သီရိလင်္ကာမှာ ဝေလငါး ၁၀၀ ကျော်ကို ဒေသခံတွေအကူအညီနဲ့ ကယ်တင်နိုင်

သီရိလင်္ကာကမ်းခြေတစ်ခုမှာ လာတင်ခဲ့တဲ့ ဝေလငါး ကောင်ရေ ၁၀၀ ကျော်ကို ညတွင်းချင်း ကယ်တင်နိုင်ခဲ့ကြကာ သူတို့ကို ပင်လယ်ထဲပြန်ရောက်သွားအောင် လုပ်ပေးနိုင်ခဲ့ကြပါတယ်။

မြို့တော် ကိုလံဘို တောင်ဘက် ပန်နာဒုရာမြို့နားမှာရှိတဲ့ ကမ်းခြေမှာဝေလငါးတွေ အများအပြား လာတင်ခဲ့ပြီး ဝေလငါး သုံးကောင်နဲ့ လင်းပိုင် တစ်ကောင် စုစုပေါင်း ၄ ကောင် သူတို့ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ကယ်တင်ရေးကို ဒေသခံတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ရေတပ်က ဆောင်ရွက်ခဲ့ပါတယ်။

ဝေလငါးတွေက ပိုင်းလော့ ဝေလငါး (pilot whales) တွေဖြစ်ပြီး သီရိလင်္ကာမှာ လာသောင်တင်တဲ့ အဖြစ်တွေထဲအများဆုံး လာတင်တဲ့ အဖြစ်လို့ မှတ်ယူကြပါတယ်။

ဝေလငါးတွေ ဘာလို့ ကမ်းခြေကို ရောက်လာ သောင်တင်ခဲ့ကြလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိနိုင်ကြသေးပါဘူး။

ဒေသခံတွေက ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက် ကာဖျူးတွေကို လျစ်လျူရှုပြီး ရေတပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တို့နဲ့ အတူပူးပေါင်းကာ ဝေလငါးတွေကို ရေနက်ပိုင်းရှိရာဘက်ကို ဝိုင်းတွန်းပြီး သူတို့ ပင်လယ်ထဲကို ပြန်ကူးသွားနိုင်အောင်ကူညီခဲ့ကြပါတယ်။

"အနီးအနားက ဒေသခံတွေက စုဝေးလာပြီး ကူညီကြတယ်၊ သူတို့ကယ်တင်လိုက်တာက အများစုပါ" လို့ အဏ္ဏဝါဇီဝဗေဒ ပညာရှင် ဒေါက်တာ အက်ရှာ ဒီ ဗော့စ်က အေဖက်ဖ်ပီ သတင်းဌာကို ပြောပါတယ်။

"ဒါပေမဲ့ တချို့ ဝေလငါးတွေက အရမ်းပင်ပန်းနေကြပြီး ရေထဲမှာပေါ်အောင်တစ်ညလုံးမနေနိုင်ကြ တော့ဘူး၊ ပင်လယ်ထဲပြန်ကူးသွားဖို့လည်း အင်အားမရှိကြတော့ဘူး၊ ဒါ့ကြောင့် သူတို့ သေဆုံးခဲ့ ရတာပါ။"

ဝေလငါးတွေကမ်းပေါ်လာတင်တာက ဖြစ်လေ့ဖြစ်ထရှိပေမဲ့ ဘာကြောင့်လာတင်တာလဲ ဆိုတဲ့ အကြောင်းရင်းကို ဘယ်သူမှ အသေအချာ မသိနိုင်ကြသေးပါဘူး။ ပညာရှင်တွေက သီအိုရီ မှန်းဆချက်တွေ အများအပြားရှိနေပြီး ငါးတွေ ကို ရှာဖွေစားဖို့ ငါးတွေနောက်လိုက်ရင်း ကမ်းခြေဘက်ရောက်လာကာ သူတို့ ဘယ်ရောက်လို့ ရောက်မှန်း မသိတော့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပိုင်းလော့ဝေလငါးတွေဟာ အုပ်စုလိုက်နေတတ်ပြီး တစ်ကောင်နဲ့ တစ်ကောင် အမြဲတမ်း ဆက်သွယ်ကာ အုပ်စုဝင်အကောင်တွေအချင်းချင်း နီးနီးကပ်ကပ် နေထိုင်ကြတဲ့ အကောင်တွေ လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်ဘာလတုန်းက သြစတြေးလျနိုင်ငံ တက်စ်မေးနီးယား ကမ်းခြေမှာ ရာနဲ့ချီတဲ့ ဝေလငါးတွေ လာတင်ခဲ့ကာ ကမ္ဘာမှာ ဝေလငါးအများဆုံး သောင်တင်တဲ့ အဖြစ်တွေ ထဲက တစ်ခုဖြစ်ခဲ့ပါတယ်။