ကိုဗစ်ကူးစက်သေဆုံးမှုမြင့်နေတဲ့ကြား အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲ ဆက်ကျင်းပ

အနောက်ဘင်္ဂလားပြည်နယ်က ပြည်သူတွေ မဲသွားပေးနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အနောက်ဘင်္ဂလားပြည်နယ်က ပြည်သူတွေ မဲသွားပေးနေကြ

အိန္ဒိယ နိုင်ငံက အနောက်ဘန်ဂေါလ် ပြည်နယ်မှာ ကိုဗစ် ကူးစက်ခံရမှုတွေ တက်နေတဲ့ ကြားမှာပဲ ပြည်နယ် ရွေးကောက်ပွဲတွေရဲ့ နောက်ဆုံးအဆင့်မှာ ပြည်သူတွေ မဲပေးနေကြပါတယ်။

မဲရုံတွေအပြင်ဘက်မှာလည်း မဲပေးဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးတွေကို တွေ့နေရပါတယ်။ အဲဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ကူးစက်မှုတွေ ပိုပြီး ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

ကျွမ်းကျင်သူတွေက အနောက်ဘန ပြည်နယ်ဟာ ဗိုင်းရပ်စ် ကူးစက်မှုရဲ့ နောက်ထပ် အချက်အချာ နေရာကြီး ဖြစ်လာနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပေမယ့် မဲဆွယ်စည်းရုံးမှုတွေကို ဆက်လုပ်နေခဲ့ကြပါတယ်။

အိန္ဒိယမှာ ကြာသပတေးနေ့မှာ ကူးစက်ခံရသူပေါင်း ၃၇၉,၂၅၇ ထပ်တွေ့ခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ တနေ့တည်း ကူးစက်ခံရမှု အမြင့်ဆုံး ဖြစ်ပါတယ်။

အနောက် ဘန်ဂေါလ် ပြည်နယ်ထဲမှာ ဗုဒ္ဓဟူးနေ့က ကူးစက်ခံရသူ ၁၇,၀၀၀ ထပ်တွေ့ခဲ့ပြီး ဒါဟာ ပြည်နယ်တွင်း စံချိန်လည်း ဖြစ်ပါတယ်။

အနောက် ဘန်ဂေါလ် ပြည်နယ်တွင်းမှာ ရွေးကောက်ပွဲ အဆင့် ၇ ဆင့်ကို ကျင်းပခဲ့ကြပြီး ဖြစ်ပါတယ်။ အနောက် ဘန်ဂေါလ်ဟာ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီ ပါလီမန်ထဲမှာ အများစု အသာ မရတဲ့ သိပ်များမလှတဲ့ ပြည်နယ်တွေထဲက တခုလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်မှုတွေ တက်လာနေချိန်မှာ ဝန်ကြီးချုပ်က လူစုလူဝေးကြီးတွေ လုပ်ပြီး မဲဆွယ်နေခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်မှုတွေ အများကြီးရှိခဲ့ပါတယ်။

အဲဒီက ဘီဘီစီ သတင်းထောက် Amitabha Bhattasali က မစ္စတာ မိုဒီကိုယ်တိုင် တက်ရောက်ခဲ့တဲ့ လူထု ချီတက်ပွဲတွေ အပါအဝင် လူစုလူဝေးကြီးတွေ လုပ်ခဲ့ကြရာမှာ မျက်နှာဖုံးတွေ နှာခေါင်းစည်းတွေ တပ်မထားကြသူတွေ၊ အချင်းချင်း ခပ်ခွာခွာ နေရမယ့် စည်းကမ်းကို မလိုက်နာကြသူတွေကို အများကြီး တွေ့ခဲ့ရကြောင်း ပြောပါတယ်။

လက်ရှိ အိန္ဒိယ အခြေအနေ

ကိုဗစ်ကူးစက် သေဆုံးမှုတွေ မြင့်တက်နေပြီး နေ့ညဆက်တိုက် မီးသင်္ဂြိုဟ်နေရလို့ ယာယီ မီးသင်္ဂြုိဟ်စင်တွေဆောက်နေရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိုဗစ်ကူးစက် သေဆုံးမှုတွေ မြင့်တက်နေပြီး နေ့ညဆက်တိုက် မီးသင်္ဂြိုဟ်နေရလို့ ယာယီ မီးသင်္ဂြုိဟ်စင်တွေဆောက်နေရ

ဆေးရုံတွေမှာ မနိုင်မနင်း ဖြစ်နေကြပါပြီ။ လူနာတွေကို ပေးရှူဖို့ အောက်ဆီဂျင်တွေလည်း ပြတ်သလောက် ဖြစ်နေပြီဖြစ်သလို မီးသင်္ဂြိုဟ်စက်တွေမှာလည်း မရပ်မနား အလုပ်လုပ်နေကြရပါတယ်။ ဗုဒ္ဓဟူးနေ့ကဆို သေဆုံးခဲ့ရသူ ဦးရေက ၂၀၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ တကယ့် သေဆုံးသူ ဦးရေက အဲဒီ ပမာဏထက် အများကြီး ပိုနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဗုဒ္ဓဟူးနေ့က ကိုဗစ်ကြောင့် သေဆုံးခဲ့သူ ၃,၆၄၅ ရှိပြီး ဒါဟာ တရက်ချင်းအလိုက် သေဆုံးသူ အများဆုံးနေ့ ဖြစ်ခဲ့ ပါတယ်။

ကာကွယ်ဆေး အခြေအနေ

အစိုးရကတော့ လာမယ့် မေလ ၁ ရက်နေ့က စလို့ အရွယ်ရောက်ပြီး သူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးလို့ ရတော့မယ်လို့ ပြောပါတယ်။ အွန်လိုင်းပေါ်ကနေ မှတ်ပုံတင်ဖို့ အတွက်လည်း ဧပြီ ၂၈ ရက်ကတည်းက ဖွင့်ပေးထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ မှတ်ပုံတင်ရမယ့် ဝက်ဘ်ဆိုက်က ဖွင့်ပေးပြီး မကြာခင်မှာပဲ ပြန်ကျ သွားတာကြောင့် လူမှု ကွန်ရက်တွေပေါ်မှာ အဲဒီ ဆေးထိုးဖို့ မှတ်ပုံတင်တာ မရကြတဲ့အကြောင်း ပြစ်တင်သံတွေ ထွက်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်မိုဒီရဲ့ မဲဆွယ်ပွဲ မိန့်ခွန်းပြောကြားမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်မိုဒီရဲ့ မဲဆွယ်ပွဲ မိန့်ခွန်းပြောကြားမှု

လတ်တလောအချိန်ထိ အိန္ဒိယမှာ ကျန်းမာရေး လုပ်သားတွေ၊ ရှေ့တန်းမှာ တာဝန်ယူနေရသူတွေနဲ့ အသက် ၄၅ နှစ်နဲ့ အထက်တွေကို ကာကွယ်ဆေးထိုး ပေးနေပါတယ်။

ဒါပေမယ့် နိုင်ငံ့ လူဦးရေနဲ့ ဆိုရင် ၁၀ ရာခိုင်နှုန်း အောက်ပဲ ကာကွယ်ဆေး ပထမတလုံးကို ထိုးပေးနိုင်သေးတာဖြစ်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တခု ဖြစ်ပေမယ့် သူတို့ဆီမှာ လာမယ့် မေလ ၁ ရက်က စပြီး ကာကွယ်ဆေး ထိုးနှံဖို့ လိုအပ်လာတော့မယ့် လူသန်းပေါင်း ၆၀၀ ဝန်းကျင် အတွက်တော့ ဆေးတွေ အလုံအလောက် မရှိသေးပါဘူး။

အမေရိကန် သမ္မတ အိမ်ဖြူတော်က အမေရိကန်ပြည်ထောင်စု အတွက် မှာယူထားတဲ့ AstraZeneca က ကာကွယ်ဆေးတွေကို အိန္ဒိယ ဘက်ကို လွှဲပြောင်း ပေးမယ်လို့ ပြောပါတယ်။ အဲဒီကာကွယ်ဆေးတွေနဲ့ ပါဆိုရင် ဆေးလုံးရေ သန်း ၂၀ အထက်ရှိလာမှာ ဖြစ်ပါတယ်။

ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Bhramar Mukherjee က အိန္ဒိယ အနေနဲ့ ကာကွယ်ဆေး ထိုးနှံရေးနဲ့ အတူ လော့ခ်ဒေါင်းချတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးမှသာ ဗိုင်းရပ်စ် ကူးစက်မှု နှုန်းကို လျှော့ချနိုင်လိမ့်မယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မြို့တော် ဒေလီအပါအဝင် အိန္ဒိယရဲ့ ဒေသအတော်တချို့မှာ လော့ခ်ဒေါင်းချ ကာဖျူးထုတ်ထားတာတွေ ရှိပါတယ်။

ဘဏ္ဍာရေး မြို့တော် မွန်ဘိုင်း တည်ရှိရာ မဟာ ရတ်ရှ်ထြာ ပြည်နယ် အစိုးရကဆို လော့ခ်ဒေါင်းကာလကို မေလ လယ်ပိုင်းအထိ ဆက်တိုးဖို့တောင် စဉ်းစားနေပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပေနတဲ့ အနောက် ဘဲန်ဂေါလ်ပြည်နယ်မှာတော့ ဘာလော့ခ်ဒေါင်း၊ ဘာကာဖျူးမှ ထုတ်ထားတာမျိုး မရှိသေးပါဘူး။