ကိုဗစ်ကာကွယ်ဆေး - ၂ကြိမ် သတ်မှတ်ရက်အတွင်းမထိုးရင် ထိရောက်မှု အာမ မခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစောဆုံးထုတ်လုပ်ခဲ့ပြီး ယူကေအပါအဝင် နိုင်ငံတချို့မှာ စတင်ထိုးပေးနေပြီဖြစ်တဲ့ BioNTech and Pfizer ကာကွယ်ဆေးကို ထုတ်လုပ်သူတွေက သူတို့ဆေးကို မူလစမ်းသပ်ထားတဲ့အတိုင်း သတ်မှတ်ရက်အတွင်း နှစ်ကြိမ်အပြည့်မထိုးပေးရင် ကိုဗစ်-၁၉ ကို ကာကွယ်ပေးနိုင်မယ်လို့ အာမခံပေးနိုင်မယ့် အထောက်အထား မရှိတဲ့အကြောင်း သတိပေးပြောကြားလိုက်ပါတယ်။
ယူကေဆေးပညာအဖွဲ့က ကိုဗစ်ကာကွယ်ဆေး ပထမတစ်ကြိမ်ထိုးပြီးသားသူတွေကို ဆေးထုတ်လုပ်သူတွေ သတ်မှတ်ထားတဲ့ ၂၁ ရက်အကြာမှာ ဒုတိယတစ်လုံးထိုးပေးတာမျိုး မလုပ်တော့ဘဲ ၁၂ ပတ် (၃ လ) အထိ ခြားပြီးမှ ထိုးပေးမယ်လို့ စီစဉ်နေခဲ့တာနဲ့ပတ်သက်ပြီး ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာဖြစ်ပါတယ်။
ကာကွယ်ဆေးရဲ့ ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုတို့ကို နဂိုသတ်မှတ်ထားတဲ့ကာလအပိုင်းအခြားမဟုတ်တဲ့ တခြားရက်တွေနဲ့ စမ်းသပ်စစ်ဆေးအတည်ပြုထားနိုင်တာမျိုး မရှိခဲ့ပါဘူး လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပထမအကြိမ်ထိုးထားတဲ့ဆေးရဲ့ အာနိသင်က ၂၁ ရက်ကျော်လွန်ပြီး ဆက်ရှိနေမယ်ဆိုတဲ့ အချက်အလက် အထောက်အထား မရှိပါဘူး လို့လည်း ဆိုပါတယ်။
ကာကွယ်ဆေးကို ပထမအကြိမ်ထိုးပြီးတဲ့နောက် ၂၁ ရက်အကြာမှာ ဒုတိယအကြိမ်ထိုးရမှာဖြစ်ပြီး နှစ်ကြိမ်အပြည့်ထိုးပြီးမှသာ ကိုဗစ်-၁၉ က အပြည့်အဝကာကွယ်ပေးနိုင်မယ်လို့ ဆေးထုတ်သူတွေက ပြောထားပါတယ်။
ယူကေကတော့ သူတို့ဆီမှာ စထိုးပေးနေပြီဖြစ်တဲ့ Pfizer-BioNTech ဆေးရော Oxford ဆေးကိုပါ ဒုတိယဆေးထိုးမယ့်ရက်ကို ၁၂ ပတ်အထိ ရွှေ့ဆိုင်းမယ်လို့ ပြောခဲ့ပြီး၊ ဒိန်းမတ်ကလည်း ကြားမှာ ခြောက်ပတ် အထိစောင့်မယ်လို့ ပြောနေပါတယ်။ ဂျာမနီလည်း အဲဒီလို စဉ်းစားနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
ဗြိတိသျှဆရာဝန်များအသင်းကတော့ ပထမအကြိမ်ထိုးခံရပြီး ဒုတိယအကြိမ်ဆေးထိုးခံယူဖို့ ရက်ချိန်းယူပြီးသား သူတွေကို အခုတော့ ရက်ချိန်းဖျက်ပြီး ထပ်စောင့်ခိုင်းလိုက်တာ လုံးဝမတရားပါဘူးလို့ ဝေဖန်ပါတယ်။
ယူကေက ပထမအတည်ပြုခဲ့တဲ့ Pfizer-BioNTech ထုတ်ကာကွယ်ဆေးကို လူပေါင်း ၉ သိန်းခွဲကျော်ကို ထိုးပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပထမဆုံးဆေးထိုးခံခဲ့ရသူ မာဂရက်ကီနန်ကတော့ ဒုတိယဆေးလည်း အထိုးခံရပြီးဖြစ်ပါတယ်။
ယူကေက အစိုးရကို အကြံပေးနေတဲ့ ဆေးပညာရှင်ကြီးတွေကတော့ ကိုဗစ်ကာကွယ်ဆေးမှာ ပထမအကြိမ်ထိုးတဲ့ဆေးက အဓိက အကာအကွယ်ပေးတာဖြစ်ပြီး ဒုတိယဆေးထိုးပေးပြီးရင်တော့ ကာကွယ်နိုင်တဲ့ ကာလကို ပိုတာရှည်စေမှာဖြစ်တယ်လို့ ပြောပါတယ်။
ယူကေမှာ အခုလောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ အများကြီးတိုးလာနေလို့ ဆေးရုံတွေမှာ မနိုင်လောက်အောင်ဖြစ်လာနေပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူအများကြီးကို ပထမတစ်ကြိမ်ဆေးတွေ ထိုးပေးထားနိုင်အောင် တစ်ကြိမ်ထိုးခံထားရပြီးသားသူတွေအတွက် ဒုတိယဆေးကို ရက်ရွှေ့တာဖြစ်တယ်လို့ ဘီဘီစီကျန်းမာရေးသတင်းထောက် နစ်ခ်ထရစ်ဂယ်က ဆိုပါတယ်။








