ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ကိုရီးယားခေါင်းဆာင် ကင်ဂျုံအွန်းက ညီမဖြစ်သူကို အာဏာပိုခွဲဝေပေး
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ သူ့တာဝန်တချို့ကို သူ့ကိုယ်စား ညီမဖြစ်သူ ကင်ယိုဂျုံကို လွှဲပြောင်းပေးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
အခုအခါ နိုင်ငံရဲ့ အရေးကိစ္စတွေကို ကင်ယိုဂျုံက ကြီးကြပ် ဆောင်ရွက်မှာ ဖြစ်ပေမဲ့ ကင်ဂျုံအွန်းက အာဏာကို အပြည့်အဝ ဆက်ထိန်းထားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲသစ်က ဆိုးလ်မြို့ ပါလီမန်လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
တခြား မူဝါဒရေးရာ ကိစ္စရပ်တွေကိုလည်း အရေးပါတဲ့ လက်ထောက်တွေကို လွှဲပြောင်းပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါဟာ ကင်ဂျုံအွန်းမှာ ပိနေတဲ့ အလုပ်တာဝန်တွေ လျော့သွားဖို့ လုပ်တာ ဖြစ်ပြီး မူဝါဒတွေ မအောင်မြင်တဲ့အခါ အပြစ်တင်မခံရအောင် ကိုယ်လွတ်ရုန်းနိုင်ဖို့ ဖြစ်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။
ဒါပေမဲ့ မြောက်ဘက်က သတင်းတချို့ကို တောင်ဘက်က ထောက်လှမ်းရေးအဖွဲ့တွေ မှားယွင်းပြောကြားတာမျိုး အရင်က ရှိခဲ့ဖူးပါတယ်။
အခုဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့နဲ့ ပတ်သက်တဲ့ မူဝါဒ အရေးကိစ္စတွေကို မစ္စကင်က တာဝန်ယူရတော့မှာ ဖြစ်ပြီး ကင်ဂျုံအွန်းပြီးရင် ဒုတိယ အာဏာအရှိဆုံးခေါင်းဆောင် ဖြစ်လာတယ်လို့လည်း လွှတ်တော် တံခါးပိတ် အစည်းအဝေးမှာ ထည့်သွင်း ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီထောက်လှမ်းရေး သတင်းနဲ့ပတ်သက်လို့ တချို့သုံးသပ်သူတွေက အပြည့်အဝ မယုံကြည်ကြပါဘူး။
မစ္စကင်ဟာ ဒီလထဲမှာလုပ်တဲ့ အရေးကြီးတဲ့ အစည်းအဝေးနှစ်ခုကို တက်ခဲ့ပုံမရှိဘဲ အဲဒီအခြေအနေကြောင့် သူရာထူးလျှော့ချခံရတယ်ဆိုတဲ့ နိုင်ငံရေးသုံးသပ်သူတချို့ရဲ့ ထင်မြင်ချက်တွေလည်း ထွက်ပေါ်တယ်လို့ NKNews ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကင်ယိုဂျုံ ဘယ်သူလဲ
သူက ကင်ဂျုံအွန်းရဲ့ ညီမဖြစ်ပါတယ်။ မွေးချင်းမောင်နှမတွေအနက် သူတစ်ဦးတည်းသာ ကင်နဲ့ နီးနီးကပ်ကပ်ရှိပြီး ကင်ဂျုံအွန်း အားထားရသူ အာဏာလည်းရှိသူ ဖြစ်ပါတယ်။
သူ့ကို ၁၉၈၇ မှာ မွေးပြီး ကင်အောက် လေးနှစ် ငယ်ပါတယ်။ နှစ်ယောက်စလုံး ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့မှာ အတူတူ နေထိုင် ပညာသင်ခဲ့ကြပါတယ်။
သူဟာ တောင်ကိုရီးယား ဘက်ကို ကင်မိသားစုထဲက ပထမဆုံး သွားရောက်လည်ပတ်ခဲ့သူ အဖြစ် ၂၀၁၈ မှာ နိုင်ငံတကာက ပထမဆုံး သတိထားမိလာပါတယ်။ ဆောင်းရာသီ အိုလံပစ်ပွဲမှာ တောင်၊မြောက် နှစ်နိုင်ငံ ပူးပေါင်း ယှဥ်ပြိုင်တဲ့ အသင်းမှာ သူက ကိုယ်စားလှယ် တစ်ယောက် အဖြစ် ပါဝင်ခဲ့တာပါ။
သူ့အစ်ကို ကင်နဲ့အတူ နိုင်ငံတကာ တွေ့ဆုံပွဲတွေကိုလည်း တက်ရောက်ခဲ့ပါတယ်။ သူတက်ရောက်တဲ့ တွေ့ဆုံမှုတွေမှာ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့နဲ့ တွေ့ဆုံမှုတွေ ပါဝင်ပါတယ်။