၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ - တရားရုံးမှာ ဆုံးဖြတ်ရနိုင်သလား

မစ်ရှီဂန်မှာ မဲရေတွက်နေစဥ် ထရမ့်ကို အားပေး ထောက်ခံသူတွေ မှန်တွေကို ရိုက်ပုတ် ဆန္ဒပြနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ်ရှီဂန်မှာ မဲရေတွက်နေစဥ် ထရမ့်ကို အားပေး ထောက်ခံသူတွေ မှန်တွေကို ရိုက်ပုတ် ဆန္ဒပြနေကြ

ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာ ရွေးကောက်ပွဲ အောင်နိုင်ဖို့ လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုပေမယ့် သမ္မတ ထရမ့်က ပြည်နယ် ၄ခုမှာ မဲပြန်စစ်ပေးဖို့ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ လုပ်ထားပါတယ်။

ဆိုတော့ ဘာတွေ ထပ်ဖြစ်လာမလဲ။

Section divider

အခုချိန်မှာ နောက်ဆုံး မဲရလဒ်ကို သိရသင့်ပြီမဟုတ်လား

ဒီမေးခွန်းက ဟုတ်တယ် ဒါပေမယ့် မဟုတ်ဘူး လို့ ပြောနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ သမ္မတလောင်း တစ်ယောက်က အပြတ်အသတ် အသာရနေပြီဆိုရင် အမေရိကန် သတင်းဌာန တွေက ဒီလူ နိုင်သွားပြီလို့ ကြေညာလေ့ရှိပါတယ်။

ဒါမျိုးက မဲပေးပြီးနောက်တစ်ရက် မနက်ပိုင်းမှာ ဖြစ်လေ့ ဖြစ်ထရှိပါတယ်။

ဒါပေမယ့် ဒါက တရားဝင် ထုတ်ပြန်တဲ့ ရလဒ်တွေမဟုတ်ပါဘူး။ ဒါက ခန့်မှန်းခြေပဲ ရှိပြီး တရားဝင် ထုတ်ပြန်တဲ့ ရလဒ်တွေက ရက်အတန်ကြာမှ ထွက်ပေါ်လာပါတယ်။

ဒီနှစ်မှာတော့ များပြားတဲ့ စာတိုက်မဲတွေကို ရေတွက်ရမှာ ဖြစ်တာကြောင့် ရေတွက်မှုက ရက်အတန်ကြာနိုင်ပါတယ်။ အထူးသဖြင့် မဲပြောင်းလွယ်ပြီး အရေးကြီးတဲ့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲ မတိုင်ခင်မှာ မဲကြိုရေတာကို ခွင့်ပြုထားခြင်း မရှိလို့ပါပဲ။

မဲအများအပြားကို ရေတွက်ပြီးပေမဲ့ နောက်ထပ်မဲတွေ အများကြီး ကျန်နေပါသေးတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မဲအများအပြားကို ရေတွက်ပြီးပေမဲ့ နောက်ထပ်မဲတွေ အများကြီး ကျန်နေပါသေးတယ်

ဒါကြောင့် စာတိုက်မဲတွေကို ရေတွက်ရာမှာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုချက် လိုအပ်တာ ကြောင့် လူကိုယ်တိုင်လာပေးတဲ့ မဲတွေကို ရေတွက်ရတာထက်ကို ပိုကြာ နိုင်ပါတယ်။

အကြိတ်အနယ် ဖြစ်လေလေ၊ သမ္မတလောင်း နှစ်ဦးစလုံးက သူတို့ ရှုံးပါပြီလို့ ဝန်ခံခြင်း မရှိလေလေ မဲတွေကို သေသေချာချာ ရေတွက်ရလေပါပဲလို့ ရွေးကောက်ပွဲ လေ့လာသူ မက်သရူး ဝဲလ် က ဆိုပါတယ်။

Section divider

အတားအဆီးတွေ ရွေးကောက်ပွဲ မတိုင်ခင်ရှိခဲ့

အခု ရွေးကောက်ပွဲဟာ တရားစွဲဆိုမှုတွေ အများအပြား ရှိခဲ့တဲ့ ရွေးကောက်ပွဲ တစ်ခုပါ။

ရွေးကောက်ပွဲ ကျင်းပတဲ့ အင်္ဂါနေ့ မရောက်ခင်မှာ ကတည်းက ပြည်နယ် ၄၄ ခုမှာ စာတိုက်မဲ နဲ့ ပတ်သက်လို့ တရားစွဲ ဆိုမှုပေါင်း ၃၀၀ ကျော် ရှိခဲ့ပြီး ဖြစ်ပါတယ်။

အဓိက အားဖြင့် စာတိုက်မဲ ပေးပို့ရမယ့် နောက်ဆုံးရက် သတ်မှတ်မှု၊ စာတိုက်မဲ လက်ခံ ရရှိမှု နဲ့ သက်သေခံ လက်မှတ် လိုအပ်ချက် စတာတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရ အပြန်အလှန် စိန်ခေါ်မှုတွေ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန်တို့ အားသာတဲ့ ပြည်နယ်တွေမှာ စာတိုက်မဲတွေကို သေချာ စိစစ်မှ မဲမသမာ မှုတွေ နည်းလိမ့်မယ်လို့ ပါတီဘက်က ပြောပါတယ်။

ဒီမိုကရက်တွေကတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေး ဖြစ်တဲ့ အတွက် သူတို့ရဲ့ ရပိုင်ခွင့်ကို ကျင့်သုံး သင့်တယ်လို့ ငြင်းချက် ထုတ်ပါတယ်။

Section divider

ဒေါ်နယ် ထရမ့် ရဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ

၀စ္စကွန်ဆင်

အဲဒီမှာ ရွေးကောက်ပွဲနေ့က ပုံမှန်မဟုတ်တဲ့ အနေအထားတွေ တွေ့ရလို့ မဲတွေကို ပြန်ရေတွက်ပေးဖို့ ဒေါ်နယ် ထရမ့် ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ က တောင်းဆို ထားပါတယ်။

ဘယ်အချိန်မှာ မဲပြန်ရေမလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမယ့် ခရိုင် တာဝန်ရှိသူတွေက မဲရလဒ်ကို ပြန်လည် သုံးသပ်မှု မပြီးမချင်း လုပ်လေ့ မရှိပါဘူး။ ပြည်နယ် က နိုဝင်ဘာ ၁၇ ရက်နေ့မှာ နောက်ဆုံးလုပ်ဆောင်ဖို့ တရားဝင် အတည်ပြုထားပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဒီပြည်နယ်မှာ ပြန်ရေတွက်တာ လုပ်ဆောင်ခဲ့ဖူးပြီး မဲ ၁၀၀ ကျော်ရဲ့ ရလဒ် ပြောင်းလဲ သွားတယ်လို့ ကိုလံဘီယာ တက္ကသိုလ် ဥပဒေဌာန ပါမောက္ခ ရစ်ချက် ဘရစ်ဖော့က ပြောပါတယ်။

မဲပြန်ရေတာဟာ မဲရလဒ် တရားဝင် မဝင်ဆိုတာကို ကြည့်တာ မဟုတ်ဘဲ၊ ရေတွက်မှုတွေ သေချာ ပြန်စိစစ်ခိုင်းတာသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မစ်ရှီဂန်

၂၀၁၆ ခုနှစ်တုန်းက ဒီပြည်နယ် ဒေါ်နယ် ထရမ့်က ကျဥ်းမြောင်းတဲ့ မဲရလဒ် ဖြစ်တဲ့ ၁၀၇၀၀ မဲ အသာ နဲ့ အနိုင်ရခဲ့ဖူးပါတယ်။ နိုဝင်ဘာ ၄ရက် ရွေးကောက်ပွဲပြီး နောက်တစ်ရက် ဗုဒ္ဓဟူးနေ့မှာတော့ သူ့ရဲ့ အောင်နိုင်ရေး အဖွဲ့ မဲရေတွက်မှု ဆက်မလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

မဲလက်မှတ်ကို ကြည့်ရှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီအချိန်က ၉၆ ရာခိုင်နှုန်းသော မဲတွေကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဘက်က ရေတွက်ပြီးစီးချိန် တရားဝင် ထုတ်ပြန်မှု မလုပ်ရသေတဲ့ အချိန်ပါ။

ထောင်နဲ့ချီတဲ့ မဲလက်မှတ်တွေကို ရေတွက်ဖို့ ကျန်နေပါသေးတယ်။ အဲဒီမဲတွေဟာ အများအား ဖြင့် ဒီမိုကရက်ကို အစဉ်အလာ နဲ့ ထောက်ခံခဲ့တဲ့ နယ်မြေတွေက ဖြစ်ပါတယ်။ အဲဒီမှာ မစ္စတာ ဘိုင်ဒန် အနိုင်ရတယ်လို့ အမေရိကန် သတင်းဌာန တွေနဲ့ အတူ ဘီဘီစီလည်း ခန့်မှန်းအတည်ပြုထားနိုင်ခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယား

ဒီပြည်နယ်မှာတော့ တာဝန်ရှိသူတွေအတည်ပြုထားတဲ့ စာတိုက်တံဆိပ်ပါတဲ့ မဲတွေ သုံးရက်လွန်မှ ရောက်လာပေမယ့် ထည့်သွင်း ရေတွက်မယ် ဆိုတဲ့ အချက်ကို ရီပတ်ဘလီကန် ဘက်က စောဒက တက်ထားပါတယ်။

တရားရုံးချုပ်က ဒီအချက်ကို ရွေးကောက်ပွဲ မတိုင်ခင်၊ တရားသူကြီး အသစ် အေမီ ဘားရက်ကို မခန့်အပ်ခင် ကတည်းက အတည်ပြုထားတာ ဖြစ်တဲ့ အတွက် ဒါဟာ စိုးရိမ်စရာ ရှိတယ်လို့ မက်သရူး ဝဲလ် က ပြောပါတယ်။

ဘာ့ကြောင့်လဲ ဆိုတော့ တရားရုံးချုပ်ရဲ့ အမိန့်ကို ပြန်လည်သုံးသပ်ဖို့ တရားသူကြီးသစ်ကို လိုလားတဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲနေ့မှာ ပေးပို့လိုက်တဲ့ စာတိုက်မဲတွေဟာ သောကြာနေ့အထိ မရောက်လာတဲ့ အခါမှာ ပယ်ဖျက်ခံရနိုင်လို့ပါပဲ။ ဒါကြောင့် မှားယွင်းတဲ့ ရလဒ် ဖြစ်ပေါ်နိုင်ပေမယ့် တရားဝင် ရလဒ်တွေ ဖြစ်သွားမယ်လို့ သူက ဆိုပါတယ်။

ဒီအချက်တွေဟာ ရွေးကောက်ပွဲနဲ့ အင်မတန်မှ နီးကပ်လွန်းတဲ့ ကိစ္စတွေလို့လည်း မစ္စတာ ဝဲလ် က ထည့်သွင်းပြောဆိုပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြည်နယ် တာဝန်ရှိသူတွေက မက်ဆေ့ချ်တွေ ပေးပို့ခဲ့ကြပြီး ကြိုတင်မဲတွေကို စာတိုက်ကနေ မပို့ဘဲ၊ မဲရုံမှာ လာပေးကြဖို့ နှိုးဆော်မှုတွေ လုပ်ခဲ့ ပါတယ်။

ဒါကြောင့် မဲလက်မှတ်အများအပြား ပယ်ဖျက်ခံရတာမျိုးတော့ မရှိနိုင်ဘူးလို့ သူက ဆိုပါတယ်။

နောက်ကျရောက်လာတဲ့ စာတိုက်မဲတွေကို ခွဲခြားရေတွက်မယ်၊ ပြီးရင် မစ္စတာ ဘိုင်ဒန်က ဒီမဲတွေ မတိုင်ခင်မှာကတည်းက အသာရနေမယ် ဆိုရင်တော့ ဒေါ်နယ် ထရမ့် အဖွဲ့ ဘက်က တရားဥပဒေ ကြောင်းအရ စိန်ခေါ်မှုဟာ အလုပ်မဖြစ်နိုင်ဘူးလို့ ပါမောက္ခ ဘရစ်ဖော့က ထောက်ပြပါတယ်။

ပင်ဆယ်ဗေးနီးယားမှာ ဒေါ်နယ် ထရမ့် နိုင်တယ်လို့ သူ့ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ကြေညာ ထားပေမဲ့ မဲလက်မှတ် ၁ သန်းကျော်ကို ရေတွက်ဖို့ ကျန်နေပါသေးတယ်။ အမေရိကန် သတင်းဌာနကြီးတွေကလည်း ဒီမှာ ဘယ်သူ နိုင်တယ် ဆိုတာကို မထုတ်ပြန်ထားသေးပါဘူး။

ဂျော်ဂျီယာ

ချက်သမ် ခရိုင်က ကြိုတင်မဲ ရေတွက်မှုတွေဟာ ပြဿနာတွေ ရှိနေတယ်လို့ ထောက်ပြပြီး ပြည်နယ် ရီပတ်ဘလီကန် နဲ့ ဒေါ်နယ် ထရမ့် ရဲ့ အောင်နိုင်ရေးအဖွဲ့က တရားဥပဒေကြောင်း အရ တောင်းဆိုထားပါတယ်။

အမျိုးသမီး တစ်ယောက်ဟာ မရေတွက်ရသေးတဲ့ ကြိုတင်မဲခြင်းထဲကို မဲလက်မှတ် ၅၀ လောက် ရောထွေးပစ်လိုက်တယ်လို့ ပြည်နယ် ရီပတ်ဘလီကန် ဥက္ကဋ္ဌ ဒေးဗစ် ရှေဖာက တွစ်တာ မှာ တင်ခဲ့ ပါတယ်။

သူက ဒီမဲတွေနဲ့ အတူ မဲရုံပိတ်ချိန်မှာ ရောက်လာတဲ့ စာတိုက်မဲတွေကို ပြန်ရေတွက်ပေးဖို့ တရားသူကြီး ဆီမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

မဲအားလုံးကို ရေတွက်ဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရားရုံးချုပ်ကို ရောက်သွားနိုင်သလား

ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက သက်သေ အထောက်အထားမပြနိုင်ပေမယ့် မဲမသမာမှုတွေ ရှိနေတယ်လို့ ဆိုပြီး စွပ်စွဲကာ၊ တရားရုံးချုပ်ကို တိုင်ကြားနိုင်တယ် ပြောဆိုပါတယ်။ မဲရေတွက်မှုတွေ ကိုလည်း ရပ်တန့်ဖို့ လိုလားကြောင်း သူက ပြောပါတယ်။

မဲပေးတာကတော့ ပြီးဆုံးသွားပါပြီ။ မဲရုံတွေလည်း ရွေးကောက်ပွဲ ညမှာပဲ ပိတ်လိုက်တာပါ။ ဒါပေမယ့် ပင်ဆယ်ဗေးနီးယားမှာ နောက်ကျပြီး ‌ရောက်လာတဲ့ မဲလက်မှတ်တွေရဲ့ ကိစ္စက မေးခွန်း ထုတ်စရာပါ။

တရားရုံးချုပ် အနေနဲ့ တရားဝင် မဲရေတွက်မှု လုပ်ငန်းစဉ်တွေကို ရပ်တန့်ဖို့ တရားရုံးချုပ်မှာ မည်သည့် အာဏာမှ မရှိဘူးလို့ မစ္စတာ မက်သရူး ဝဲလ် က ဆိုပါတယ်။

အောင်နိုင်ရေး အဖွဲ့တွေအနေနဲ့ အရေးကြီးတဲ့ ပြည်နယ်တွေမှာ အငြင်းပွားမှုတွေ ဖြစ်နိုင်ပေမယ့် အခြေခံဥပဒေနဲ့ ထောက်ပြပြီး တရားရုံးချုပ်ကို ရောက်ရတဲ့ အမှုအခင်းမျိုး မရှိဘူးလို့လည်း ပါမောက္ခ ဘရစ်ဖော့က ပြောပါတယ်။

ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို တရားရုံးချုပ်မှာ တင်ပြတဲ့ စံနှုန်းတွေလည်း မရှိဘူး လို့ သူက ပြောပါတယ်။ တရားရုံးချုပ် ပါဝင် ပတ်သက်လာဖို့ သိသာထင်ရှားတဲ့ အကြောင်းရင်း ရှိမှ ဖြစ်မယ်လို့ ထောက်ပြပါတယ်။

မဲရလဒ်တွေကို စိန်ခေါ်ဖို့ ဘယ်သူတွေ ပါဝင်နိုင်သလဲ

အောင်နိုင်ရေးအဖွဲ့တွေရဲ့ ဥပဒေ အဖွဲ့အစည်းတွေက ပြည်နယ် တရားရုံးမှာ ဦးတိုက် လျှောက်ထား ရပါမယ်။ ပြည်နယ် တရားသူကြီးက မဲရလဒ်ကို အတည်ပြုတာသော်လည်းကောင်း၊ မဲပြန်လည် ရေတွက်စေတာသော်လည်းကောင်း အမိန့်ချမှတ် နိုင်ပါတယ်။

ဒီပြည်နယ် တရားရုံးရဲ့ အမိန့်ကို တရားရုံးချုပ် တရားသူကြီးတွေက ပယ်ဖျက်တာမျိုး လုပ်နိုင်ပါတယ်။

တချို့နေရာတွေမှာ မဲရလဒ် အပြတ်အသတ် မကွာတာမျိုး ရှိလာရင် မဲပြန်ရေတာကို အလိုအလျောက် လုပ်လေ့ရှိပါတယ်။ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဖလော်ရီဒါမှာ ဂျော့ချ် ဒဗလျူ ဘုရှ် နဲ့ အယ်ဂိုး တို့ရဲ့ ရလဒ် သိပ်မကွာလို့ ပြန်ရေတွက်ခဲ့ရဖူးပါတယ်။

Section divider

အချိန်ဘယ်လောက် ကြာနိုင်သလဲ

ဒီကိစ္စက သမ္မတ ရွေးကောက်ပွဲ ဖြစ်တာကြောင့် ပြည်ထောင်စု ပြဋ္ဌာန်းချက်နဲ့ အခြေခံဥပဒေမှာ သတ်မှတ်ရက် တွေ ရှိထားပြီးသားပါ။

  • နိုဝင်ဘာ ၃ရက် ရွေးကောက်ပွဲနေ့ကနေ စပြီး ၅ ပတ်မြောက်မှာ ဘယ်သူ သမ္မတ ရွေးကောက်ပွဲ နိုင်တယ် ဆိုတာကို ပြည်နယ်တွေက ကြေညာ နိုင်ပါတယ်။ ဒါကို နောက်ဆုံးရက် သတ်မှတ်ချက်လို့ ဥပဒေကြောင်းအရ ခေါ်ဆိုပြီး ဒီဇင်ဘာလ ၈ ရက်နေ့ ဖြစ်ပါတယ်။
  • ပြည်နယ်တွေက မကြေညာနိုင်တဲ့ အခါမှာ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲတွေကို သတိရမယ် ထင်ပါတယ်။ သူတို့က သမ္မတ ကို ရွေးနိုင်ပါတယ်။ ဘယ်သူ မဲအများဆုံးရတယ် ဆိုတဲ့ ကိစ္စနဲ့ မသက်ဆိုင်ပါဘူး။ ကွန်ဂရက် လွှတ်တော်ကသာ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် မဲတွေကို ပယ်ဖျက်ခွင့် ရှိပါတယ်။
  • ဒီဇင်ဘာ ၁၄ ရက်နေ့မှာ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ပြည်နယ်မှာ မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။
  • အဲဒီမှာလည်း ရလဒ် မထွက်ဘူး ဆိုရင်တော့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ကွန်ဂရက်က ကိုယ်စားပြု ရွေးကောက်ပွဲ ဆိုတာကို ခေါ်ဆို နိုင်ပါတယ်။
  • ဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော်က သမ္မတ ကို ရွေးချယ်ရမှာ ဖြစ်ပြီး၊ ဆီးနိတ်က ဒုတိယ သမ္မတ ကို ရွေးချယ်ရမှာပါ။ အဲဒီမှာ မတူညီတဲ့ ပါတီက သမ္မတ နဲ့ ဒုတိယ သမ္မတ တွေကို တွေ့ကောင်းတွေ့ရနိုင်ပါတယ်။ ဂျိုးဘိုင်ဒန် နဲ့ မိုက်ပန့်စ် တို့ မဖြစ်လာဘူးလို့ မဆို နိုင်ပါဘူး။
  • လွှတ်တော်တစ်ရပ်က ကိုယ်စားလှယ် အဖွဲ့ဟာ မဲတစ်မဲ ပေးပိုင်ခွင့် ရှိပြီး ၂၆ ဖွဲ့ဆီက မဲရတဲ့ သူဟာ အမေရိကန် သမ္မတသစ် ဖြစ်လာမှာပါ။

ဆီးနိတ်နဲ့ အောက်လွှတ်တော်က သမ္မတ ကို ရွေးချယ်တဲ့ အခြေအနေဟာ ကိစ္စရပ်တွေ အတော်များများ မှားယွင်းသွားမှသာ ဖြစ်နိုင်တဲ့ အခြေအနေပါလို့ မစ္စတာ မက်သရူး ဝဲလ်က ပြောပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ သူမသာ ကိုယ်မသာ ဖြစ်နေတဲ့ အခြေအနေမျိုး မှသာ ဖြစ်လေ့ ရှိပါတယ်။

ပြည်နယ် တစ်ခုတစ်လေမှာ အငြင်းပွားမှုတွေ ရှိကောင်း ရှိနိုင်ပေမယ့် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ ၂၇၀ ကို ရသွားတာမျိုးက ပိုဖြစ်နိုင်ပါတယ်လို့ သူက ဆိုပါတယ်။

Section divider

ပြည်နယ်တွေက ဘယ်သူအနိုင်ရတယ် ဆိုတာကို ဘာကြောင့် မကြေညာနိုင်သလဲ

ပြည်နယ်တွေက သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်မဲကို သဘောမတူတာမျိုး ဖြစ်လာရင် ဘာဖြစ်မလဲ။

ပါတီတွေက ရွေးကောက်ပွဲ မဲရေတွက်မှုဟာ မတိကျဘူး၊ မသမာဘူး လို့ စွပ်စွဲ လာရင် ဘာဖြစ်မလဲ။

အရေးပါတဲ့ ပြည်နယ်တွေ ဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနား၊ ပင်ဆယ်ဗေးနီးယား၊ မစ်ရှီဂန် နဲ့ ၀စ္စကွန်ဆင်တို့မှာ ပါတီ မတူညီတဲ့ ပြည်နယ် အစိုးရ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ချင် ဖြစ်နေပေမယ့် ပြည်နယ် လွှတ်တော်က ရီပတ်ဘလီကန် လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ပြိုင်ဆိုင်မှုအဖြစ် ပြည်နယ် လွှတ်တော်က အုပ်ချုပ်ရေးမှူး နဲ့ မတူညီတဲ့ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် ကို ကွန်ဂရက်ကို ပေးပို့လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ (၁၈၇၆ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။)

အုပ်ချုပ်ရေးမှူး ဒါမှမဟုတ် ပြည်နယ် လွှတ်တော်က ပေးပို့လိုက်တဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ် မဲတွေကို ကွန်ဂရက်က ဆုံးဖြတ်တာပါ။

အောက်လွှတ်တော်နဲ့ ဆီးနိတ်က သဘောထားတစ်ခုတည်း ဆိုရင်တော့ ပြဿနာ မရှိပေမယ့် သဘောထားကွဲပြီ ဆိုရင်တော့ မရေရာတဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။ ပြည်ထောင်စု ဥပဒေမှာတော့ အုပ်ချုပ်ရေးမှူးက ပေးပို့လာတဲ့ စာရင်းကိုသာ အလေးပေးလေ့ ရှိပါတယ်။

Section divider

နောက်ဆုံးရက် သတ်မှတ်ချက်

ဘာတွေ ဘယ်လိုပဲ ဖြစ်ပါစေ ဇန်နဝါရီ ၂၀ ရက်နေ့ဟာ သမ္မတ အသစ်ရဲ့ သက်တမ်းပဲ လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားပါတယ်။

နေ့လယ်မှာ တစ်စုံတစ်ယောက်က သမ္မတ အဖြစ် ကျမ်းကျိန်ရပါတယ်။ တကယ်လို့ အထက်ပါ အခြေအနေတွေကနေ အဖြေမထွက်လာဘူး ဆိုရင်တော့ တစ်ယောက်ပြီး တစ်ယောက် ဆက်ခံခြင်း အစီအစဉ်အရ လုပ်ရပါမယ်လို့ မစ္စတာ မက်သရူး က ဆိုပါတယ်။

အောက်လွှတ်တော်က ရွေးတဲ့ သမ္မတ နဲ့ ဆီးနိတ်က ရွေးတဲ့ ဒုတိယ သမ္မတ တွေ ကျမ်းကျိန် တာကို တွေ့မြင်ရကောင်း တွေ့မြင်ရပါမယ်လို့လည်း သူက ပြောပါတယ်။

သမ္မတ ဖြစ်ဖို့ အောက်လွှတ်တော်က မရွေးပေးနိုင်ခဲ့ဘူးဆိုရင်တော့ ဆီးနိတ်က ရွေးတဲ့ ဒုတိယ သမ္မတဟာ သမ္မတ အဖြစ် ကျိမ်းကျိန်ရပါမယ်။

ဒုတိယ သမ္မတ အဖြစ် မပေါ်ထွက်လာဘူးဆိုရင်လည်း အောက်လွှတ်တော် ဥက္ကဋ္ဌက သမ္မတ အဖြစ် ကျမ်းကျိန်ရမှာ ဖြစ်ပါတယ်။

Section divider

ဒီလို ဖြစ်ရပ်မျိုး သမိုင်းမှာ ရှိခဲ့ဖူးလား

၂၀၀၀ ခုနှစ် ရွေးကောက်ပွဲမှာတုန်းက ဂျော့ခ်ျ ဒဗလျူ ဘုရှ်နဲ့ အယ် ဂိုးတို့ရဲ့ ယှဥ်ပြိုင်ပွဲကို တရားရုံးချုပ်က ဝင်ရောက် ဆုံးဖြတ်ပေးခဲ့ရပါတယ်။ ဒီမိုကရက်က အယ်ဂိုး နဲ့ ရီပတ်ဘလီကန်က ဘုရှ်တို့ရဲ့ အကြိတ်အနယ် ရွေးကောက်ပွဲဖြစ်ခဲ့ပြီး လူထုမဲ အများစုကို အယ် ဂိုးက ရရှိခဲ့ပေမဲ့ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ မှာ သိပ်မကွာခြားခဲ့ပါဘူး။

သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် ၂၅ မဲ ရှိတဲ့ ဖလော်ရီဒါမှာ အငြင်းအခုန်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရလဒ် သိပ်မကွာလို့ မဲပြန်လည် ရေတွက်ခဲ့ရပြီး၊ ခရိုင် ၄ခု က မဲတွေကို လက်နဲ့ရေဖို့ မစ္စတာ ဂိုးရဲ့ အဖွဲ့က တောင်းဆိုပါတယ်။ ဒီအချက်ကို ဘုရှ် ရဲ့ အောင်နိုင်ရေး အဖွဲ့က စောဒက တက်ခဲ့ပါတယ်။

ရက်သတ္တပတ်အတော်ကြမှာတော့ တရားရုံးချုပ် က မစ္စတာ ဘုရှ်ကို ၅-၄ မဲနဲ့ အနိုင်ပေးပါတယ်။ မစ္စတာ အယ် ဂိုးလည်း အရှုံးကို ဝန်ခံခဲ့တဲ့ အတွက် မစ္စတာ ဘုရှ် အိမ်ဖြူတော် တာဝန်ကို ယူခဲ့တဲ့ ဖြစ်ရပ်ပါ။