၂၀၂၀ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလို့မရဘူးလို့ ထရမ့်ကို ရီပါပလစ်ကန်တွေပြော

ဓာတ်ပုံ ရင်းမြစ်, EPA
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ မဲလိမ်လည်မှုတွေ ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ရွှေ့ဆိုင်းသင့်တယ်လို့ ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပြုချက်ကို ထိပ်ပိုင်း ရီပါပလစ်ကန်အမတ်တွေက ပယ်ချလိုက်ပါတယ်။
ရီပါပလစ်ကန် အများစု နေရာရထားတဲ့ ဆီးနိတ် အထက်လွှတ်တော် ခေါင်းဆောင် မစ်ခ်ျ မက်ကော်နယ်နဲ့ ရီပါပလစ်ကန် အနည်းစုဖြစ်နေတဲ့ အောက်လွှတ်တော် ခေါင်းဆောင် ကယ်ဗင် မက်ကာသီတို့ နှစ်ဦးလုံးက ဒီအကြံပြုချက်ကို ပယ်ချလိုက်တာပါ။
မစ္စတာ ထရမ့်အနေနဲ့ ရွေးကောက်ပွဲ ရွေ့ဆိုင်းဖို့ အခွင့်အာဏာမရှိပါဘူး။ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ကွန်ဂရက်လွှတ်တော်ရဲ့သဘောတူညီမှု ရယူရမှာ ဖြစ်ပါတယ်။
အစောပိုင်းတုန်းက သမ္မတ ထရမ့်က စာတိုက်ကနေတစ်ဆင့် မဲပေးတာတွေ ပိုတိုးလာမယ်ဆိုရင် မဲမသမာမှုတွေနဲ့ မဲရလဒ် အမှားတွေ ရှိလာနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။
ပြည်သူတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေပြေ မဲပေးနိုင်သည်အထိ ရွှေ့ဆိုင်းဖို့ မစ္စတာ ထရမ့်က အဆိုပြုခဲ့တာပါ။
သမ္မတ ထရမ့်ရဲ့ ပြောဆိုချက်တွေ ပံ့ပိုးနိုင်တဲ့ အထောက်အထားတွေကတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ သူကတော့ မဲလိမ်လည်မှုတွေ အလွယ်တကူ ပေါ်ပေါက်လာနိုင်တယ်ဆိုပြီး စာတိုက်ကနေတစ်ဆင့် မဲပေးတာကို ဟိုးအရင်အချိန်ကတည်းက ကန့်ကွက်ခဲ့ပါတယ်။
ပြည်နယ်တွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန် လူထုကျန်းမာရေးအပေါ် စိုးရိမ်မှုတွေရှိတာကြောင့် စာတိုက်ကနေ မဲပေးတာမျိုးကို လုပ်ချင်ပါတယ်။
၁၉၃၀ နှစ်တွေတစ်ဝိုက်က ကမ္ဘာတစ်ဝန်း စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ စီးပွားရေး ပျက်ကပ် (The Great Depression) ဆိုက်ပြီးတဲ့နောက်ပိုင်း အမေရိကန် စီးပွားရေး အဆိုးဆုံး ထိခိုက်နေတာကို ညွှန်းဆိုတဲ့ အချက်အလက်အသစ်တွေ ထွက်ပေါ်လာချိန်မှာ သမ္မတထရမ့်က အခုလိုမျိုး ပြောဆိုလာတာပါ။
ရီပါပလစ်ကန်တွေဘက်က ဘယ်လိုတုံ့ပြန်ခဲ့လဲ
အမေရိကန် သမ္မတရွေးကောက်ပွဲရွှေ့ဆိုင်း တာမျိုး အရင်က တစ်ခါမှ မရှိခဲ့ဘူးလို့ အထက်လွှတ်တော်အမတ် မက်ကောနယ်က ပြောပါတယ်။
"အမေရိကန် သမိုင်းတစ်လျှောက် ရွေးကောက်ပွဲရွှေ့တာ တစ်ခါမှ မရှိဖူးဘူး။ စစ်ပွဲတွေ၊ စီးပွားရေးကပ်ဆိုက်မှုတွေနဲ့ ပြည်တွင်းစစ် ကြားမှာတောင် သတ်မှတ်ထားတဲ့ရက်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာပဲ မဟုတ်ဘူးလား။ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာလည်း ဒီလိုမျိုး ကျင်းပနိုင်အောင် လုပ်သွားမှာပါ"လို့ ကမ်တပ်ခ်ကီ ပြည်နယ်က ရုပ်သံသတင်းဌာနတစ်ခုမှာ မက်ကောနယ်က ပြောခဲ့ပါတယ်။
မစ္စတာ မက်ကာသီကလည်း မက်ကောနယ်နဲ့ တစ်သဘောတည်း ရှိသူပါ။ "ပြည်ထောင်စုရွေးကောက်ပွဲသမိုင်းတစ်လျှောက် ရွေးကောက်ပွဲ မကျင်းပခဲ့တာ မရှိဘူး။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှေ့ဆက်လုပ်ဆောင်သင့်တယ်" လို့လည်း သူက ဆိုပါတယ်။
မစ္စတာထရမ့်ရဲ့ မဟာမိတ် အထက်လွှတ်တော်အမတ် လင်းဇီ ဂရမ်က လည်း ရက်ရွှေ့ဆိုင်းတာမျိုးက သိပ်ကောင်းတဲ့ စဉ်းစားချက် တစ်ခုမဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ သမ္မတထရမ့်ရဲ့ အကြံပြုချက်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားဖို့ကိုတော့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပေယိုက ငြင်းဆန်ခဲ့ပါတယ်။ သမ္မတ တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းနိုင်လားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို မိုက်ခ် ပွန်ပေယိုက" ဥပဒေပိုင်းဆိုင်ရာ ဝေဖန်ဆန်းစစ်မှုတွေကို သူ့အနေနဲ့ လွယ်လွယ် လုပ်လေ့မရှိဘူး" လို့ ဖြေကြားခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ပြောခွင့်ရပုဂ္ဂိုလ် ဟိုဂန် ဂစ်ဒလီ ကတော့ သမ္မတ ထရမ့်ဟာ မေးခွန်းထုတ်လိုက်တဲ့ သဘောပါလို့ ပြောပါတယ်။
သမ္မတထရမ့်က ဘာပြောတာလဲ
ကြာသပတေး နေ့ခင်းပိုင်း အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်ပွဲမှာ သမ္မတ ထရမ့်က သူ့အနေနဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းချင်တယ်ဆိုတာ မဟုတ်တဲ့ အကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ကတဆင့် အများအပြား မဲပေးကြတာမျိုးက မှန်ကန်တိကျတဲ့ မဲရလဒ် ထွက်လာမှာ မဟုတ်ဘူးလို့သူ ထောက်ပြခဲ့ပါတယ်။
"ရွေးကောက်ပွဲ ရက်မရွှေ့ဆိုင်းချင်ပါဘူး၊ ကျင်းပချင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျမှ မဲအရေအတွက် တွေ လွဲချော်တာမျိုး ဖြစ်လာရင် ရွေးကောက်ပွဲဆိုတာက ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး" လို့ သမ္မတ ထရမ့်က ဆိုပါတယ်။
"စစ်မှန်မှုမရှိတဲ့ ရွေးကောက်ပွဲတစ်ခုကို မမြင်ချင်ဘူး" လို့ သမ္မတ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ အဲသလိုသာဖြစ်သွားရင် ဒီရွေးကောက်ပွဲဟာ သမိုင်းမှာ ရိုးသားဖြောင့်မတ်မှု မရှိဆုံး ရွေးကောက်ပွဲ ဖြစ်သွားမယ်" ဆိုပါတယ်။
အစောပိုင်းတုန်းက တွစ်တာလူမှုကွန်ယက်ပေါ်မှာတော့ မစ္စတာ ထရမ့်ဟာ စာတိုက်ကနေ မဲပေးတဲ့စနစ်ကို တောက်လျှောက်ကန့်ကွက်ခဲ့ပြီး သူက အထောက်အထား မပြနိုင်ပေမဲ့လည်း အဲသလိုသာမဲပေးကြမယ်ဆိုရင် နိုင်ငံခြားက ဝင်ရောက်စွက်ဖက်တာကို အလွယ်တကူ ခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက နယူးယောက်ခ်မှာ ဒီမိုကရက်တစ် ပါတီတွင်း ပဏာမ သမ္မတလောင်း ရွေးကောက်ပွဲကို စာတိုက်ကနေတစ်ဆင့် မဲထည့်ခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့ မဲရေတွက်ရာမှာ ကြန့်ကြာမှုတွေ အများကြီး ရှိခဲ့ပြီး အခုအချိန်ထိ မဲရလဒ် မကြေညာနိုင်သေးပါဘူး။
မှန်ကန်တိကျစွာ ဖြည့်ထားခြင်း မရှိတဲ့ ဒါမှမဟုတ် စာတိုက်ခေါင်း တံဆိပ် မပါရှိတဲ့ မဲတွေကို ရေတွက်မှာ မဟုတ်တဲ့အတွက် စိုးရိမ်မှုတွေရှိခဲ့ကြကြောင်း အမေရိကန် မီဒီယာတွေမှာ ရေးသားနေကြပါတယ်။
သမ္မတ ထရမ့်အစိုးရလက်ထက် အသုံးစရိတ် ဖြတ်တောက်မှုတွေကြောင့် အလုပ်တွေ ပုံနေပြီး နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲပြားတွေကို အချိန်မီ ပေးပို့နိုင်ဖို့ ကြန့်ကြာကောင်း ကြန့်ကြာနိုင်တယ်လို့ အမေရိကန် စာတိုက်လုပ်သားတွေ ပြောဆိုထားချက်ကို ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
ရွေးကောက်ပွဲရက်ကို ဘယ်သူ ပြောင်းနိုင်လဲ
ရွေးကောက်ပွဲ ရက်ကို ပြောင်းရွေ့ဖို့ သမ္မတထရမ့်မှာ အခွင့်အာဏာမရှိပါဘူး။
ဥပဒေအရ နိုဝင်ဘာလ ပထမဆုံး တနင်္လာနေ့ရဲ့နောက်နေ့ဖြစ်တဲ့ အင်္ဂါနေ့မှာ ရွေးကောက်ပွဲ ကျင်းပရတာပါ။
ရက်အရွှေ့အပြောင်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ခုပေါင်းထားတဲ့ ကွန်ဂရက် ဥပဒေပြုလွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။ အောက်လွှတ်တော်မှာ ဒီမိုကရက် အများစု ကြီးစိုးထားပြီး ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းတာကို ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်ထိရွှေ့ဆိုင်းဖို့ ကွန်ဂရက်ဘက်က လုပ်လာမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တစ်ခု ထုတ်ပြန်ဖို့လိုတယ်လို့ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်သူတွေရဲ့ စကားကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ရေးသားထားကြပါတယ်။
ဘယ်ပြည်နယ်တွေက စာတိုက်ကနေ တဆင့် မဲပေးကြမှာလဲ
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမေရိကန် ပြည်နယ် ၆ ပြည်နယ်ကအားလုံး စာတိုက်ကတစ်ဆင့်ပဲ မဲပေးနိုင်ဖို့ ဒီလအစောပိုင်းကတည်းက ပြင်ဆင်ခဲ့ကြပါတယ်။
အဲဒီပြည်နယ်တွေက ကယ်လီဖိုးနီးယား၊ ယူတာ့ဒ်၊ ဟာဝါရီ၊ ကော်လိုရာဒို၊ အိုရီဂွန်နဲ့ ဝါရှင်တန် ပြည်နယ်တွေပါ။ တခြားပြည်နယ်တွေမှာလည်း အဲဒီလို လုပ်ဖို့ စဉ်းစားနေကြတယ်လို့ စာတိုက်ကနေ တစ်ဆင့် မဲပေးကြဖို့ လှုံဆော်နေတဲ့ အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
အဲဒီပြည်နယ်တွေမှာ မဲစာရင်း မှတ်ပုံတင်ထားတဲ့ ပြည်သူတွေဆီကို စာတိုက်ကနေတစ်ဆင့် မဲပြားတွေ အလိုအလျောက် ပို့ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ သူတို့ ဆန္ဒပြုပြီးသားမဲကို ပြန်ပို့ပေးတာ ဒါမှမဟုတ် ရွေးကောက်ပွဲနေ့မှာ သတ်မှတ်ထားတဲ့နေရာ သွားပို့တာမျိုး လုပ်ရမှာပါ။ လူကိုယ်တိုင် လာရောက် မဲပေးတာမျိုးကိုလည်း အခြေအနေပေါ် မူတည်ပြီး အကန့်အသတ်နဲ့ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
မဲစာရင်း မှတ်ပုံတင်ထားတဲ့ ပြည်သူတွေ စာတိုက်ကနေ မဲထည့်နိုင်ဖို့ အမေရိကန် ပြည်နယ် တစ်ဝက်ကျော်က ခွင့်ပြုပေးထားပါတယ်။








