အာဏာရှင်ကိုပြုတ်ကျ သွားစေတဲ့ နူရာဟူစိန်ရဲ့ ပုံ

ရဲတပ်ဖွဲ့ရဲ့ ပစ်သတ်တာ မခံရခင်အချိန်လေး ၁၉၈၇ ဒါကာက ဆန္ဒပြပွဲမှာ နူရာဟူစိန်ကို တွေ့ရစဥ်။

ဓာတ်ပုံ ရင်းမြစ်, DINU ALAM

ဓာတ်ပုံ ပုံစာ, ရဲတပ်ဖွဲ့ရဲ့ ပစ်သတ်တာ မခံရခင်အချိန်လေး ၁၉၈၇ ဒါကာက ဆန္ဒပြပွဲမှာ နူရာဟူစိန်ကို တွေ့ရစဥ်။

ဘင်္ဂံလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ၁၉၈၇ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုအတွင်း ရဲတပ်ဖွဲ့က ဒီမိုကရေစီရေး ထောက်ခံတဲ့ ကြွေးကြော်သံတွေ ကိုယ်ပေါ်မှာဆွဲထားတဲ့ ဆန္ဒပြလူငယ်တစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။

ပြီးတော့ သေနတ်ဒဏ်ရာနဲ့ သူ့အလောင်းကို ရဲစခန်းက အခန်းတစ်ခုထဲမှာ ပစ်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူမသေခင်အချိန်လေးမှာ ဆန္ဒပြပွဲအတွင်း ရိုက်ထားတဲ့ သူ့ဓာတ်ပုံက စစ်အာဏာရှင်တစ်ယောက်ကို ပြုတ်ကျသွားတဲ့ထိအောင် အားပေးကူညီတာတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။

ဘီဘီစီက မိုဇန်ဟူစိန်လည်း အဲ့ဒီတုန်းက သူ့ အလောင်းထားတဲ့ အခန်းနားမှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ အခုဆောင်းပါးကလည်း သူကိုယ်တိုင် ဒီပုံရဲ့ နောက်ကြောင်းရာဇဝင်ကို သူလိုက်ပြီး စုံစမ်း ရေးသားထားတာ ဖြစ်ပါတယ်။

၁၉၈၇ခုနှစ် နိုဝင်ဘာ၁၀ရက်နေ့ မရောက်ခင် သီတင်းပတ်ကာလဟာ ဒါကာမြို့မှာ တင်းမာမှုတွေ ဖြစ်ပွားနေခဲ့တဲ့ အချိန်ပါ။ သမ္မတ မိုဟာမက် အာရှတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ကို အခြားနေရာတွေနဲ့ အဆက်သွယ် ပြတ်လုနီးပါး ဖြစ်အောင် လုပ်ထားပါတယ်။ကျောင်းတွေ၊ကောလိပ်တွေနဲ့ တက္ကသိုလ်တွေကိုပါ ပိတ်ထားပြီး ကျောင်းသားတွေကိုလည်း အဆောင်တွေထဲကနေ အမြန်ထွက်ကြဖို့ ဆော်သြထားပါတယ်။ စစ်အာဏာရှင် အာရှတ်ဟာ နိုင်ငံရေးဆန္ဒပြပွဲတွေနဲ့ ချီတက်ပွဲတွေကို ပိတ်ပင်ထားခဲ့သလို ဒီမိုကရေစီ အရေးထောက်ခံသူ တက်ကြွလှုပ်ရှားတဲ့သူ ရာနဲ့ချီကိုလည်း အာဏာကုန်သုံးပြီး ဖမ်းဆီး ထားပါတယ်။

ဒါပေမဲ့ အတိုက်အခံနိုင်ငံရေး အုပ်စုတွေဘက်ကလည်း သူတို့မှာရှိတဲ့ ထောင်ပေါင်းများစွာသော ထောက်ခံသူတွေရဲ့ အင်အားကိုးပြီး သမ္မတကို ရာထူးက နှုတ်ထွက် ပေးဖို့ ဖိအားပေး တောင်းဆိုနေခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၀ရက်နေ့ မနက်ပိုင်းမှာတော့ ဆန္ဒပြပွဲမှာ တက်ကြွလှုပ်ရှားသူ ထောင်နဲ့ချီ ပါဝင်ခဲ့ကြပြီး အဲ့ဒီထဲ ကျွန်တော်လည်း တစ်ဦး ပါဝင်ပါတယ်။

မနက် ၉နာရီလောက်မှာ ကျွန်တော်နဲ့ အခြားဆန္ဒပြသူ အများစုကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။ ပြီးတော့ ရက်ရက်စက်စက် ရိုက်နှက်၊ လော်ရီကားတစ်စီးပေါ် အတင်းဆွဲတင်ပြီး၊ ရဲစခန်းကို ခေါ်သွားပါတယ်။

အဲ့ဒီနေ့ တစ်နေ့လုံးလည်း နိုင်ငံရေးအကျဥ်းသားတွေ ထပ်ပြီး ဖမ်းခေါ်လာပါတယ်။ဒါကာ တစ်မြို့လုံးက တိုက်ပွဲဖြစ်နေတာနဲ့ တူနေပါတယ်။ သေနတ်ဒဏ်ရာရထားတဲ့ တချို့ ဆန္ဒပြသမားတွေပါ ရဲစခန်းကို ရောက်လာပါတယ်။

အဲ့ဒီ လူတွေထဲ ရင်ဘတ်ပေါ် ကြွေးကြော်သံတစ်ခု ဆွဲထားတဲ့ သူတစ်ယောက်လည်း ပါလာ ပါတယ်။ သူ့ရဲ့ ညိုရင့်ရင့် အသားပေါ်မှာ ဆွဲထားတဲ့စာတွေရဲ့ အဓိပ္ပာယ်က - "သက်ဦးဆံ ပိုင် အာဏာရှင်စနစ် ကျဆုံးပါစေ" တဲ့။

နူရာဟူစိန် ကျောဘက်က စာတွေကို ကြည့်ပြီး သူ ရင်တုန်မိတယ်လို့ ဓာတ်ပုံဆရာပါဗယ်ရာမန်က ပြော

ဓာတ်ပုံ ရင်းမြစ်, Pavel Rahman

ဓာတ်ပုံ ပုံစာ, နူရာဟူစိန် ကျောဘက်က စာတွေကို ကြည့်ပြီး သူ ရင်တုန်မိတယ်လို့ ဓာတ်ပုံဆရာ ပါဗယ်ရာမန်က ပြော

ဒီအသက်မဲ့နေတဲ့ သူရဲ့ နာမည်က နူရာဟူစိန်လို့ ခေါ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ သူ ဘယ်သူ ဘယ်ဝါ ဆိုတာ ကျွန်တော်တို့ မသိကြသလို သူ ဘယ်နေရာမှာ သေနတ်ပစ်ခံခဲ့ ရသလဲ ဆိုတာကိုလည်း မသိကြပါဘူး။

ပြီးတော့ သူဟာ နောက်ဆိုရင် ကျော်ကြားလာမယ့် သူ။သူ့ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို စာအုပ်တွေ၊ရုပ်ရှင်တွေ၊ကဗျာတွေနဲ့ စာပို့တံဆိပ်ခေါင်းတွေမှာလည်း ရေးသား ဖော်ပြလာကြ လိမ့်မယ် ဆိုတာကို ကျွန်တော်တို့ မသိခဲ့ကြပါဘူး။

ပြီးတော့ သူမသေခင်က ရိုက်ထားတဲ့ ဓာတ်ပုံက ကျွန်တော့်တို့ မျိုးဆက် ကာလရှည်ကြာ တိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီရေး တိုက်ပွဲရဲ့ အမှတ်သညာ တစ်ခု ဖြစ်လာလိမ့်မယ် ဆိုတာကို လည်း ကျွန်တော်တို့ မသိခဲ့ပါဘူး။

နူရာရဲ့ ညီ

နူရာဟူစိန်ရဲ့ ပုံတွေကို လွန်ခဲ့တဲ့ ၃၃နှစ်ကျော် အတွင်း အကြိမ်ပေါင်းများစွာ ပြန်ကြည့်ဖြစ်ခဲ့ ပါတယ်။ ပုံထဲမှာ သူ့ကိုတွေ့ရတာ စိတ်ပိုင်းဖြတ် ထားပုံလည်း ရပါတယ်။ သူ့ ရဲ့ ငယ်ရွယ် နုပျိုတဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆွဲထားတဲ့ ကြွေးကြော်သံ စာတွေကို တွေ့ရတာ အလင်းတန်း တွေ ဖြာထွက်နေတာနဲ့တောင် သွားတူနေပါတယ်။

နူရာ အသတ်ခံလိုက်ရတဲ့အချိန်မှာ သူ့အသက်က၂၆နှစ်ပါ။ သူ အသတ်ခံလိုက်ရတဲ့ အကြောင်းကို သူသေပြီးနောက်နေ့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ သူ့ပုံနဲ့အတူ ပါလာပါတယ်။ အဲ့ဒီပုံတွေကို လူတွေက တွေ့ပြီး အစိုးရကို ရွံ့မုန်း၊ပြီးတော့ သန်းနဲ့ချီတဲ့ လူတွေကိုလည်း အဲ့ဒီပုံက စိတ်လှုပ်ရှား တက်ကြွမှုတွေ ဖြစ်စေခဲ့ပါတယ်။

သူနဲ့ ကျွန်တော်တို့ ပါဝင်ခဲ့တဲ့ ၁၉၈၇ခုနှစ် ဆန္ဒပြပွဲဟာ အကြမ်းဖက်နှိမ်နင်းတာ ခံလိုက်ရပေမဲ့ နောက်သုံးနှစ်အကြာ ၁၉၉၀ခုနှစ် မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲက သမ္မတာအာရှတ်ကို အောင်အောင်မြင်မြင် ဖြုတ်ချပစ်နိုင်ခဲ့ပါတယ်။

နူရာဟူစိန်ရဲ့ ပုံကနေ တစ်ဆင့် အဲ့ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ လူတွေရဲ့စိတ်ကို တက် ကြွ အားပေးတာတွေလည်း လုပ်ပေးနိုင်ခဲ့ပါတယ်။

ပြီးတော့ အလုပ်သမားလူတန်းစားမိသားစုက ပေါက်ဖွားလာတဲ့ သူလို လူတစ်ယောက်ကို ဒီလိုထူးခြားတဲ့ လုပ်ရပ် လုပ်ဖြစ်အောင် ဘာတွေကများ စေ့ဆော်ပေးခဲ့သလဲ ဆိုတာကိုလည်း သိချင် လာခဲ့ပါတယ်။

ဒါကြောင့် သူ လှုံ့ဆော်မှုတွေ ပေးနိုင်ခဲ့တဲ့ လူထုအုံကြွမှု နှစ်၃၀မပြည့်ခင် အချိန်လေးမှာ သိချင်တာတွေကို အဖြေရှာမိခဲ့ပါတယ်။

နူရာ အသတ်ခံရတဲ့ အချိန်တုန်းက သူ့အဖေ မူဂျီဘာရာမန်ဟာ ဒါကာမြို့ဟောင်းပိုင်းက သုံးဘီးကားမောင်းတဲ့သူပါ။ ဒါပေမဲ့ သူ့အဖေ မူဂျီဘာ လွန်ခဲ့တဲ့ ၁၅နှစ် ကတည်းက ဆုံးသွားလို့ နူရာရဲ့ ညီကိုပဲ တွေ့ဖို့ ကြိုးစားခဲ့ရပါတယ်။

နူရာမသေခင်အချိန် နောက်ဆုံးရက်ပိုင်းတွေမှာ ဖြစ်ခဲ့တာတွေကို သူ့ ညီ အလီ တစ်ယောက် ကွက်ကွက်ကွင်းကွင်း မှတ်မိနေပါသေးတယ်။

"နိုင်ငံရေးချီတက်ပွဲတွေမှာ သူ ဝင်ပါနေတာ၊အိမ်ကနေ မကြာမကြာ ပျောက်သွားတာတွေကြောင့် နိုရာ နိုင်ငံရေးထဲ ဝင်ပါနေပြီ ဆိုတာ အဖေက သိနေတယ်" လို့ အာလီက ပြောပါတယ်။

သူ့အကိုရဲ့အလောင်းကို ဒက်ကာမှာ အလီဟူစိန်နဲ့ သူ့အဖေလိုက်ရှာခဲ့ရ
ဓာတ်ပုံ ပုံစာ, သူ့အကိုရဲ့အလောင်းကို ဒါကာမှာ အလီဟူစိန်နဲ့ သူ့အဖေလိုက်ရှာခဲ့ရ

နူရာ အိမ်ကို ပြန်ရောက် မလာတာ နှစ်ညဆက်တိုက် ရှိလာတော့ သူ့မိဘတွေ စိတ်ပူခဲ့ ကြပါတယ်။ ဒါကြောင့် သူရှိတဲ့နေရာကို လိုက်ရှာကြပြီး မြို့ထဲက ဗလီတစ်ခုမှာ ၁၉၈၇ခုနှစ် နိုဝင်ဘာ ၁၀ရက် နေ့ မနက်ပိုင်းမှာ သွားတွေ့ခဲ့ပါတယ်။

"သူ့ကို အိမ်ပြန်လာဖို့ အဖေနဲ့ အမေက တောင်းပန်ကြတယ်။ဒါပေမဲ့ သူက လက်မခံဘူး။ နောက်ကျရင် ပြန်လာမယ်လို့ပဲ ပြောတယ်။ အဲ့ဒါ ကျွန်တော့်မိဘတွေနဲ့ သူ နောက်ဆုံး တွေ့ခဲ့ တာ " လို့လည်း သူက ရှင်းပြပါတယ်။

အဲ့ဒီနေ့က ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ နူရာ ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြပွဲကနေ အကြမ်းဖက်တဲ့ ပုံစံ ပြောင်းသွားပြီး ရဲတွေကို ဆန္ဒပြသမားတွေက အုတ်ခဲတွေ၊ လက်လုပ်ဗုံးတွေနဲ့ ပစ်ကြပါတယ်။

ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်ပြီး နောက်တော့ ဆန္ဒပြသမားတွေထဲကို ကျည်ဆံအစစ်တွေနဲ့ ပစ်ပါတယ်။ အဲ့ဒါကြောင့် နူရာဟူစိန် အပါအဝင် ၃ယောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြပါတယ်။

နူရာ အပစ်ခံရတယ်ဆိုတဲ့ သတင်းက အဲ့ဒီနေ့မှာ နောက်ကျပြီးမှ သူ့ မိသားစုဆီ ရောက် လာပါတယ်။ သူ့အဖေ မူဂျီဘာနဲ့ အာလီတို့ နိုရာ ဆန္ဒပြခဲ့တဲ့နေရာကို သွားကြပြီး အဲ့ဒီကနေတစ်ဆင့် နူရာ့ အလောင်းကို သယ်သွားတယ်ဆိုတဲ့ ရဲဆေးရုံတစ်ရုံကို ဆက်လိုက်ကြပါတယ်။

အထဲမှာ ကိုယ်ပေါ်မှာ ဆေးနဲ့ စာတန်းထိုးထားတဲ့ လူတစ်ယောက်ရဲ့ အလောင်း ရှိတယ်လို့ ရဲတွေက အတည်ပြုပေမဲ့ သူ့တိုကိုတော့ အထဲဝင်ခွင့်မပြုပါဘူး။နူရာရဲ့ အလောင်းကို ထုတ်ပေးလိုက်ရင် အဓိကရုဏ်းတွေ ဆက်ဖြစ်ကုန်မယ်လို့ သူတို့က ပြောကြပါတယ်။

ဒါပေမဲ့ နူရာ အသတ်ခံရမှုနဲ့ ဘယ်ရဲမှ တရားစွဲ မခံခဲ့ရသလို ဆန္ဒပြသမား ရာနဲ့ချီ အသတ် ခံရတာမှာလည်း ဗိုလ်ချုပ်ကြီး အာရှတ် လက်ထက် ဘယ်ရဲမှ တရားစွဲ မခံခဲ့ရပါဘူး။

သူ့အကို နူရာရဲ့ ကိုယ်ပေါ်မှာ ကြွေးကြော်သံတွေ ဆွဲပေးတဲ့ သူကို သိလားလို့ အလီကို မေးကြည့်တော့ သူ သိတယ်လို့ ပြောပြီး နာမည်ကို ပေးပါတယ်။ အဲ့ဒီသူ နာမည်က အစ်ခ်ရမ်ဟူစိန်ပါ။ ထူးခြားချက်က အစ်ခ်ရမ်ဟာ အဲ့ဒီအချိန်တုန်းက သမ္မတ အာရှတ် ဝန်ထမ်း အိမ်ရာမှာ နေနေတာပါ။ ပြီးတော့ သူ့အကိုကလည်း သမ္မတရဲ့ ဆက်သား တစ်ယောက်ဖြစ်ပါတယ်။အစ်ခ်ရမ်ရဲ့ ဖုန်းနံပတ်ကို အလီကပေးလို့ အစ်ခ်ရမ်နဲ့ အဆက်အသွယ် ရပါတယ်။

ပုံစာတွေ ဆွဲပေးတဲ့သူ

အစ်ခ်ရမ်ကို ဖုန်းခေါ်ပြီးမေးကြည့်တော့ ပုံစာတွေ ဆွဲပေးခဲ့တာ သူလို့ ပြောပါတယ်။

၁၉၈၇ ခုနှစ်တုန်းက အစ်ခ်ရမ်ရဲ့ အသက်က ၁၈နှစ်သာ ရှိသေးပြီး ဆိုင်းဘုတ်ရေးတဲ့ ပန်းချီဆရာ အလုပ်ကို လုပ်နေတဲ့သူပါ။ ဒါကာမှာရှိတဲ့ သမ္မတအိမ်တော်မှာ သူ့အကို နဲ့တူတူနေပြီး Motijheelမှာ ဆိုင်းဘုတ်တွေ နဖူးစည်းစာတန်းတွေနဲ့ အောင်လံတံခွန်တွေ ဆွဲနေပါတယ်။

"နူရာဟူစိန်ကို ရုံးသုံး ပရိဘောဂအ‌ဟောင်းတွေ ရောင်းတဲ့ အလုပ်လုပ်တဲ့သူလို့ ကျွန်တော် သိထားတာ။ ဒါပေမဲ့ စကားတော့ အများကြီး မပြောဖူးဘူး"လို့ အစ်ခ်ရမ်ကပြောပါတယ်။

ငါမလုပ်ပေးနိုင်ဘူး။ ငါ့အကိုက သမ္မတရဲ့ ဆက်သားဆိုပြီး သူငြင်းခဲ့သေးတယ်လို့ နိုရာကို ဆေး ဆွဲပေးခဲ့တဲ့ အစ်ခ်ရမ် ဟူစိန်ကပြော
ဓာတ်ပုံ ပုံစာ, ငါမလုပ်ပေးနိုင်ဘူး။ ငါ့အကိုက သမ္မတရဲ့ ဆက်သားဆိုပြီး သူငြင်းခဲ့သေးတယ်လို့ နိုရာကို ဆေး ဆွဲပေးခဲ့တဲ့ အစ်ခ်ရမ် ဟူစိန်ကပြော

နိုဝင်ဘာ ၉ရက်နေ့ အစ်ခ်ရမ် အလုပ်ပြီးတဲ့အချိန် ဆိုင်ပိတ်မလို့ လုပ်နေတုန်း နိုရာဟူစိန် ရောက်လာပါတယ်။ ပြီးတော့ သူက တောင်းဆိုမှု တစ်ခု လုပ်ခဲ့ပါတယ်။

"ကျွန်တော့်ကို လမ်းကြားလေးထဲ သူ ခေါ်သွားပြီး ကြွေးကြော်သံတွေကို နံရံမှာ မြေဖြူ နဲ့ ရေးပြပါတယ်။ ပြီးတော့ သူ့ အင်္ကျီကို ချွတ်ပီး အဲ့ဒီအတိုင်း သူ့ကိုယ်ပေါ်မှာဆွဲပေးဖို့ တောင်းဆိုတယ် " လို့ အစ်ခ်ရမ်က ပြောပါတယ်။

အစ်ခ်ရမ်က"မလုပ်ပေးနိုင်ဘူး။ ငါ့အကိုက သမ္မတရဲ့ဆက်သား။ ငါ့တို့ ဒုက္ခရောက်မယ် မင်းလည်း အဖမ်းခံရမယ်။အသတ်ခံရလိမ့်မယ်"လို့ အစပိုင်းမှာ ကြောက်ကြောက်နဲ့ ငြင်းခဲ့ပါသေးတယ်။

ဒါပေမဲ့ နူရာကတော့ မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထား ပုံရပါတယ်။ နောက်နေ့ ကျရင် ဒီကြွေးကြော်သံတွေကို လူရာနဲ့ချီလည်း သူတို့ ကိုယ်ပေါ်မှာ ဆွဲထားကြမှာ ။ စိတ်မပူနဲ့လို့ ပြောပြီး အစ်ခ်ရမ် လုပ်ဖြစ်အောင် တိုက်တွန်းပါတယ်။

၁၉၈၇ ဆန္ဒပြပွဲမှာ ကျောက်ခဲနဲ့ ပစ်ခဲ့တဲ့ ဆန္ဒပြသမားတွေထဲကို ရံတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်

ဓာတ်ပုံ ရင်းမြစ်, Shahidul Alam

ဓာတ်ပုံ ပုံစာ, ၁၉၈၇ ဆန္ဒပြပွဲမှာ ကျောက်ခဲနဲ့ ပစ်ခဲ့တဲ့ ဆန္ဒပြသမားတွေထဲကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်

နောက်ဆုံးတော့ အစ်ခ်ရမ်ဘက်က အလျော့ပေးလိုက်ရပြီး နိုရာကိုယ်ပေါ်မှာ ကြွေးကြော်သံနှစ်ခု ဆွဲပေးခဲ့ရပါတယ်။ ကိုယ်အရှေ့ပိုင်း ရင်ဘတ်ပေါ်မှာ ဆွဲခဲ့တဲ့စာတွေက သက်ဦးဆံပိုင် အာဏာရှင်စနစ်ကျဆုံးပါစေ။ ကျောဘက်မှာ ဆွဲလိုက်တာက ဒီမိုကရေစီ လွတ်လပ်ခွင့်ပေးပါတဲ့။

အခြား ရာနဲ့ချီလူတွေ ဆွဲထားတာနဲ့ မတူအောင် ဝါကျအဆုံးမှာ ပုဒ်မ၂ခုကိုပါ သူ ဖြည့် ဆွဲပေးလိုက်တဲ့ အကြောင်း အစ်ခ်ရမ်ကပြောပါတယ်။

ဒါပေမဲ့ နောက်တစ်နေ့ ဆန္ဒပြပွဲရောက်‌တော့ ကြွေးကြော်သံဆွဲထားတဲ့ သူက နူရာ တစ်‌‌ယောက်တည်းပဲ ဖြစ်နေပြီး လူအုပ်ကြားထဲက ထူးခြားနေတဲ့ သူ့ပုံက ဓာတ်ပုံဆရာ တွေအတွက် မျက်စိကျစရာ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံဆရာတွေ

နူရာဟူစိန်ကို နောက်ကျောဘက်ကပဲ မြင်ဖူးလိုက်တယ်လို့ ဓာတ်ပုံဆရာ ပါဗယ်ရာမန်က ပြောပါတယ်။ ရာမန်နဲ့ ကျွန်တော်ဟာ ဒါကာ သတင်းစာတစ်စောင်မှာ အတူ အလုပ် လုပ်ခဲ့ဖူးပြီး သူဟာ ဓာတ်ပုံဆရာအဖြစ် နှစ်၅၀နီးပါး အသက်မွေးဝမ်းကြောင်းလုပ်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

နူရာဟူစိန် ကိုယ်ပေါ်မှာဆွဲထားတဲ့ ရောင်ပြန်ဟပ်သလိုဖြစ်နေတဲ့ ကြွေးကြော်သံတွေကို ဖတ်မိပြီး ရင်တွေတောင် တုန်မိတယ်လို့ သူကဆိုပါတယ်။

"ဒီလိုမျိုး ကိုယ်ပေါ်မှာ ကြွေးကြော်သံ ဆွဲထားတဲ့ ဆန္ဒပြသမားကို အရင်က မတွေ့ဖူးဘူး။ အဲ့ဒါနဲ့ လူအုပ်ထဲ သူမပျောက်သွားခင် ပုံရအောင် ရိုက်ယူဖို့ ကြိုးစားရတယ်။ သူ့ပုံ ရိုက်ခွင့် နှစ်ကြိမ် ရလိုက်တယ်။တစ်ပုံက ဒေါင်လိုက်၊နောက်တစ်ပုံက အလျားလိုက်။ နှစ်ပုံလုံးကတော့ ကျောဘက်က ချည်းပဲရတာ။ သူ့ရင်ဘတ်ပေါ်မှာ ကြွေးကြော်သံတွေ ရှိသေးတယ်ဆိုတာကိုတော့ သတိမထားမိခဲ့ဘူး" လို့ သူကရှင်းပြပါတယ်။

သူရိုက်လာတဲ့ပုံတွေ သတင်းစာတိုက်က ဓာတ်ပုံကူးခန်းထဲမှာ အဲ့ဒီညနေပိုင်းက ကူးနေတုန်း ကိုယ်ပေါ် စာဆွဲထားတဲ့ ဆန္ဒပြသမား သေပြီလို့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က လာပြောပါတယ်။

"နောက်တော့ အဲ့ဒီပုံကို သတင်းစာမှာ ထည့်သင့် မထည့်သင့် ဆွေးနွေးကြပါတယ်။ ဒီပုံကြောင့် အစိုးရဘက်က ပြင်းထန်တဲ့တုံ့ပြန်မှု ပေးမှာကိုလည်း အယ်ဒီတာက ထည့် စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံကို ထည့်သုံးမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ " လို့ သူက ပြန်ပြောပြပါတယ်။

သူမသေခင်အချိန်လေးမှာ နူရာဟူစိန်ကို လူအုပ်ကြားမှာတွေ့ရ

ဓာတ်ပုံ ရင်းမြစ်, DINU ALAM

ဓာတ်ပုံ ပုံစာ, သူမသေခင်အချိန်လေးမှာ နူရာဟူစိန်ကို လူအုပ်ကြားမှာတွေ့ရ

ဒီပုံနဲ့ပတ်သက်ပြီး သမ္မတ အာရှတ် အတော်ဒေါသူပုန်ထခဲ့တယ်လို့ သိရပါတယ်။ ပုံအတုကို သုံးမိလိုက်တယ်လို့ ဖြေရှင်းချက်ပေးဖို့ အစိုးရဘက်က အကြံပေးတာလည်း ရခဲ့ပါ တယ်။ အဲ့ဒီအခြေနေတွေကြောင့် သူလည်း ကြောက်လန့်လာပြီး ရက်ပေါင်းများစွာ ပုန်းနေရတဲ့ အကြောင်း ထပ်ဖြည့်ပြောပါတယ်။

ပါဗယ် ရိုက်ထားတဲ့ ပုံက တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားပြီး နံရံတွေပေါ်မှာ ပိုစတာ တစ်ခု အနေနဲ့တောင် ဖြစ်လာခဲ့ပါတယ်။

နူရာ့ ပုံကို အရှေ့ဘက်ကနေ ရိုက်ထားနိုင်လိုက်တဲ့ ဓာတ်ပုံဆရာ လည်းရှိပါတယ်။ အဲ့ဒီသူကတော့ ဒီနျုအာလမ် လို့ ခေါ်ပါတယ်။

"ကျွန်တော် သူ့ကို ရိုက်ထားနိုင်လိုက်တဲ့ ပုံတွေ အားလုံးက အရှေ့ဘက်ကရတာ။ တစ်ခါတစ်လေ အကြာကြီး သူ့အနားတစ်ဝိုက်မှာ ရှိနေခဲ့သေးတယ်။ဒါပေမဲ့ သူ့ ကျောမှာ ကြွေးကြော်သံတွေ ဆွဲထားတာ ရှိသေးတယ်လို့တော့ တကယ် မသိခဲ့ဘူး" လို့ ဒီနျုက ပြောပါတယ်။

ဒီဓာတ်ပုံ ဆရာနှစ်ယောက်ရိုက်ထားတဲ့ ပုံတွေ ပေါင်းလိုက်ရင်တော့ နိုရာ့ကိုယ်ပေါ်က ဆွဲထားတဲ့ ကြွေးကြော်သံတွေရဲ့ အဓိပ္ပါယ်ကို အပြည့်အဝ ပုံဖေါ်နိုင်သလို ဒီ ကြွေးကြော်သံတွေကြောင့်ပဲ သူအသက်ပေးခဲ့ရတယ် လို့လည်း ပြောနိုင်ပါတယ်။

နူရာဟူစိန် မသေခင် နောက်ဆုံးအချိန်တွေကို သူ မှတ်တမ်း တင်နိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒီနျုက ပြောပါသေးတယ်။

သင်္ချိုင်း ညစောင့်

နောက်တစ်နေ့မှာ ထွက်လာတဲ့ သတင်းစာ မျက်နှာဖုံးမှာ နူရာရဲ့ပုံကို သူတွေ့လိုက် တော့ အစ်ခ်ရမ်ဟူစိန် တစ်ယောက် ဝမ်းနည်းပက်လက် ယူကျုံးမရ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူ့ သူငယ်ချင်းသေရတာ သူ့ကြောင့်လို့လည်း သူ့ကိုယ်သူ အပြစ်တင်မိခဲ့ပါတယ်။

သူ့ကိုယ်ပေါ်မှာ ကြွေးကြော်သံတွေ ကျွန်တော် ဆွဲမပေးလိုက်ရင် သူသေမှာမဟုတ်ဘူးလို့ တွေးမိတဲ့ အကြောင်း သူက ပြောပြပါတယ်။

ပြီးတော့ အဖမ်းခံရမှာကြောက်ပြီး ရဲတွေနဲ့ အာဏာပိုင်တွေနဲ့ လွတ်ရာမှာ နှစ်ပေါင်း များစွာ ပြေးပုန်းခဲ့ရပါတယ်။

နောက်၃နှစ်အကြာ သမ္မတ အာရှတ်ပြုတ်ကျသွားတဲ့ အချိန်ကျမှ လုံခြုံတယ်လို့ ခံစားရပြီး အပြင်ကို သူပြန်ထွက်လာပါတယ်။ နောက်ဆုံးမှာတော နူရာရဲ့ဂူမှာလုပ်တဲ့ ဝမ်းနည်းခြင်း အထိမ်းမှတ်ပွဲတစ်ခုကို သွားနိုင်ခဲ့ပါတယ်။

အဲ့ဒီ ပွဲပြီးသွားတဲ့အချိန် နူရာရဲ့ ညီ အာလီနားကို သူ ကပ်သွားပြီး နှစ်ပေါင်းများစွာ ဖုံးကွယ် ထားမိတာ သူ့မှာ အပြစ်ရှိတဲ့အကြောင်း ရှင်းပြပါတယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို သူ့အဖေကို ရှင်းပြသင့်တယ်လို့ အလီက တိုက်တွန်းပါတယ်။

နူရာဟူစိန်အလောင်းကိုထားခဲ့တဲ့ ရဲစခန်း
ဓာတ်ပုံ ပုံစာ, နူရာဟူစိန်အလောင်းကိုထားခဲ့တဲ့ ရဲစခန်း

နူရာတို့ အိမ်ရောက်တော့ အစ်ခ်ရမ် မျက်ရည်ကျလာပြီး သူ့မှာအပြစ်ရှိတဲ့ အကြောင်း တောင်းပန်ပြီး ပြောပါတယ်။ ဒါပေမဲ့ နူရာ့အဖေက သူ့ကို အပြစ်မတင်ပါဘူး။ ပွေ့ဖက် ပြီးတောင် နှစ်သိမ့်ပါတယ်။ ပြီးတော့"မင်းလဲ ငါ့သားလိုပါပဲ၊ နူရာဟူစိန်မရှိတော့ပေမဲ့ မင်းကအခု ငါ့သားဖြစ်သွားပြီ။ မင်းနဲ့ နူရာဟူစိန်ကြောင့် ငါတို့ ဒီမိုကရေစီရခဲ့တာ"လို့ လည်း ပြောပါတယ်။

နူရာ အသတ်ခံရပြီးတဲ့အချိန် ၁၉၈၇ခုနှစ်မှာ ဖြစ်ခဲ့တာတွေကို ပြန်သွားကြည့် ရအောင်ပါ ။ သူ့သား အလောင်းကို ရဲတပ်ဖွဲ့က ဘယ်လို စီမံလိုက်တယ်ဆိုတာ နူရာသေပြီး တစ်ပတ် လောက်ကြာမှ သူ့အဖေမူဂျီဘာနဲ့ သူ့အမေ မာရီယမ်ဘီဘီတို့ သိခွင့်ရခဲ့ပါတယ်။

နူရာရဲ့ အလောင်းကို အခြားဆန္ဒပြသမား အလောင်းနှစ်လောင်းနဲ့အတူ ဒါကာမြို့က သင်္ချိုင်း တစ်ခုမှာ လူမသိသူမသိ မြှုပ်နှံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အလောင်းတွေကို ပြင်ဆင် မြှုပ်နှံပေးခဲ့တဲ့ လူတွေဆီကနေတစ်ဆင့် သတင်းစကား တွေတော့ မိသားစုကြားခဲ့ရပါတယ်။

အဲ့ဒီအကြောင်းတွေ သေသေချာသိနိုင်ဖို့ နူရာအလောင်းကို မြုပ်ခဲ့တဲ့ Jurain သင်္ချိုင်း အစောင့်ကို ဖုန်းခေါ်ခဲ့ပါတယ်။ လက်ရှိ သင်္ချိုင်းအစောင့်က အဲ့ဒီကို ရောက်တာ နှစ် သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ ၁၉၈၇ခုနှစ်တုန်းက နူရာတို့ကို မြှုပ်ခဲ့တဲ့အချိန် ညစောင့် တာဝန်ကျတဲ့သူဟာ မိုဟာမက်အယ်လမ်ဂါ ဆိုတဲ့လူ ဖြစ်တဲ့အကြောင်း သူကပြောပါတယ်။

အယ်လမ်ဂါဆီကို ရအောင်ဖုန်းခေါ်ပြီး အဲ့ဒီညက သူ ကြုံခဲ့ရတာတွေ မှတ်မိသလောက် ပြောပြပါလို့ မေးကြည့်တော့ "သူတို့ရောက်လာတဲ့ အချိန်က မနက် နှစ်နာရီခွဲလောက်ရှိပြီ။ အဲ့ဒီတုန်းက ကျွန်တော့်တာဝန်က ညစောင့်ပေမဲ့ သူတို့အတွက် ဂူသွင်းဖို့ မြေတူးရတာ၊ အလောင်းတွေကို သန့်ရှင်းရတာနဲ့ မြေမြှုပ်တာတွေ လုပ်ပေးခဲ့ ရတယ်" လို့ သူက ရှင်းပြပါတယ်။

ည ၁၁ နာရီကျော်ရင် မြေမြှုပ်တဲ့အလုပ် မလုပ်ပေးဘူး လို့ အဲ့ဒီညက ရောက်လာတဲ့ သူတွေကို အယ်လမ်ဂါက ငြင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့က အစိုးရတာဝန်နဲ့ ရောက်လာတဲ့သူတွေလို့ ပြောလို့ အလောင်းတွေကို သန့်ရှင်း မြေမြှုပ်တာတွေ လုပ်ပေးခဲ့ရပါတယ်။

"ရင်ဘတ်နဲ့ ဗိုက်ကြားမှာ သေနတ်ကျည်ပေါက်တစ်ခုနဲ့ လူရဲ့ ကိုယ်ပေါ်က စာတွေကိုလည်း ခက်ခက်ခဲခဲ ဖျက်ပေးခဲ့ရတယ်"လို့ လည်း သူကပြောပါတယ်။

၁၉၉၀ခုနှစ် အစ်ခ်ရမ်ဟူစိန် နဲ့ သင်္ချိုင်းမှာ ဆုံခဲ့တုန်းကလည်း ဒီအတိုင်း သူပြောခဲ့တာလို့ အစ်ခ်အမ်ကလည်း ပြောပါတယ်။ ဖျက်ဖို့ခက်မှာပေါ့။ ကြွေးကြော်သံတွေကို ကြွေရည်သုတ်ဆေးတွေနဲ့ ကျွန်တော် ဆွဲပေးခဲ့တာလို့တောင် အစ်ခ်ရမ်က ပြန်ပြောခဲ့ပါသေးတယ်။

၁၉၉၀မှာ ဒါကာမြို့က တက္ကသိုလ် နယ်မြေတစ်ခုမှာ နူရာဟူစိန်ပုံ နံရံဆေးရေးပန်းချီတွေကို တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, Shahidul Alam

ဓာတ်ပုံ ပုံစာ, ၁၉၉၀မှာ ဒါကာမြို့က တက္ကသိုလ် နယ်မြေတစ်ခုမှာ နူရာဟူစိန်ပုံ နံရံဆေးရေးပန်းချီတွေကို တွေ့ရစဥ်

နောက်ပိုင်းမှာလည်း သူတို့ကိုတွေ့ဖို့ နှစ်နဲ့ချီ စောင့်ခဲ့ရတယ်ဆိုတဲ့ မထင်မှတ်ထားတဲ့ သူတစ်ယောက် လာတွေ့တာကို နူရာ မိဘတွေ ကြုံခဲ့ရပါတယ်။ သူတို့ကို အိမ်တိုင်ရာရောက် လာတွေ့တဲ့သူက ၁၉၉၀မှာ ထောင်ချခံခဲ့ရပြီး ၁၉၉၇ မှာ ပြန်လွတ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီး အာရှတ်ပါ။ အာရှတ်က သူတို့အိမ်မှာ နူရာ့ မိဘတွေနဲ့ လာတွေ့တာပြီး တောင်းပန်တာတွေ လုပ်ခဲ့ပါတယ်။

ခင်ဗျားသား အသက်ရှင်နေသေးရင် ခင်ဗျားကို စောင့်ရှောက်မယ့်ပုံစံမျိုး ကျွန်တော်လည်း စောင့်ရှောက်ဖို့ ကြိုးစားပါ့မယ်လို့ အာရှတ်က သူ့အဖေကို ပြောခဲ့တဲ့ အကြောင်း အာ လီဟူစိန်က ပြန်ပြောပြပါတယ်။

နောက်ထပ် နှစ်အနည်းငယ် ကြာတဲ့အထိလည်း အာရှတ်က သူတို့မိသားစုကို ထိတွေ့ ဆက်ဆံမှုတွေ လုပ်ခဲ့ပြီး ငွေကြေး‌ထောက်ပံ့တာတွေ ဆက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ ဒါကာ တက္ကသိုလ်ကလုပ်တဲ့ သူ့သားအမှတ်တရပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အာဏာ ရှင်စနစ် နောက်တစ်ခါ ပြန်ရောက်လာမှာ မလိုချင်ဘူးလို့ သူ့အဖေ ပြောလိုက်တဲ့အတွက် နောက်ပိုင်း အာရှတ်က သူ့အဖေကို အဆက်အသွယ် မလုပ်တော့ဘူးလို့ အာလီက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး အာရှတ်

နူရာ သေပြီး ဆယ်စုနှစ် တစ်ခုကျော်ကျော် ကြာတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီး အာရှတ်နဲ့ ကျွန်တော် တစ်ကြိမ် ဆုံဖြစ်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ် အဲ့ဒီအချိန်က အာရှတ်ဟာ အတိုက်အခံ နိုင်ငံသမားတစ် ယောက်အဖြစ်ရပ်တည်ဖို့ ကြိုးစားနေပြီး လူထု ထောက်ခံမှုတွေ ရလာအောင် လုပ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း မြစ်ကြောင်းခရီးတစ်ခုမှာ သူနဲ့ ခရီးအတူသွား ဖြစ်ခဲ့တာပါ ။အဲ့ဒီ အချိန်မှာ ကျွန်တော်ကလည်း ပြောင်းလဲမှုကို လိုချင်လို့ ကျောင်းသားတစ်ယောက်အနေနဲ့ တက်ကြွ လှုပ်ရှားမှုတွေလုပ်ပြီး ဖမ်းဆီး ထောင်ချခံခဲ့ရတဲ့သူတစ်ယောက်ပါ။

တစ်နေ့ နံနက်စောစောစာ စားနေတုန်း မင်းက ဟိုတုန်းက တော်လှန်ရေးသမား တစ်ယောက် ဖြစ်ခဲ့တယ်လို့ ကြားတယ်လို့ ဟာသလုပ်ပြီး လာပြောပါတယ်။

၁၉၈၂ခုနှစ် အာဏာသိမ်းခဲ့စဥ်က ဗိုလ်ချုပ်ကြီးအာရှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၂ခုနှစ် အာဏာသိမ်းခဲ့စဥ်က ဗိုလ်ချုပ်ကြီးအာရှတ်

ဒီဗိုလ်ချုပ်ကြီးဟာ မနှစ်တုန်းက အေးအေးချမ်းချမ်း သေဆုံးသွားပြီဆိုပေမဲ့ သူဟာ မျက်နှာတွေ အမျိုးမျိုးပြောင်းခဲ့တဲ့ သူတစ်ယောက်ပါ။ တစ်ကမ္ဘာလုံးက စစ်အာဏာရှင်တွေလုပ်တဲ့ ပုံစံအတိုင်း အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့၊အစိုးရ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့နဲ့ နိုင်ငံရေးလောက သန့်ရှင်းအောင် လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၈၂မှာ အာဏာသိမ်းဖို့ ဇာတ်ညွှန်းဆွဲခဲ့တဲ့သူပါ။

၁၉၉၀ လူထုအုံကြမှု အောင်မြင်ပြီးနောက် ဒါကာမြို့မှာ လူတွေအောင်ပွဲခံနေကြ

ဓာတ်ပုံ ရင်းမြစ်, Shahidul Alam

ဓာတ်ပုံ ပုံစာ, ၁၉၉၀ လူထုအုံကြမှု အောင်မြင်ပြီးနောက် ဒါကာမြို့မှာ လူတွေအောင်ပွဲခံနေကြ

ပြီးတော့ အစ္စလာမ်ဘာသာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံတော်ဘာသာအဖြစ် သွတ်သွင်း ပြဌာန်းတာ ၊ အခြေခံဥပဒေမှာ အခြေခံ အပြောင်းအလဲတွေလုပ်ပြီး ရှေးရိုးစွဲ ဘာသာရေးသမားတွေ ကျေနပ် ထောက်ခံမှုရအောင် လုပ်ခဲ့ပါတယ်။

သူ အနိုင်ရခဲ့တဲ့ ၁၉၈၆ ရွေးကောက်ပွဲကလည်း မဲ မသမာမှုတွေ အများကြီးရှိခဲ့တယ်လို့ စွပ်စွဲခံ ခဲ့ရသလို တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ လွှတ်တော်ကိုပါ ရပ်ဆိုင်းတာတွေကိုလည်း သူ လုပ်ခဲ့ပါတယ်။ ပြီးတော့ သူ့ကို ဆန့်ကျင်တဲ့ နိုင်ငံရေး အတိုက်အခံတွေကိုပါ နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။

ပြီးတော့ နူရာဟူစိန် အသက်ပေးခဲ့ရတာနဲ့ ကျွန်တော် ထောင်သွင်း အကျဥ်းချခံခဲ့ရတဲ့ ၁၉၈၇ ဆန္ဒပြပွဲတွေကိုပါ အကြမ်းဖက်နှိမ်နင်းဖို့ သူအမိန့်ပေးခဲ့တာပါ။

ဗိုလ်ချုပ်ကြီး အာရှတ်ဟာ အလဟဿ စိတ်ကြီးဝင်တတ်တဲ့ သူလည်းဖြစ်ပါတယ်။ ရှဲဒိုးစာရေးဆရာတွေက နောက်ကရေးပေးတယ်လို့ ကောလာဟလထွက်တဲ့ သူ့ကဗျာတွေကို အစိုးရသတင်းစာမျက်နှာဖုံးမှာ ဖေါ်ပြခဲ့သလို တစ်ဖက်မှာလည်း သတင်းဆောင်းပါးတွေကို အကြီးအကျယ် ဆင်ဆာဖြတ်ခဲ့ပါတယ်။

အာရှတ်ရဲ့ ၉နှစ်ကြာ အုပ်စိုးမှုက ၁၉၉၀ လူထုအုံကြွမှုကြောင့် အဆုံးသတ် သွားခဲ့ပါတယ်။ ရာထူးကထွက် ပြီး ရက်ပိုင်းအကြာမှာ သူလည်း ထောင်နန်းစံခဲ့ရပါတယ်။ သူရာထူးက ပြုတ်သွားတော့ ထောင်နဲ့ချီလူတွေ ဒါကာမြို့ကလမ်းပေါ်မှာ သီချင်းတွေဆို ကခုန်တာတွေ လုပ်ပြီး အောင်ပွဲခံခဲ့ရပါတယ်။ လူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့တဲ့ အဲ့ဒီနေ့ကို ကျွန်တော် မှတ်မိနေပါသေးတယ်။ ၁၉၇၁ခုနှစ် လွတ်လပ်‌ရေးရပြီး နောက်ပိုင်းမှာ လူတွေ အပျော်ဆုံး နေ့တစ်နေ့လို့တောင် ပြောနိုင်ပါတယ်။

အဲ့ဒီ အခြေအနေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အရုဏ်သစ် နိုးထလာပြီလို့ ထင်ရပေမယ့် အဲ့ဒီအခြေနေက အကြာကြီးမခံခဲ့ပါဘူး။

အဓိက ပါတီကြီးနှစ်ပါတီဖြစ်တဲ့ Awami Leagueနဲ့ BNP ပါတီတို့ ကြားမှာ အာဏာလု တာတွေ ဖြစ်လာခဲ့ပါတယ်။နောက်လာမယ့် ဆယ်စုနှစ်တွေအတွင်းမှာ သူတို့ပါတီတွေက အရင် စစ်အစိုးရ အသုံးပြုခဲ့တဲ့ အာဏာရှင်ဆန်တဲ့ နည်းဗျုဟာအတိုင်း တိုင်းပြည်ကို အုပ်စိုးခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီး အာရှတ်လက်က လွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာရှင်စနစ် အုပ်ချုပ်ရေးပုံစံဘက်ကို ပြန်ရောက်သွားတာကို စိတ်မကောင်း ဖြစ်ကြပါတယ်။

"ကျွန်တော်တို့ရဲ့ ငယ်ရွယ်နုပျိုတဲ့ ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ပေးဆပ်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ကြတာ"လို့ နာဆီရာ အူဒိုဇာ ကပြောပါတယ်။ သူဟာ ၁၉၉၀ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့သူ၊ ပြီးတော့ ၁၉၈၇ ခုနှစ် ဆန္ဒပြပွဲမှာလည်း ရဲ လော်ရီကား ပေါ် မှာ ကျွန်တော်နဲ့ ဆုံခဲ့ရတဲ့သူ၊ ရဲစခန်းကို မောင်းနေတဲ့ လော်ရီကားပေါ်မှာ တောက်လျှောက် အရိုက်ခံခဲ့ရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

သူတို့ပါတီရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့ အိပ်မက်တွေကို ဖျက်ဆီးခဲ့တဲ့ နိုင်ငံရေးသမားတွေကို ကျွန်တော် ဘယ်တော့မှ ခွင့်မလွှတ်ဘူးလို့ လည်း သူက ပြောပါတယ်။

အာရှတ်ပြုတ်ကျပြီးနောက် နူရာဟူစိန် အသတ်ခံခဲ့ရတဲ့နေရာကို နူရာဟူစိန်ရင်ပြင်လို့ အမည်ပေး
ဓာတ်ပုံ ပုံစာ, အာရှတ်ပြုတ်ကျပြီးနောက် နူရာဟူစိန် အသတ်ခံခဲ့ရတဲ့နေရာကို နူရာဟူစိန်ရင်ပြင်လို့ အမည်ပေး

အခုချိန်ထိ အစ်ခ်ရမ်က ဆိုင်းဘုတ်ရေးတဲ့ ပန်းချီဆရာလုပ်နေပေမယ့် အခုချိန်မှာ အဲ့ဒီ အလုပ်တွေ ဒစ်ဂျစ်တယ် ပုံစံ ဖြစ်နေပါပြီ။ သူ့ ဆိုင်လေးက သူအရင်က နေခဲ့တဲ့ သမ္မတအိမ်တော် ဝန်ထမ်းရပ်ကွက်နဲ့ မီတာရာနဲ့ချီသာ ဝေးတဲ့ ဟတ်ကိုလာ လမ်းပေါ်မှာ ရှိပါတယ်။

အဲ့ဒီက သိပ်မဝေးတဲ့နေရာမှာ နူရာ့ ကိုယ်ပေါ်မှာ ကြွေးကြော်သံတွေ သူဆွဲပေးခဲ့တဲ့ သူ့ရဲ့ ဆိုင်ဟောင်းလေး ရှိပါတယ်။ အဲ့နေရာရဲ့ အနောက် သိပ်မဝေးတဲ့ နေရာမှာ နိုရာဟူစိန် ပစ်သတ်ခံရတဲ့ နိုရာဟူစိန် ရင်ပြင်လည်းရှိနေပါတယ်။

ကြောက်ကြောက်လန့်လန့် လက်တုန်တုန် ဆေးထူထူနဲ့ ဆွဲပေးခဲ့တဲ့ နူရာဟူစိန်ရဲ့ ကိုယ်ပေါ်က စာတွေကို သူ အခုထိ မှတ်မိနေပါသေးတယ်။

"အဲ့ဒီစာတွေက ကျွန်တော်ဆွဲတဲ့ အထဲမှာ အကောင်းဆုံးလက်ရာ မဟုတ်ပေမဲ့ ကျွန်တော် ရေးသမျှထဲမှာတော့ အကောင်းဆုံးတစ်ခုပါ" လို့ သူက ပြောပါတယ်။