆိုတဲ့ အကြောင်းကိုလည်း ပြီးခဲ့တဲ့ရက်တွေ ကတည်းက သူအနေနဲ့ သတိပေးထားပြီးဖြစ်ပါတယ်။

" တိုက်ပွဲတွေနဲ့ နေ့တိုင်း ရင်ဆိုင်နေရတယ်။ ဆေးရုံက ဝန်ထမ်း တစ်ဝက်လောက်ကလည်း လမ်းပေါ်ထွက်ပြီး တစ်နေရာကနေ တစ်နေရာ နေ့တိုင်း အောက်စီဂျင်ဗူး အရှာထွက်နေရတယ် "လို့ သူက ရှင်းပြပါ တယ်။

အောက်စီဂျင်ပြတ်ပြီး သူ့ဆေးရုံမှာ လူနာတွေ သေဖို့အခြေအနေတွေ ဖြစ်လာနိုင်တာက သူ့ အိပ်မရအောင် စိုးရိမ်မှုတွေ ဖြစ်နေတယ်လို့ ဒေါက်တာဆင်းကပြောပါတယ်။

"ကျွန်တော့်အနေနဲ့ အောက်စီဂျင်ရဖို့ ပူပန်မနေသင့်ဘူး။ လူနာတွေကို ကုသပေးရမယ့် ကိစ္စကိုပဲ အာရုံစိုက်သင့်တာပါ " လို့လည်း ဒေါက်တာဆင်းက ထပ်ပြောပါတယ်။

သူ့လိုပဲ အခြားဆေးရုံ ပိုင်ရှင်တွေဟာလည်း ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင် နေရပါတယ်။

ဒီအကျပ်အတည်းစတဲ့အချိန်ကစလို့ အာဏာပိုင်တွေဘက်က ဘာပူးပေါင်းဆောင်ရွက်မှုမှ မရဘူးလို့ သူ့မိသားစုပိုင်တဲ့ ဒေလီမြို့က ပုဂ္ဂလိကဆေးရုံတစ်ရုံကို ဦးဆောင်နေတဲ့သူကပြောပါတယ်။

ဒီ ပြသာနာ စဖြစ်တဲ့ရက်တွေက စပြီး ဒီကိစ္စကို တာဝန်ယူဖြေရှင်းမယ့် ဘယ်သူ့ကို ဆက်သွယ်ရမှန်းတောင် မသိတော့ဘူးလို့ ပြောပါတယ်။

ပြီးတော့ အခြေနေက နည်းနည်းလေး အကောင်းဘက်ကို ရောက်လာတယ်ဆိုပေမယ့် လူနာတွေဒီ့ထက် ပိုများလာရင် ဖြေရှင်းနိုင်ပါ့မလားဆိုတာကလည်း မသေချာဘူးလို့ သူကထောက်ပြပါတယ်။

အောက်စီဂျင် ပေးထားနိုင်တဲ့ လူနာကုတင်တွေရှိလားလို့ တစ်ယောက်ယောက်က လာမေးရင် မရှိဘူးလို့ စိတ်မကောင်းစွာနဲ့ မရှိဘူးလို့ ငြင်းနေရတယ်လို့ဆိုပါတယ်။

ဆေးရုံတွေကနေ နေ့စဥ်လိုလို အရေးပေါ်အကူအညီတောင်းခံနေတာကိုကြားနေရပြီး အထူးသဖြင့် အောက်စီဂျင်ဓာတ်ငွေ့ လှောင်ကန်တွေမရှိတဲ့ အောက်စီဂျင်ဗူးတွေကိုသာ အားထားနေရတဲ့ ဆေးရုံတွေက အကူအညီတောင်းခံနေတာ ဖြစ်ပါတယ်။

ပြည်နယ် အစိုးရဆီကနေ လုံလောက်တဲ့ အောက်စီဂျင် အထောက်အပံ့ တွေမရဘူးလို့လည်း ဒေလီမြို့ ကျန်းမာရေးဌာန အကြီးအကဲ အာဗင်ကာချ်ရီဝါကလည်း ထပ်ခါထပ်ခါပြောနေပါတယ်။

ဒါပေမဲ့ သူတို့မှာ အောက်စီဂျင်တွေ အလုံအလောက်ရှိတယ်၊ သယ်ယူပို့ဆောင်ရေးကြောင့် အခက်အခဲဖြစ်နေတာလို့ ပြည်နယ်အစိုးရဘက်ကတော့ ပြန်ပြောနေပါတယ်။

လုံလုံလောက်လောက်ရှိနေတယ် ဆိုရင်လည်း ဖြည့်ပေးဖို့ ခင်‌ဗျားတို့မှာ တာဝန်ရှိတယ်။ ဒီကိစ္စ ပြေလည်အောင် ခင်ဗျားတို့ စီမံပေးရမယ်လို့ အစိုးရကို ဒေလီမြို့ တရား ရုံးချုပ်ဘက်ကလည်း ပြန် တုံ့ပြန် ထားပါတယ်။

လူတွေကတော့ပေးဆပ်နေရ

ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့မြေပြင်အခြေအနေကတော့ သေရေးရှင်ရေးအခြေအနေ ဖြစ်နေပါတယ်။

ပြည်နယ်နဲ့ ဗဟို အစိုးရကြားက နိုင်ငံရေးအငြင်းပွားမှုတွေ ကြားမှာ လူတွေ ဒုက္ခတွေ့နေကြပြီး တစ်ခါတစ်လေ အသက်တွေ တောင်ပေးနေရတယ်လို့ လေ့လာ ဆန်းစစ်သူတစ်ယောက်ကပြောပါတယ်။

ပြီးတော့ အောက်စီဂျင်ရဖို့ မသေချာတဲ့ အခြေအနေအောက်မှာအပြင် ဆေးရုံမှာလူနာကုတင် တစ်ခုရဖို့လည်း မိသားစုတွေက ကြိုးစားရှာဖွေနေကြရပါတယ်။

ပြီးခဲ့တဲ့ ၄၈နာရီတွင်းမှာ အာတက်ဖ်ရမ်ဆီတစ်ယောက် ဒုက္ခအကြီးအကျယ်နဲ့ ကြုံ ခဲ့ရ ပါတယ်။

သူနဲ့ သူ့မိသားစုတစ်ခုလုံး ပြီးခဲ့တဲ့အပတ်က ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။

သူ့ရဲ့ကိုယ်ဝန်ဆောင် ဇနီးက ရောဂါဝေဒနာ အကြီးအကျယ် ခံစားခဲ့ရပြီး သောကြာနေ့က ဆေးရုံမှာ မိန်းကလေးမီးဖွားခဲ့ပါတယ်။ ကလေးမွေးပြီး နာရီပိုင်းအကြာမှာပဲ သူ့မိန်းမကို အသက်ရှုစက်တပ်ခဲ့ရပြီး အခုအချိန်အထိ ရောဂါ ဝေဒနာ အပြင်းအထန် ခံနေရဆဲဖြစ်ပါတယ်။

သူ့ဇနီးနဲ့ သူ့ကလေး အထူးကြပ်မတ်ကုသခန်းထဲမှာ အောက်စီဂျင် ပြတ်လပ်မှုနဲ့ကြုံနေရတဲ့ တစ်ချိန်တည်းမှာပဲ သူ့အဖေကလည်း အခြားဆေးရုံတစ်ရုံမှာ သေဆုံးခဲ့ရပါတယ်။ အခုတော့ သူ့မိန်းမကို တင်ထားတဲ့ဆေးရုံမှာ အောက်စီဂျင် ပုံမှန်ပြန်ရပြီဆိုပေမဲ့ ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာမှာကို အာလ်တက်ဖ်တစ်ယောက် စိုးရိမ်နေရပါတယ်။

မနက်ဖြန် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ သူကပြောပါတယ်။

အောက်စီဂျင် မလုံလောက်မှာကို စိုးရိမ်နေတဲ့ကိစ္စအပြင် သူတို့ဆေးရုံမှာ ဝန်ထမ်းမလုံလောက်လို့ အခြားနေရာကို ရွှေ့ပေးဖို့လည်း ဆေးရုံကပြောနေတာနဲ့ အာလ်တက်ဖ် ကြုံခဲ့ရပါတယ်။ သူ့ဇနီးရဲ့ အောက်စီဂျင် ရရှိမှုအခြေအနေကိုတောင် လစ်လျုရှုရတော့မလို ဖြစ်နေတာပါ။

"ကျွန်တော်ဘယ်လို ခံစားနေရတယ်ဆိုတာက ရှင်းပြလို့ကိုမရဘူး"လို့ သူကပြောပါတယ်။

ကျွန်တော့်အဖေ အောက်စီဂျင်ပြတ်သွား

ဒေလီမြို့က ဆေးရုံတွေမှာ ကုတင်မရလို့ အိမ်မှာပဲ နေနေရတဲ့လူနာတွေအတွက် အောက်စီဂျင်ရဖို့ တစ်ခုတည်းသောနည်းလမ်းက အောက်စီဂျင် ဆလင်ဒါဗူးအသေးလေးတွေကို အသုံးပြုရတာပါ။

စနေနေ့တုန်းက အဟစ်ရှက်ခ်ရှာမာရဲ့ အဖေ အောက်စီဂျင်လယ်ဗယ် စကျလာလို့ အောက်စီဂျင်ဗူးတစ်ဗူးကို စျေးကွက်ထဲမှာမဖြစ်မနေ ပြေးဝယ်ခဲ့ရပါတယ်။

ဆိုင်ဒါဇင်နဲ့ချီလိုက်ရှာပြီးတဲ့ အခါမှာတော့ ၆နာရီလောက်ပဲ အောက်စီဂျင်ပေးနိုင်တဲ့ အောက်စီဂျင် ဗူးသေးတစ်ဗူးဝယ်လို့ ရခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒေါ်လာ ၉၀၀ကျော်ပေးရတဲ့၊ အထဲမှာ အောက်စီဂျင်မပါတဲ့ ၊ဆလင်ဒါဗူးအလွတ်ကို ဝယ်ရခဲ့ပါတယ်။

အဲ့ဒီဗူးကို အောက်စီဂျင်ဖြည့်ဖို့ နေရာတော်တော်များများ သွားခဲ့ပေမဲ့ ဖြည့်ပေးနိုင်တဲ့ တစ်နေရာတည်းတွေ့ခဲ့ပြီး အောက်စီဂျင်ဖြည့်ဖို့ အကြာကြီးတန်းစီခဲ့ရပါတယ်။

"တန်းစီနေတဲ့အချိန် မိနစ်တိုင်းဟာ ကျွန်တော့်အဖေအတွက် အောက်စီဂျင်က လိုအပ်နေတာပါ ။ လူတိုင်းကလည်း ကိုယ့်လိုပဲ ဘဝတူတွေဆိုတော့ သူတို့ကိုကျော်ပြီး ရှေ့မှာ သွားတန်းစီလို့မရဘူး။ ၆နာရီကြာ တန်းစီပြီးရင်တော့ ကျွန်တော့် အောက်စီဂျင်ဗူး ဖြည့်လို့ရပေမဲ့ နောက်နေ့ကျရင်လည်း ဒီလိုမျိုးထပ် ကြုံ ရဦးမှာပါ"လို့သူကပြောပြပါတယ်။

အများပြည်သူဆိုင်ရာမူဝါဒနဲ့ ကျန်းမာ‌ရေးစနစ် ကျွမ်းကျင်သူ ဒေါက်တာ ချန်ဒရာကန့် လာဟာရီယာကလည်း ဒီလိုမျိုး အကျပ်အတည်းတွေ တွေ့မယ်လို့ အစိုးရကို ကြိုသတိပေးကြပေမဲ့ ဘာမှအရေးယူဆောင်ရွက်မှု မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

အစိုးရဆေးရုံတွေမှာ အောက်စီဂျင်မလုံလောက်တာ၊ ကုတင်မလုံလောက်တာတွေ ဖြစ်လာနိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းက ကျန်းမာရေးဆိုင်ရာ ပါလီမန်ကော်မတီကလည်း သတိပေးထားတာရှိပါတယ်။

ဖြန့်ဖြူးတဲ့ စနစ်ကို မပြင်ဆင်တာ၊ သယ်ယူပို့ဆောင်ရေးစနစ် ညံ့ဖျင်းတာတွ ကြောင့် အိန္ဒိယမှာ ဆေးရုံသုံး အောက်စီဂျင်တွေ ပြတ်လပ်မှုနဲ့ ကြုံခဲ့ရတာလို့ ဒေါက်တာ လာဟာရီယာက ပြောပါတယ်။

ဒါပေမဲ့ အောက်စီဂျင်ပြတ်လပ်မှု စကြုံခဲ့ရပြီးနောက် နှစ်ပတ်အချိန်တွင်းမှာလည်း ဒီပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးတာကို အများစုက အံ့အားသင့်နေကြတာပါ။

စစ်ပွဲတစ်ပွဲကိုရင်ဆိုင်နေရသလိုမျိုး ပြင်ဆင်ထား

ဒီအခြေနေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတဲ့ လူတွေအားလုံးဟာ ရတဲ့နည်းနဲ့ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

အဲ့ဒီလိုကြိုးစားနေသူတွေထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ လူမူတက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား တာဆင်း ပွန်နာဝါလာ၊ နိုင်ငံရေးသမား ဒီလစ်ပန်ဒီ၊ တက်ကြွ လှုပ်ရှားသူနဲ့ နိုင်ငံ‌ရေးသမား ဆာရီနီဗက်စ် B Vနဲ့ သရုပ်ဆောင် ဆိုနူဆုဒ်တို့လည်း ပါဝင်ကြပါတယ်။

မစ္စတာပွန်နာဝါလာဟာ အောက်စီဂျင်ပြတ်နေတဲ့ ဆေးရုံငယ်တွေကို အကူညီပေးနေတဲ့သူဖြစ်ပါတယ်။ အကူအညီ လိုအပ်နေတဲ့ လူတွေကို အကူအညီပေးဖို့ ကူညီနိုင်တဲ့သူတွေ အားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်လို့ သူက အခုလိုပြောပါတယ်။

"စစ်ဖြစ်တဲ့နေရာမှာ ရင်ဆိုင်ကုသပေးတဲ့ ပုံစံမျိုး အဖွဲသေးလေးတစ်ဖွဲ့ပြီး လုပ်ထားပါတယ်။အဲ့ဒီမှာ ကျွန်တော်နဲ့သိတဲ့သူတွေ ကူညီ ချင်တဲ့သူတွေ အခြားပြည်နယ်ကလူတွေကိုပါ ခေါ်စုထားပါတယ်။"

ဒါပေမဲ့ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်လို့ သူကပြောပါတယ်။

"အစိုးရအနေနဲ့ ဒီကိစ္စကို ရှေ့တိုး ဖြေရှင်းပေးဖို့ လိုနေပါပြီ။ ဘာလို့လည်းဆိုတော့ ဆေးရုံတွေမှာ အကူအညီလိုအပ်နေတဲ့ လူတိုင်းကို ကူညီနိုင် ဖို့ ကျွန်တော့်မှာ အရင်းမြစ် အခြေအနေတွေအများကြီးမရှိပါဘူး။"

သူ့မိသားစုပိုင်တဲ့ ဆေးရုံကို ဦးဆောင်နေတဲ့ အမျိုးသမီးကလည်း သူ့အမြင်ကို အခုလိုထပ်ပြောပါတယ်။

"အောက်စီဂျင်ပြတ်ပြီး သေရတဲ့ လူတွေအကြောင်းကို စဥ်းစားမိရင် ညဘက်တောင် အိပ်မပျော်ဘူး။ သေတဲ့သူအများစုမှာ မိသားစုတွေရှိကြပါတယ်။ တစ်ချို့ဆို ကလေးငယ်ငယ်လေးတွေ ကျန်ခဲ့ကြတယ်။ အဲ့ဒီကလေးတွေကြီးလာရင် သူတို့ မိဘတွေဘယ်လိုသေခဲ့ရတာလဲလို့ မေးခွန်းထုတ်ကြရင် ကျွန်မတို့ ဘယ်လို ရှင်းပြကြမလဲ"။