ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျိမ်းစ်ဘွန်း မင်းသားကြီး ရှောန် ကွန်နရီ အသက် ၉၀ အရွယ်မှာ ကွယ်လွန်
အသက် ၉၀ အရွယ် ဆာဘွဲ့ရ မင်းသားကြီး ရှောန် ကွန်နရီ ကွယ်လွန်သွားပြီ ဆိုတာကို သူ့မိသားစုက ပြောပါတယ်။
စကော့တစ်ရှ်လူမျိုး ရှောန် ကွန်နရီကို ဂျိမ်းစ်ဘွန်း မင်းသားအဖြစ် လူသိများကြပါတယ်။ သူဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ရဲ့ ပထမဆုံး မင်းသားဖြစ်ပြီး ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားပေါင်း ၇ ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
မင်းသားကြီး ရှောန် ကွန်နရီဟာ မကျန်းမမာ ဖြစ်နေတာ အတော်ကြာနေပြီ ဖြစ်ပြီး ဘဟားမားစ်ကျွန်းမှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားတာ လို့ သူ့သားက ပြောပြပါတယ်။
သူ့မှာ ဇနီးသည် မီရှယ်လင်း၊ သားနှစ်ဦး ဖြစ်တဲ့ ဂျေဆန်နဲ့ စတေဖန်း တို့ ကျန်ရစ်ပါတယ်။
ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၅၀ လောက် ကျင်လည်ခဲ့တဲ့ ရှောန် ကွန်နရီဟာ Oscar ဆု တစ်ဆု၊ Bafta ဆုနှစ်ဆု၊ Golden Globes ဆု ၃ ဆု အပါအဝင် ရုပ်ရှင်ထူးချွန်ဆု အများအပြား ဆွတ်ခူးခဲ့ပါတယ်။
ရှောန် ကွန်နရီ သရုပ်ဆောင်ခဲ့တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကား ၇ ကား
•Dr No (၁၉၆၂)
•From Russia with Love (၁၉၆၃)
•Goldfinger (၁၉၆၄)
•Thunderball (၁၉၆၅)
•You Only Live Twice (၁၉၆၇)
•Diamonds are Forever (၁၉၇၁)
•Never Say Never Again (၁၉၈၃)
သူ့ကို 007 စုံထောက်ကားတွေမှာ အကောင်းဆုံး မင်းသားအဖြစ် အများက သတ်မှတ်ထားပါတယ်။ စစ်တမ်းတွေအရလည်း သူ့ကို အကောင်းဆုံး ဂျိမ်းစ်ဘွန်းမင်းသား အဖြစ် မဲပေးခဲ့ကြပါတယ်။
ဂျိမ်းစ်ဘွန်းမင်းသား အဖြစ် လက်ရှိမှာ သရုပ်ဆောင်နေတဲ့ မင်းသား ဒယ်နီယယ် ခရေ့ဂ် က ရှောန် ကွန်နရီဟာ တကယ့်ကို ကြီးမြတ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။
"ရှောန် ကွန်နရီကို ထောက်လှမ်းရေး စုံထောက် ဘွန်း အဖြစ်နဲ့ရော နောက်ထပ် ဇာတ်ကောင်နေရာ အများကြီး အနေနဲ့ပါ လူတွေ အမြဲ သတိရနေကြမှာပါ" လို့ မင်းသား ဒယ်နီယယ် ခရေ့ဂ် က ပြောပါတယ်။
ရှောန် ကွန်နရီဟာ ၁၉၈၈ ခုနှစ်မှာ The Untouchables ရုပ်ရှင်ကားမှာ အိုင်းရစ်ရှ်လူမျိုး ရဲတစ်ဦးအဖြစ် အကောင်းဆုံး ဇာတ်ပို့ Oscar ဆုကို ဆွတ်ခူးခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာတော့ ဗြိတိသျှ ဘုရင်မကြီးက Holyrood နန်းတော်မှာ သူ့ကို ဆာဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
"ရှောန် ကွန်နရီ ကွယ်လွန်သွားတယ် ဆိုတာ သိခဲ့ရချိန်မှာ ဝမ်းနည်းကြေကွဲ ခဲ့ရပါတယ်။ နိုင်ငံ့အချစ်ဆုံး သားတစ်ဦး ဆုံးပါးသွားတဲ့အတွက် တစ်ပြည်လုံး ဝမ်းနည်းမဆုံး ဖြစ်နေကြပါတယ်" လို့ စကော့တလန် ဝန်ကြီးချုပ် နီကိုလာ စတာဂျန်က ပြောပါတယ်။
ရှောန် ကွန်နရီရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ စကော့တလန် ဝန်ကြီးချုပ်ဟောင်း အဲလက်စ် ဆာလ်မန် ကလည်း ရှောန် ကွန်နရီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စကော့ လူမျိုးတဦး ဖြစ်သလို တကယ့် ဟောလီးဝုဒ်ကြယ်ပွင့် တစ်ပွင့်၊ ဘွန်းမင်းသားကြီး အဖြစ် ဖော်ညွှန်းပြောခဲ့ပါတယ်။
"ဒါတွေအပြင် ရှောန် ကွန်နရီ ဟာ တကယ့် စကော့တလန်ပြည်နယ်ကို ချစ်မြတ်နိုးတဲ့ မျိုးချစ်စိတ် ရှိသူ၊ နက်နက်နဲနဲ တွေးခေါ်တတ်တဲ့ ထူးချွန်ပြောင်မြောက်တဲ့ လူသား တစ်ဦး ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
"အမြဲထာဝရ စကော့တလန်" ဆိုတဲ့ တက်တူးဟာ သူ့လက်မောင်းမှာတင် ထိုးထားတာ မဟုတ်ဘဲ သူ့စိတ်ဝိညာဉ်ထဲမှာလည်း ကမ္ဗည်းထိုး မှတ်တမ်းတင်ထားတာပါ လို့ စကော့တလန်အပေါ် ရှောန် ကွန်နရီ ချစ်မြတ်နိုးပုံကို အဲလက်စ် ဆာလ်မန်က ဖြည့်စွက် ပြောသွားခဲ့ပါတယ်။
ရှောန် ကွန်နရီဟာ သြဂုတ်လတုန်းက သူ့ရဲ့ အသက် ၉၀ ပြည့်မွေးနေ့ကို ကျင်းပခဲ့ပါတယ်။