ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ် လူစုခွဲခဲ့တယ်လို့ မျက်မြင်သက်သေတွေပြော

နိုင်ဂျီးရီးယားနိုင်ငံ လေးဂေါ့စ်မြို့မှာ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကန့်ကွက် ဆန္ဒပြနေကြတဲ့ လူအတော်များများ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံး၊ ဒဏ်ရာ ရခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

စစ်သားတွေက သေနတ်နဲ့ပစ် လူစုခွဲခဲ့ကြတဲ့အတွက် လူ ၁၂ ဦး လောက် သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာ ရခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လူတွေ သေဆုံးတယ် ဆိုတာနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သတင်းတွေ သူတို့ ရထားတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ လူ ၁၅ ဦးလောက် ဒဏ်ရာရခဲ့ပေမဲ့ သေဆုံးသူ လုံးဝ မရှိဘူးလို့ ပြောပါတယ်။

လေးဂေါ့စ်နဲ့ တခြား ဒေသတွေမှာ ၂၄ နာရီ အပြင်မထွက်ရ ကာဖြူးအမိန့်ကို ရက်အကန့်အသတ်မရှိ ချမှတ်ထားပါတယ်။

ဗုဒ္ဓဟူးနေ့က လေးဂေါ့စ်မြို့က ရပ်ကွက်အတော်များများမှာ ကာဖြူးအမိန့်ကို ဖီဆန်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ရဲက ဝေဟင်ကနေ ပစ်ခတ် လူစုခွဲခဲ့တယ်လို့ အဘူဂျာမြို့တော်ကနေ ဘီဘီစီ သတင်းထောက် အဲန်ဒူကာ အော်ဂျင်မို က သတင်းပေးပို့ထားပါတယ်။

အခုအခါ ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ လုယက်မှုတိုက်ဖျက်ရေး ရဲအထူးတပ်ဖွဲ့ (Sars) အပေါ် လူတွေ ကန့်ကွက် ဆန္ဒပြနေတာ သီတင်း နှစ်ပတ်ကြာ ရှိသွားပြီဖြစ်ပါတယ်။ ဆန္ဒပြသူတွေက လူတွေ စုဝေး ဆန္ဒပြကြဖို့ #EndSars ဆိုတဲ့ ဟက်ရှ်တက်ဂ် ကို သုံးပြီး ဆိုရှယ် မီဒီယာပေါ်ကနေတဆင့် စည်းရုံးစီစဉ်ခဲ့ကြတာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟေလာရီ ကလင်တန် ကလည်း အင်္ဂါနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ် လူစုခွဲမှုနဲ့ ပတ်သက်လို့ ဆန္ဒပြသူလူငယ်တွေကို သတ်ဖြတ်နေတာ ရပ်တန်းက ရပ်ဖို့ နိုင်ဂျီးရီးယား သမ္မတ မူဟမ်မာဒူ ဘူဟာရီနဲ့ စစ်တပ်ကို ဆိုရှယ် မီဒီယာပေါ်ကနေ တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာတွေ ရပ်တန့်ဖို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေကို လာမယ့်လ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကလည်း တိုက်တွန်းလိုက်ပါတယ်။

"ရဲတပ်ဖွဲ့ ပြင်ဆင်ဖွဲ့စည်းဖို့နဲ့ ဒီမိုကရေစီစနစ် ခြစားခံနေမှု ချုပ်ငြိမ်းသွားစေဖို့ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြနေကြသူ နိုင်ဂျီးရီးယား ပြည်သူတွေနဲ့အတူ အမေရိကန် အတူရပ်တည်ဖို့ လိုတယ်"လို့ သူက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မန်ယူ ကစားသမား နိုင်ဂျီးရီးယား လက်ရွေးစင် အိုဒီယွန် ဂျူဒ် အီဂါလို ကလည်း နိုင်ဂျီးရီးယား အစိုးရဟာ ကိုယ့်ပြည်သူကို ကိုယ်ပြန် သတ်နေတယ်လို့ စွပ်စွဲလိုက်ပြီး ဒီအစိုးရကြောင့် အရှက်ကြီး ရှက်မိတယ် လို့ ပြောထားတဲ့ ဗီဒီယိုတစ်ခုကို တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

ဒီပစ်ခတ် နှိမ်နင်းမှုအကြောင်း ဘာတွေ သိရသလဲ

အင်္ဂါနေ့ ညနေပိုင်းလောက်မှာ လက်ခီရပ်ကွက်က တိုးဂိတ်တစ်ခုမှာ ယူနီဖောင်း ဝတ်ထားတဲ့လူတွေက လာရောက် ပစ်ခတ်ခဲ့ကြတာလို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

ပစ်ခတ်မှုတွေ မတိုင်ခင်ကလေးမှာ ဆန္ဒပြသူတွေ ရှိနေရာ နေရာကို လက်နက်ကိုင် စစ်သားတွေ အတားအဆီးတွေ လာချနေတာကို တွေ့ခဲ့ရတယ်လို့ ဘီဘီစီ နိုင်ဂျီးရီးယား သတင်းထောက် မာယီနီ ဂျုန်းစ် က သတင်းပေးပို့ခဲ့ပါတယ်။

ဒဏ်ရာရထားသူတွေကို ဆန္ဒပြသူတွေက ပြုစုပေးနေပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ရိုက် လွှင့် တင်ခဲ့တာတွေ ရှိပါတယ်။

ည ၇ နာရီ မထိုးခင်ကလေးမှာ စစ်သားတွေ ရောက်ချလာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေကို တည့်တည့် ချိန်ရွယ် ပစ်ခတ်ခဲ့တယ်လို့ အမည်မဖော်လိုသူ မျက်မြင်သက်သေ တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

"ကျွန်တော်တို့ကို တည့်တည့် ချိန်ပြီးတော့ကို ပစ်တော့တာပဲ။ ဝရုန်းသုန်းကားဖြစ်ကုန်ပါတယ်။ ကျွန်တော့်ဘေးနားက တစ်ယောက်ဆို သေနတ်မှန်ပြီး ပွဲချင်းပြီး သေသွားပါတယ်"လို့ သူက ပြောပြပါတယ်။

ဆန္ဒပြသူတွေကို စစ်သားတွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ် ဆိုတာကို မျက်မြင်သက်သေ ၄ ဦးက ရိုက်တာစ် သတင်းဌာနကို ပြောပြပါတယ်။ အဲဒီထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် အယ်လ်ဖရက် အိုနိုနပ်ဘို က လူအုပ်ကြီးထဲ သေနတ်နဲ့ သူတို့ ပစ်ခတ်ခဲ့တာ လူ တစ်ယောက်၊ နှစ်ယောက်လောက် ကျည်ထိသွားတာ ကျွန်တော် တွေ့ခဲ့ရတယ် လို့ ပြောပြပါတယ်။

လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး Premium Times သတင်းစာကြီးမှာ ဖော်ပြထားပါတယ်။

လေးဂေါ့မြို့က လက်ခီ တိုးဂိတ်မှာ စခန်းချနေတဲ့ ဆန္ဒပြနေသူတွေ အင်အားသုံး အကြမ်းဖက် လူစုခွဲ ခံခဲ့ရတဲ့အတွက် လူတွေ သေဆုံးခဲ့တယ်ဆိုတာကို မကြည့်ဝံ့စရာ အထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရထားတယ်လို့ နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ Amnesty International အဖွဲ့က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။

"လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ တိုးဂိတ်မှာရှိတဲ့ ဆန္ဒပြသူတွေ သေဆုံးခဲ့ရပါတယ်။ သေဆုံးသူ ဘယ်လောက် ရှိသလဲ ဆိုတာ အသေအချာ သိရဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်"လို့ Amnesty International အဖွဲ့ ပြောခွင့်ရအမျိုးသမီး အီဆာ ဆနူဆီ က ပြောပါတယ်။

အာဏာပိုင်တွေဘက်က ဘယ်လို တုံ့ပြန်ခဲ့သလဲ

ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ သမ္မတ ဘူဟာရီက ဒီပစ်ခတ်မှုအကြောင်း တိုက်ရိုက် ရည်ညွှန်းမပြောသွားခဲ့ပါဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ အမြန်ဆုံး ပြင်ဆင်ဖွဲ့စည်းနေချိန်မှာ စိတ်ရှည်သည်းခံကြဖို့ လူထုကို ပန်ကြားသွားခဲ့ပါတယ်။

စစ်တပ်ကတော့ လက်ခီက ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကြေညာချက် မထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ မီဒီယာက သတင်းတွေဟာ သတင်းအတု၊ သတင်းအမှားတွေသာ ဖြစ်တယ်လို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပို့စ် အများအပြား တင်ပြီး ဖော်ပြခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဆေးရုံတွေကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ လေးဂေါ့စ် ပြည်နယ် အုပ်ချုပ်ရေးမှူး ဘာဘာဂျီဒေ ဆန်ဝို အိုလူ က ပစ်ခတ်မှုတစ်ခုအတွင်း ကံမကောင်း အကြောင်းမလှစွာ လူ ၂၅ ယောက်လောက် ဒဏ်ရာရခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေမှာ ပျံ့နေသလို လူသေဆုံးမှုတွေ မဖြစ်ခဲ့ဘူး ဆိုတဲ့အတွက် အတော်လေး စိတ်သက်သာရ ရခဲ့ပါတယ် လို့ သူက ပြောခဲ့ပြီး စုံစမ်းစစ်ဆေးမှု တစ်ခု လုပ်ဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဘီဘီစီ နိုင်ဂျီးရီးယား သတင်းထောက် မာယီနီ ဂျုန်းစ်ရဲ့ သုံးသပ်ချက်

ညနေနှောင်းပိုင်းလောက်မှာ ဆန္ဒပြသူတွေ ရှိနေရာနေရာမှာ သေနတ်သံတွေ ထွက်ပေါ်လာပုံကို အဲဒီနေရာကနေ ဆိုရှယ်မီဒီယာပေါ်ကို ပုံအော တက်လာခဲ့ချိန်မှာ နိုင်ဂျီးရီးယား တနိုင်ငံလုံး အံ့သြဝမ်းနည်း ဖြစ်သွားခဲ့ကြပါတယ်။

ဒီလို လက်နက်မဲ့ ဆန္ဒပြသူတွေကို နိုင်ဂျီးရီးယား စစ်တပ်က ပစ်ခတ် လူစုခွဲတယ်လို့ စွပ်စွဲခံရတာ ဒါပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တခြားဒေသတွေမှာလည်း Sars အထူးရဲတပ်ဖွဲ့အပေါ် ကန့်ကွက် ဆန္ဒပြသူတွေကို အကြမ်းဖက် အင်အားသုံး နှိမ်နင်းနေတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပါတယ်။

ဒါပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေရဲ့ စုရပ်နေရာ တစ်နေရာကို အခုလို ဝင်ပစ်ခတ်တာမျိုးကတော့ လူအတော်များများကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အခု ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နေရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်က သူရပ်ပြီး သတင်းပို့ခဲ့သေးတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ သူတို့ နိုင်ငံရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း စနစ်တကျ ဆန္ဒပြခဲ့ကြတာပါ။ ခုတော့ ဒီနေရာမှာ သူတို့ ထပ်ဆန္ဒမပြနိုင်ကြတော့ပါဘူး။

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုပုံတွေထဲမှာ ဆန္ဒပြသူတွေ နိုင်ငံတော် သီချင်းကို ဟစ်ကြွေး သီဆိုနေကြတုန်းမှာပဲ သေနတ်ပစ်ခတ်သံတွေ ပေါ်ထွက်လာပြီး ဝရုန်းသုန်းကား ဖြစ်ကုန်တာကို တွေ့ရပါတယ်။

ဆန္ဒပြသူတွေ စုဝေးနေကြတဲ့ အဲဒီ တိုးဂိတ်ကို စစ်တပ်က ဝင်မစီးနင်းခင်မှာ အဲဒီမှာ ရှိတဲ့ CCTV စောင့်ကြည့်ကင်မရာတွေ၊ မီးတွေကို ဖြုတ်ပစ်ခဲ့တယ်လို့ အွန်လိုင်းပေါ်မှာ အတော်များများက ရေးခဲ့ကြပါတယ်။

ဒီအသေးစိတ် ရေးသားချက်တွေကြောင့် နဂိုကတည်းက အစိုးရအပေါ် မကျေမနပ် ဖြစ်နေတဲ့ မျိုးဆက်လူငယ်တွေအတွက် တုန်လှုပ်ဒေါသထွက်စရာ ဖြစ်လာစေခဲ့ပါတယ်။ ကြီးထွားလာနေတဲ့ မကြေနပ်မှုတွေ ပြေပျောက်သွားအောင် လုပ်နိုင်ဖို့ နိုင်ဂျီးရီးယား အစိုးရမှာ အချိန်မရှိတော့ပါဘူး။

ဆူပူဆန္ဒပြမှုတွေ ဘယ်က စဖြစ်လာတာလဲ

ဥပဒေနဲ့ မညီဘဲ လူတွေကို ထိန်းသိမ်း၊ နှိပ်စက်ညှင်းပန်း၊ ပစ်သတ်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲခံနေရတဲ့ Sars အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးဖို့ လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်နီးပါးလောက်က ဆန္ဒပြသူတွေက စတောင်းဆိုခဲ့ကြတာပါ။

အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ သမ္မတ ဘူဟာရီက Sars အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့ထဲမှာ နောက်ထပ် အပြောင်းအလဲတွေ လုပ်ပေးဖို့နဲ့ နိုင်ငံကို အုပ်ချုပ်နေပုံတွေမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လေးဂေါ့စ် ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ စန်ဝို အိုလူ ကတော့ ဒီဆန္ဒပြမှုတွေကို ရာဇဝတ်သားတွေက အသုံးချခဲ့ကြတယ်လို့ ပြောပါတယ်။