တက္ကသိုလ်တွေ အွန်လိုင်းကသင်ရင် အမေရိကန် ကျောင်းသားဗီဇာတွေ ပြန်ရုပ်မယ်

အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ လာမယ့် ဆောင်းဦးပေါက်ကျရင် ဘာသာရပ် အတော်များများကို အွန်လိုင်းကနေပဲ လုံးဝ ပြောင်းလဲ ပို့ချပေးတော့မှာ ဖြစ်တဲ့အတွက် ဒီဘာသာရပ်တွေကို လာရောက် သင်ယူနေတဲ့ နိုင်ငံခြားသား ကျောင်းသားတွေအနေနဲ့ လူကိုယ်တိုင် သွားတက်ရတဲ့ ဘာသာရပ်ကို ပြောင်းမသင်ရင်တော့ အမေရိကန်နိုင်ငံမှာ နေခွင့် ရှိမှာ မဟုတ်တော့ပါဘူး။

စည်းမျဉ်းတွေ မလိုက်နာဘူး ဆိုရင် နေရပ်ပြန်ပို့ခံရမယ်လို့ ICE အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဦးစီးဌာနက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တက္ကသိုလ်အတော်များများက အွန်လိုင်းကနေပဲ စာသင်ကြားပို့ချဖို့ လုပ်နေကြပါပြီ။

ကျောင်းသားဘယ်နှယောက်အပေါ် ရိုက်ခတ်မှုတွေ ရှိလာမလဲ ဆိုတာ အသေအချာ မသိရသေးပါဘူး။

နှစ်စဉ် နိုင်ငံခြားသား ကျောင်းသား အများအပြား အမေရိကန်နိုင်ငံမှာ လာရောက် စာသင်ကြားကြလေ့ ရှိပါတယ်။ အတော်များများက တစ်နှစ်လုံးစာ ကျောင်းလခ ပေးပြီး သင်ကြတဲ့အတွက် နိုင်ငံအတွက် ကြီးမားတဲ့ ဝင်ငွေ ရနေတာပါ။

ဟားဗတ်တက္ကသိုလ်က လာမယ့် စာသင်နှစ်သစ်အတွက် ကျောင်းသားတွေ ကျောင်းပြန်တက်ကြရင် တက္ကသိုလ်ထဲမှာ နေနေတဲ့ ကျောင်းသားတွေ အပါအဝင် ကျောင်းသားအားလုံးအတွက် ညွှန်ကြားချက်တွေကို အွန်လိုင်းကနေပဲ ပို့ပေးမယ်လို့ ထုတ်ဖော် ကြေညာထားပါတယ်။

ICE ဌာနက ဖွင့်ထားတဲ့ "ကျောင်းသား ဖလှယ်သင်ကြားရေး စီမံကိန်းရုံး"ကတော့ နိုင်ငံခြားသား ကျောင်းသားတွေကို အမေရိကန်နိုင်ငံထဲမှာ ဆက်နေရင်း သူတို့ရဲ့ ၂၀၂၀ ခုနှစ် နွေဦးပေါက်နဲ့ နွေရာသီ စာသင်နှစ်အတွက် အွန်လိုင်းကနေ ပညာ ဆက်သင်ခွင့် ပြုထားတယ်လိ့ ဆိုပါတယ်။

ဒါပေမဲ့ အခု ဇူလိုင်လ ၆ ရက် တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ လူကိုယ်တိုင် တက်ရောက် သင်ယူရတဲ့ ဘာသာရပ်ကို မပြောင်းဘဲ အမေရိကန်နိုင်ငံထဲမှာပဲ ဆက်နေရင်း အွန်လိုင်းကနေ ပညာသင်ကြားတဲ့ နိုင်ငံခြားသား ကျောင်းသားတွေအနေနဲ့ နိုင်ငံထဲကနေ နှင်ထုတ်ခံရမှု အပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရေးယူမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ စည်းမျဉ်းဟာ အတတ်ပညာနဲ့ သက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းသားတွေအတွက် ထုတ်ပေးတဲ့ F-1 နဲ့ M-1 ပြည်ဝင်ခွင့်ဗီဇာတွေနဲ့ သက်ဆိုင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက ၂၀၁၉ ခုနှစ်က F-1 ဗီဇာ ၃၈၈၈၃၉ ခု နဲ့ M-1 ဗီဇာ ၉၅၁၈ ခု ထုတ်ပေးခဲ့တယ်လို့ စာရင်းဇယားတွေအရ သိရပါတယ်။

အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ဖော်ပြချက်တွေအရ ၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားသားကျောင်းသားတွေဆီကနေ နိုင်ငံ့စီးပွားရေးအတွက် ဒေါ်လာ ၄၅ ဘီလျံ ဝင်ငွေ ရခဲ့တယ်လို့ သိရပါတယ်။