အမေရိကန်ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲ လှုပ်လှုပ်ရှားရှားဖြစ်ရပ်များ

အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတ ဘယ်သူဖြစ်မလဲဆိုတာ ပြတ်သားတဲ့ အဖြေ ထွက်ပေါ်မလာသေးပါဘူး။
အခုချိန်ထိ ရေတွက်ပြီးသမျှမဲဆန္ဒနယ်တွေရဲ့ အခြေအနေအရ ဂျိုးဘိုင်ဒန်က အသာရနေပေမဲ့ လုံးဝအနိုင်ရပြီလို့ မဆိုနိုင်သေးပါဘူး။ ဒေါ်နယ်ထရမ့် အနိုင်ရကောင်း ရနိုင်တဲ့ ဖြစ်နိုင်ခြေဟာ ကျန်နေပါသေးတယ်။
ဒီတကြိမ် အမေရိကန်ရွေးကောက်ပွဲဟာ အငြင်းပွားမှု အမြောက်အမြားနဲ့အတူ လှုပ်လှုပ်ရှားရှား အရှိဆုံး ရွေးကောက်ပွဲတခုဖြစ်ခဲ့ပါတယ်။
အခက်အခဲမျိုးစုံနဲ့ ရွေးကောက်ပွဲ
ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ကတော့ “ကိုဗစ် ၁၉ ကြောင့် အခက်အခဲတွေ ရှိခဲ့ပေမဲ့ မဲပေးမှု သက်သက်ကို ကြည့်ရင် အပြိုင်အဆိုင်တွေရှိသလို ကောင်းမွန်စွာလဲ စီမံခန့်ခွဲနိုင်ခဲ့တယ်”လို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ မဲဆွယ်ပွဲတွေကို ကြည့်ရင် နိုင်ငံရေးအရ နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲမှုတွေကို တွေ့မြင်ရသလို၊ လေးနက်တဲ့ မူဝါဒရေးရာ ငြင်းခုံမှုတွေလဲ ရှိခဲ့တာတွေ့နိုင်ပါတယ်။ စနစ်တကျဖန်တီးတဲ့ မသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်အများစုဟာ အချက်အလက် အခိုင်အမာတော့ မရှိကြပါဘူးလို့လဲ OSCE ကဆိုပါတယ်။
အချက်အလက်အခိုင်အမာ မဖော်ပြတဲ့ စွပ်စွဲချက်တွေဟာ လက်ရှိ သမ္မတဆီကနေတောင် ထွက်ပေါ်လာတာကို သတိပြုရမှာ ဖြစ်ပြီး ရွေးကောက်ပွဲနေ့ဖြစ်တဲ့ အင်္ဂါညမှာတောင် ရှိခဲ့ပါတယ်။ ဒီစွပ်စွဲချက်အပါအဝင် အများအပြားသော စွပ်စွဲချက်တွေကြောင့် ဒီမိုကရက်တစ် အဆောက်အအုံတွေအပေါ်မှာ အများပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတယ်လို့လဲ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲညက သမ္မတထရမ့်မိန့်ခွန်းပြောခဲ့ရာမှာ အခုမဲပေးပွဲမှာ အမေရိကန်ပြည်သူတွေအပေါ် မသမာတဲ့ လုပ်ဆောင်ချက်တွေရှိခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ သက်သေအထောက်အထားတော့ မပြခဲ့ပါဘူး။
ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက စာတိုက်မဲ၊ ကြိုတင်မဲတွေနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှုတွေဟာ ရာနဲ့ချီရှိခဲ့ပါတယ်။ ပြဿနာကလဲ အမျိုးမျိုးအဖုံဖုံပါ။ နောက်ဆုံးသတ်မှတ်ချိန်ကျော်လွန်မှု၊ မဲပြားလက်ခံရရှိပုံ၊ သက်သေလက်မှတ်မပြည့်စုံမှု ဆိုတာတွေ ပါဝင်ကြပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုအဖွဲ့က ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဝစ္စကွန်ဆင်ပြည်နယ်၊ ဂျော်ဂျီယာပြည်နယ်၊ မpဂန်ပြည်နယ်တွေမှာ မဲမသမာမှုတွေရှိတဲ့အတွက် မဲရေတွက်နေတာရပ်တန့်ဖို့လိုလားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမဲမသမာသလဲဆိုတဲ့ သက်သေအထောက်အထားကိုတော့ မပြခဲ့ပါဘူး။
ဆန္ဒပြပွဲတချို့ပေါ်ပေါက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရီဇိုးနားပြည်နယ် မေရီကိုးပါးမှာတော့ သမ္မတထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ကို ထောက်ခံသူတွေက မဲရေတွက်တဲ့ရုံးကို ဝိုင်းပြီး ဆန္ဒပြနေကြပါတယ်။ တချို့ဆန္ဒပြသူတွေမှာ လက်နက်ကိုင်ဆောင်ထားတာကိုတောင် တွေ့ရပါတယ်။
ဒေါ်နယ်ထရမ့်ရတဲ့ မဲတချို့ကို မရေတွက်ခဲ့ဘူးဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်က ပြောဆိုချက်မျိုးတွေရဲ့ ရလဒ်အဖြစ် ဆန္ဒပြသူတွေက မဲရေတွက်တဲ့ ရုံးကို ဝိုင်းဝန်းမှုမျိုးဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်ကိုပေးတဲ့မဲတွေ မရေတွက်ဘူးဆိုတဲ့ စွဲချက်မှာလဲ သက်သေအထောက်အထားမရှိပါဘူး။ သက်ဆိုင်ရာ အရာရှိတွေကတော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကိုလိုက်နာပြီး မဲတွေကို ရေတွက်နေပါတယ်လို့ အကြိမ်ကြိမ် ပြောဆိုကြပါတယ်။
ဆန္ဒပြသူတွေရဲ့ဖိအားက ကြီးမားတဲ့အတွက် မဲရေတွက်တဲ့ လုပ်ငန်းကို ဆိုင်းငံ့ပြီး ရုံးကို ပိတ်လိုက်ရမလားလို့ စဥ်းစားရတဲ့အထိ အကျပ်ရိုက်ခဲ့ပါတယ်။ တချို့ ဆန္ဒပြသူတွေဟာ ရုံးထဲအထိဝင်ရောက်လာတဲ့အတွက် လုံခြုံရေးခေါ်ပြီးဆွဲထုတ်ခဲ့ရပါတယ်။ တာဝန်ရှိသူတွေက ရဲအဖွဲ့ကို ခေါ်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေက ရပ်တန့်မသွားခဲ့ကြပါဘူး။
တခြားအမေရိကန်မြို့ကြီးတချို့မှာလဲ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ကြပြီး အခြေအနေ တင်းမာခဲ့ပါတယ်။
အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့မှာ သမ္မတထရမ့်ကို ထောက်ခံသူတွေက မဲအားလုံးပြန်လည် ရေတွက်ဖို့ တောင်းဆိုကြတဲ့ ဆန္ဒပြပွဲဟာ အကြမ်းဖက်လာတဲ့အတွက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ချထားခဲ့ရပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဆန္ဒပြအဖွဲ့ထဲက လူတချို့ဟာ ပင်မလူအုပ်ကြီးထဲကခွဲထွက်ပြီး မြို့လယ်စျေးဆိုင်တွေရဲ့ မှန်တွေကို ရိုက်ခွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ ရဲအဖွဲ့က အဲဒီအဖြစ်အပျက်ကို အဓိကရုဏ်းလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။
မင်နီယာပိုးလိစ်မှာတော့ လမ်းမကြီးကို ပိတ်ဆို့တဲ့ ဆန္ဒပြသူ အယောက် ၂၀၀ လောက်ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ဟာ ဒေါ်နယ်ထရမ့်နဲ့ မဲပြန်ရေတွက်ရေး တောင်းဆိုချက်ကို ကန့်ကွက်ဆန္ဒပြသူတွေလို့ အမေရိကန်မီဒီယာတွေမှာ ရေးသားဖော်ပြကြပါတယ်။
နယူးယောက်၊ ဖီလာဒဲဖီးယား၊ ရှီကာဂိုတို့မှာလဲ အလားတူဆန္ဒပြပွဲတွေ ဖြစ်ခဲ့ကြပါတယ်။
ဒက်ထရွိုက်မှာတော့ ထရမ့်လိုလားတဲ့ ဆန္ဒပြသူတွေဟာ မဲရေတွက်တဲ့ ရုံးမှာ စုဝေးကြပြီး မှန်တံခါးတွေကို ထုရိုက်ကန့်ကွက်ခဲ့ပါတယ်။ မဲရေတွက်တာရပ်ကြတော့လို့ အော်ဟစ်ကြပါတယ်။
အရီဇိုးနားပြည်နယ် ဖီးနစ်မှာလဲ မဲပြန်ရေတွက်ရေး ဆန့်ကျင်ဆန္ဒပြသူ အနည်းငယ်ရှိခဲ့ပါတယ်။
ရှပ်ပီဂိတ်ဆော့ပင် အငြင်းပွားမှု
စွပ်စွဲမှုနဲ့ ဆန္ဒပြမှုခံရတဲ့ အထဲမှာ ရှပ်ပီ ဆော့ပင်လဲ ပါဝင်ခဲ့ပါတယ်။ ရှပ်ပီဆော့ပင်နဲ့ ခြစ်ပြီး မဲပေးရာမှာ မင်ပြန့်လို့ ပယ်မဲဖြစ်ရတယ်လို့ ပြောဆိုမှုတွေကြောင့်ပါ။
အရီဇိုနာပြည်နယ် ရွေးကောက်ပွဲတာဝန်ရှိသူတယောက်ဖြစ်တဲ့ ပြည်နယ် အတွင်းရေးမှူး ကေတီဟော့ဘ်က ရှပ်ပီဆော့ပင်သုံးလို့ ပယ်မဲမဖြစ်ပါဘူးလို့ တွစ်တာမှာ ရေးသားဖြေရှင်းပါတယ်။
လူမှုကွန်ရက်မှာ တင်တဲ့စာတချို့မှာ ရီပတ်ဘလစ်ကန်အတွက် မဲပေးတဲ့သူတွေရဲ့မဲကို ပယ်မဲဖြစ်အောင် ရှပ်ပီဆော့ပင်တွေ တမင်ထုတ်ပေးတယ်လို့ စွပ်စွဲတာတွေ ရှိခဲ့တာပါ။
“မဲရုံအလုပ်သမားတွေဟာ မဲဆန္ဒရှင်တွေရဲ့ ဆော့ပင်ကိုမသုံးခိုင်းဘဲ ရှပ်ပီ ဆော့ပင်တွေကို ထုတ်ပေးခဲ့ပါတယ်။ ရှပ်ပီနဲ့ပေးတဲ့မဲတွေဟာ မင်ပြန့်ပြီး ဖတ်မရတော့ပါဘူး”လို့ တယောက်က ရေးသားထားပါတယ်။
ဒီမိုကရက်တွေကတော့ ဂျိုးဘိုင်ဒန် အသာရတာကို သေးသိမ်အောင် “ရှပ်ပီဂိတ်” အရေးအခင်းကို သတင်းမှားထုတ် လုပ်ကြံဖန်တီးတာသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အမေရိကန်ရွေးကောက်ပွဲနဲ့ နိုင်ငံတကာမီဒီယာ
မပြတ်သားမရေရာသေးတဲ့ ရွေးကောက်ပွဲ ရလဒ်ကြောင့် အမေရိကန်မှာ အကြမ်းဖက်မှု ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို နိုင်ငံတကာ သတင်းမီဒီယာတချို့မှာ ရေးသားဖော်ပြကြပါတယ်။
လော့စ်အိန်ဂျယ်လိစ်၊ ဆီယဲ့တဲ၊ မင်နီယာပိုးလိစ်တို့မှာ ဖြစ်တဲ့ အဓိကရုဏ်းတွေကို အီရန် အစိုးရ ရေဒီယိုက သတင်းထုတ်ပြန်ရာမှာ “လူတွေဟာ လက်နက်ကိုင်ဆောင်ထားကြပြီး ရဲကိုတောင် မကြောက်ကြတော့ဘူး”လို့ ပြောဆိုပါတယ်။
တရုတ်နိုင်ငံထုတ် ဂလိုဘယ်တိုင်းမ် သတင်းစာရဲ့ သုံးသပ်ချက်မှာတော့ “အကြမ်းဖက်မှုနဲ့ သေနတ်တွေ” လို့ခေါင်းစဥ်တပ်ပါတယ်။ “ဖွံ့ဖြိုးမှုနောက်ကျတဲ့တိုင်းပြည်တွေမှာတော့ အကြမ်းဖက်မှုနဲ့ လက်နက်တွေဟာ ရွေးကောက်ပွဲနဲ့ ဒွန်တွဲနေတတ်ပါတယ်။ လွတ်လပ်မှုရဲ့ အလင်းရောင်လို့ ဆိုတဲ့ အမေရိကန်မှာ အခု ဖြစ်နေတာတွေကတော့ မထင်မှတ်ထားတဲ့ အရာတွေပါ”လို့ ဆိုထားပါတယ်။
ရုရှားက ရုပ်မြင်သံကြားတွေမှာတော့ နယူးယောက်နဲ့ တခြားမြို့ကြီးတချို့က ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ ရဲနဲ့ အဓိကရုဏ်းဖြစ်ပွားကြတာတွေကို ဖော်ပြပါတယ်။
ရုရှားသတင်းစာကြီးတခုဖြစ်တဲ့ ဒေးလီးကွန်မားဆန့်ကတော့ “အမေရိကန် သမိုင်းမှာ အကြမ်းတမ်းဆုံးအဖြစ်အပျက်”လို့ ရေးသားထားပြီး ဖြစ်လာတဲ့ ရလဒ်တွေဟာ ပိုပြီး စိတ်ဝမ်းကွဲမှုတွေဆီ ဦးတည်လိမ့်မယ်လို့ ဆိုထားပါတယ်။
အမေရိကန်မှာ အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်တဲ့ အလားအလာနဲ့ဒီမိုကရေစီ တန်ဖိုး၊ ဒီမိုကရေစီကျင့်စဥ်တွေကို သေးသိမ်စေတဲ့အတွက် စိတ်ပျက်တဲ့ အရေးအသားမျိုးတွေလည်း တွေ့ရပါတယ်။
ကင်ညာ စတန်းဒတ် သတင်းစာက “အမေရိကန်ရဲ့ရှက်ဖွယ်အဖြစ်အပျက်”လို့ ခေါင်းစဥ်တပ်ပြီး လူမည်းနောက်ခံမြင်ကွင်းမှာ အမေရိကန်တပ်ဖွဲ့က လမ်းမပေါ် သေနတ်ကိုင်ဆောင်ထားတဲ့ပုံနဲ့ သတင်းဖော်ပြခဲ့ပါတယ်။
တူရကီ မီဒီယာတွေကတော့ “မဲရေတွက်မှုတွေကြားက ကစဥ့်ကလျား အဖြစ်အပျက်များ”လို့ ဆိုပါတယ်။
ဂျာမနီ ဖရန့်ဖတ်တားအယ်လ်ဂျာမိန်းဇိတ်တုန်း သတင်းစာရဲ့ သုံးသပ်ချက်မှာတော့ “အမေရိကန် သမ္မတက မမြင်ရတဲ့ မဲမသမာမှုစွပ်စွဲချက်တွေကိုပြောဆိုပြီး သူအနိုင်ရပြီလို့ ကသုတ်ကရက်ကြေညာခဲ့တယ်”လို့ ဆိုပါတယ်။
စပိန် အယ်လ်မွန်ဒို သတင်းကတော့ “သမ္မတ ရစ်ချတ်နစ်ဆင် နုတ်ထွက်ရတဲ့ အဖြစ်အပျက်ရဲ့ နောက်ပိုင်းမှာ အမေရိကန်အတွက် အကြီးမားဆုံး နိုင်ငံရေး အကျပ်အတည်း” လို့ဆိုပါတယ်။
တောင်အာဖရိကရဲ့ ဒေးလီမားဗရစ်က် သတင်းရဲ့ ကာတွန်းတပုဒ်မှာတော့ ရုပ်ပြောင်ရေးဆွဲထားတဲ့ သမ္မတထရမ့်က လစ်ဘာတီရုပ်တုကို ဓားနဲ့ကုပ်ပေါ်မိုးထားပြီး “ငါနိုင်ရင်နိုင်၊ မနိုင်ရင် ဖျက်ပစ်လိုက်မယ်”လို့ ပြောနေတဲ့ပုံဆွဲထားပါတယ်။
အာဖဂန်သတင်းဌာနတခုကတော့ “ထရမ့်နိုင်ရင် တာလီဘန်နိုင်တာလို့ ဆိုနိုင်မလား၊ ဘိုင်ဒန်နိုင်ရင် အာဖဂန်သမ္မတနိုင်ငံဆီ ဆက်လက်ဦးတည်မလား”လို့ မေးခွန်းထုတ်ထားပါတယ်။
အီရန်ကိုလိုလားတဲ့ အရှေ့အလယ်ပိုင်းက အယ်လ်မယာဒီးန် ရုပ်မြင်သံကြားဌာနရဲ့ ဝက်ဘ်ဆိုက်မှာတော့ “ထရမ့်နဲ့ဆက်ပြီးနှစ်ပါးသွားရမလားလို့ ပူပန်နေသူတွေ သက်ပြင်းမချနိုင်ကြသေး”လို့ ရေးထားပါတယ်။
တကယ်ပဲ ကစဉ့်ကလျားဖြစ်နေပြီလား
မဲပေးမှုကို အကြောင်းပြုပြီး ဆန့်ကျင်ကန့်ကွက်တာတွေ၊ ဖမ်းဆီးမှုတွေ၊ ရဲနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ မှန်ပေမဲ့ ဆန္ဒပြပွဲအများစုဟာ သေးငယ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတာ ဖြစ်ပါတယ်။
မဲရလဒ်ကြေညာတာ နောက်ကျမယ်ဆိုတာဟာ ကြိုတင်မျှော်လင့်ထားတဲ့ အချက်ဖြစ်ပါတယ်။ ကိုရိုနာကပ်ဘေးကြောင့် စာတိုက်က မဲပေးသူတွေ အလွန်များပြားတဲ့အတွက် ဒီလိုဖြစ်လာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားပြီးသားပါ။
ဆက်လက်ရေတွက်နေဆဲ ပြည်နယ်တွေမှာလဲ သက်ဆိုင်ရာ အရာရှိတွေက မဲရေတွက်မှု ဖြစ်စဥ်ဟာ စီစဉ်ထားတဲ့အတိုင်း ချောချောမောမော ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုကြပါတယ်။
မဲရေတွက်မှု ဖြစ်စဥ်ဟာ အချိန်ယူပါလိမ့်မယ်။ ဒါပေမဲ့ အလုပ်ဖြစ်နေပါတယ်လို့ နီးဗားဒါး ရှေ့နေချုပ် အာရွန်ဖို့က ဘီဘီစီကို ဗုဒ္ဓဟူးနေ့ကပြောပါတယ်။
ဒီရွေးကောက်ပွဲဟာ အကြောင်းအမျိုးမျိုးကြောင့် လှုပ်လှုပ်ရှားရှား အဖြစ်ဆုံး ရွေးကောက်ပွဲ တခုဖြစ်ပေမဲ့ တချို့သတင်းမီဒီယာတွေရဲ့ ရေးသားချက်တွေကတော့ အမေရိကန်ကို တမင်သေးသိမ်အောင် ရေးသားလိုတဲ့ ရည်ရွယ်ချက် ရှိပုံရပါတယ်။








