ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အာဏာသိမ်းခေါင်းဆောင်တွေက တည်ငြိမ်ရေးအတွက်ဟုဆိုကာ ဖေ့စ်ဘွတ်ခ်ကို ပိတ်
မြန်မာနိုင်ငံက စစ်အာဏာသိမ်းခေါင်းဆောင်တွေက ဒီမိုကရေစီနည်းကျ ရွေးချယ် ထားတဲ့ အစိုးရကို ဖယ်ရှားခဲ့ပြီး နောက်ရက်ပိုင်းအတွင်းမှာပဲ အများပြည်သူတွေ ဖေ့စ်ဘွတ်ခ် မသုံးစွဲနိုင်အောင် ပိတ်ပင်လိုက်ပါတယ်။
မမှန်သတင်းတွေနဲ့ လှုံ့ဆော်မှုတွေကို ဖေ့စ်ဘွတ်ခ် ကနေ တစ်ဆင့် ပြုလုပ်နေတယ် ဆိုပြီး ဖေ့စ်ဘွတ်ခ်ကို မြန်မာပြည်တွင်းမှာ ဖေဖော်ဝါရီလ ၇ ရက် အထိ ပိတ်ထားဖို့ မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ စာတစ်စောင် အွန်လိုင်းမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညပိုင်းက ထွက်ပေါ်လာပါတယ်။
ဖေ့စ်ဘွတ်ခ် ကို ပိတ်ပင်လိုက်ဖို့ အစိုးရရဲ့ ညွှန်ကြားချက်ကို တခြား ဆက်သွယ်ရေး ကုမ္ပဏီတွေလိုပဲ တယ်လီနော (Telenor) ကုမ္ပဏီ အနေနဲ့လည်း ရရှိထားတယ်လို့ ဆိုပါတယ်။
အဲဒီညွှန်ကြားချက်အရ တယ်လီနောကလည်း ဖေ့စ်ဘွတ်ခ်ကို ပိတ်ထားတယ်လို့ ဆိုပါတယ်။
တနင်္လာနေ့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီလုပ်ရပ်အပေါ် ဆန့်ကျင်ကြသူ တွေရဲ့ အဓိကဆုံရပ်ဟာ ဖေ့စ်ဘွတ်ခ်ဖြစ်လာပါတယ်။
လူထုအာခံမှု (Civil Disobedience) နဲ့ ပတ်သက်ပြီး တခြားလှုပ်ရှားမှုတွေဖြစ်တဲ့ ရွေးချယ်ခံလွှတ်တော် အမတ်တွေက သူတို့ဟာ တရားဝင်အမတ်တွေဖြစ်ကြောင်းနဲ့ လွှတ်တော်ခေါ်ယူရေး လှုပ်ရှားမှုတွေ၊ လူတချို့ လမ်းတွေပေါ်ထွက်ဆန္ဒပြ လာတာ တွေ၊ ညတွေမှာ အိုးတွေ ခွက်တွေ သံပုံးတွေကို တီးတဲ့လှုပ်ရှားမှုတွေကို လုပ်နေကြ ပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ အခန်းကဏ္ဍ
မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်း အနက်က ထက်ဝက်လောက်ဟာ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုကြသလို နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေက စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြဖို့အရေး ညှိနှိုင်းဆက်သွယ်ကြဖို့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုကြပါတယ်။
ထင်ရှားတဲ့ လှုပ်ရှားတက်ကြွသူတွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးဂျင်မီတို့ကလည်း ပြည်သူ့ဝန်ထမ်းတွေ လူထုအာခံမှု လှုပ်ရှားမှုတွေမှာ ပါဝင်ကြဖို့ တိုက်တွန်းတာ တွေလည်း ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် ထွက်ပေါ်လာပါတယ်။
ရန်ကုန်မှာ ခရီးသွားလာရေး အေဂျင်စီ တစ်ခုကိုထောင်ထားတဲ့ အန်တိုနီ အောင်က ဖေ့စ်ဘွတ်ခ်ကို မိုဘိုင်းဖုန်း ဒေတာက တစ်ဆင့်တော့ မရပေမဲ့ ဝိုင်ဖိုင်ကနေ ရနိုင်သေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။
နောက်နာရီပိုင်းအကြာမှာတော့ ဖေ့စ်ဘွတ်ခ်ကို လုံးဝ သုံးလို့မရတော့ကြောင်း ပြောပါတယ်။
ကိုအန်တိုနီ အပါအဝင် မြန်မာပြည်သူအများအပြားက ဖေ့စ်ဘွတ်ခ်ကို ဆက်သုံးလို့ ရအောင် VPN - virtual private networks အက်ပ် ကတစ်ဆင့် လုပ်ဆောင်ကြပါတယ်။
ရန်ကုန်က ကျောင်းသား တစ်ယောက်ဖြစ်တဲ့ မမင်းထက်က"ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်တာဟာ လူငယ်တွေရဲ့ လွတ်လပ်မှုကို အဲဒီအချိန်ကစပြီး ကန့်သတ် ချုပ်ချယ်လိုက်တာပါပဲ" လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ဒီအခက်အခဲ အကန့်အသတ်တွေ ဖြစ်နေတာကို သူတို့ သိရှိထားကြောင်းပြောပြီး "မြန်မာပြည်က ပြည်သူတွေ သူတို့မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်နိုင်အောင်၊ အရေးကြီးတဲ့ သတင်းအချက် အလက်တွေရအောင် စတာတွေအတွက် ဖေ့စ်ဘွတ်ခ်ကို ပြန်ဖွင့်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းထားတယ်"လို့ ဆိုပါတယ်။
တယ်လီကွန်းကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနော မြန်မာက အမိန့်အတိုင်း ဖေ့စ်ဘွတ်ခ်ကို သူတို့ပိတ်ထားရတယ်၊ ဒါပေမဲ့ ဒီကန့်သတ်မှုဟာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ သူတို့က ထည့်သွင်းရေးထားပါတယ်။
လမ်းမတွေအပေါ်မှာ ဘာဖြစ်နေလဲ
မန္တလေးက ဝင်လာတဲ့ သတင်းတွေအရ ဆန္ဒပြပွဲ အသေးတစ်ခု ဖြစ်ခဲ့ပြီး ဖမ်းဆီးမှု တစ်ခုရှိခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သံပုံးတီးလှုပ်ရှားမှု လုပ်လာတာ နှစ်ညတိုင် ရှိလာပါတယ်။
အနည်းဆုံး လွှတ်တော်အမတ် ၇၀ လောက်ကလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ သူတို့ကို ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ပီပီ လွှတ်တော်ကို ခေါ်ယူသွားမယ်လို့ ကြေညာခဲ့ပါတယ်။
လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေ ဖြစ်လာမယ့် အရိပ်အယောင် လက္ခဏာတွေ မတွေ့ရသလို၊ ညမထွက်ရ ကာဖျူးမိန့်တွေလည်း ထွက်မလာသေးပါဘူး။
အစိုးရ ဆေးရုံတွေမှာတော့ ကျန်းမာရေး ဝန်ထမ်းတွေက စစ်အာဏာသိမ်း အစိုးရကို လက်မခံတဲ့ ဆန္ဒထုတ်ဖော်တာတွေ လုပ်နေကြပါတယ်။ တချို့ ကျန်းမာရေး ဝန်ထမ်းတွေက အစိုးရဆေးရုံတွေမှာ အလုပ်လုပ်တာကို ရပ်ထားသလို၊ တချို့က လည်း အစိုးရကို ဆန့်ကျင်တဲ့ အထိမ်းအမှတ် အနီရောင် ရင်ထိုးတွေ တပ်ကာ လူနာတွေ အတွက် ဆက်လက် ကုသပေးနေပါတယ်။
အခြား အစိုးရဌာနက ဝန်ထမ်း တချို့လည်း အာဏာသိမ်း အစိုးရကို သူတို့ လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲ ရလဒ်အတိုင်း လွှတ်တော် ခေါ်ဖို့တောင်းဆို နေကြပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းတာကို ထောက်ခံတဲ့ လူစုဝေးပွဲတွေလည်း ဖြစ်ပေါ်နေ ပါတယ်။
ကုလသမဂ္ဂက 'လုံးဝ လက်မခံနိုင်ဘူး' လို့ ဆို
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မြန်မာပြည်မှာ အာဏာသိမ်းတာကို ပျက်ပြားအောင် အစွမ်းရှိသမျှလုပ်ဆောင်မယ်လို့ ဆိုပါ တယ်။
"ဒီစစ်အာဏာသိမ်းမှု ကျရှုံးသွားအောင် လိုအပ်တဲ့ ဖိအားတွေကို နိုင်ငံတကာက အဓိကနိုင်ငံတွေက လုပ်ဆောင်ဖို့အတွက် ကျန်ုပ်တို့ လုပ်နိုင်စွမ်းရှိသမျှကို လုပ်ဆောင်သွားမယ်"လို့ မစ္စတာ ဂူတားရက်စ်က ပြောပါတယ်။
"ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲပစ်တာ၊ လူထုရဲ့ ဆန္ဒကို ပစ်ပယ်တာတွေဟာ လုံးဝ လက်မခံနိုင်တဲ့ အရာတွေပါ။"
ဒီအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ညီညီညွတ်ညွတ်ရှိကြဖို့ သူမျှော်လင့် တယ်လို့လည်း ဆိုပါတယ်။
အနောက်နိုင်ငံတွေက မြန်မာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားပေမဲ့ တရုတ်နိုင်ငံ က ကန့်ကွက်နေတာကြောင့် လုံခြုံရေးကောင်စီမှာ ဘုံသဘောတူညီဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ပါဘူး။