ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင်အရေးက မီးမောင်းထိုးပြနေတဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ တရုတ်ယူထားတဲ့နေရာ
ရေးသားသူ - ဂျော်နသန် မားကပ်စ်
ယူကေနိုင်ငံက ဟောင်ကောင်သား သုံးသန်းလောက်ကို နယ်စပ်တံခါးဖွင့် ဝင်ခွင့်ပေးလိုက်ပြီး ဒါကို ပြည်တွင်းရေး စွက်ဖက်တာလို့ ယူဆတဲ့ တရုတ်အစိုးရကလည်း ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်မယ်ဆိုတဲ့ လက်ရှိ ဟောင်ကောင် အကျပ်အတည်းဟာ ကပ်ရောဂါအခြေအနေနဲ့ လုံးပါးနေတဲ့ ကမ္ဘာ့ အခြေအနေအတွင်းမှာ သံခင်းတမန်ခင်း ဘယ်လောက် အရေးပါသလဲဆိုတာကို စမ်းသပ်မယ့် ပြဿနာလည်း ဖြစ်လာပါတယ်။
အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှု အာဏာ အနိမ့်အမြင့် အခြေအနေ ပြောင်းလဲမှု ရှိလာတဲ့ ကမ္ဘာ့စင်မြင့်အသစ်ပေါ်မှာ တရုတ်က ဘယ်လို နေရာကို ယူထားသလဲဆိုတာကို ဒီပြဿနာက ဘယ်လိုညွှန်ပြနေပါသလဲ…။
ဒါ့အပြင် ယူကေအစိုးရက “ကမ္ဘာနဲ့ချီပြီး လှုပ်ရှားမယ့် ဗြိတိန်” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်ချက်ပါတဲ့ နိုင်ငံခြားရေးမူဝါဒအသစ်ကို စတင် အသုံးချဖို့ ကြိုးစားလာတဲ့ အချိန်မှာ ဥရောပသမဂ္ဂက ထွက်လာခဲ့တဲ့ ယူကေအတွက် ဘယ်လို ထူးခြားတဲ့ ပြဿနာတွေ ကြုံရနိုင်သလဲ ဆိုတာကို ဟောင်ကောင် အခြေအနေက ဘယ်လို မီးမောင်းထိုးပြ နေပါသလဲ…။
ပထမဆုံး မေးရရင် ဒီဟောင်ကောင် ပြဿနာက ဖြစ်မလာအောင် တားလို့မရနိုင်တဲ့ ပြဿနာလား…။
“တာဝန်သိမှုရှိတဲ့ အကျိုးအမြတ်ခံစားသူ” ဖြစ်လာအောင် လုပ်မယ်ဆိုတဲ့ တရုတ်နိုင်ငံ
လက်ရှိ အခြေအနေနဲ့ ပြဿနာတွေ ဖြစ်မလာခဲ့ဘဲ ဒါတွေနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ ဖြစ်ပျက်ပုံမျိုး ဖြစ်နိုင်ခြေ ရှိရလောက်အောင် နောက်ခံ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။
အနောက်အုပ်စုဘက်က မူဝါဒချမှတ်သူတွေဟာ တရုတ်ရဲ့ အင်အားကြီးလာပုံက သူတို့ သတ်သတ်မှတ်မှတ် ယူဆထားတဲ့ လမ်းကြောင်းတစ်ခုအတိုင်း ဖြစ်လာဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော် တစ်လျှောက် မျှော်လင့်လာခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်ကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်းမှာ “တာဝန်သိမှုရှိတဲ့ အကျိုးအမြတ်ခံစားသူ” ဖြစ်လာမယ်ဆိုပြီး ပြောဆိုထားခဲ့ပါတယ်။
ဆိုလိုတာကတော့ အများနည်းတူ အကျိုးအမြတ်ရနေတဲ့ လက်ရှိ ခေတ်စနစ်ကြီးအတွင်းက နိုင်ငံတကာ စံနှုန်းတွေနဲ့ သဘောတူညီချက်တွေနဲ့ လိုက်လျောညီထွေ လုပ်ဆောင်မှုတွေ လုပ်မယ်ဆိုတဲ့ သဘောပါပဲ။
ဒါပေမဲ့ တရုတ်သာ ဒီလို လုပ်နေတဲ့ နိုင်ငံဖြစ်တယ်ဆိုရင် ဟောင်ကောင်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တရုတ်နဲ့ ယူကေအစိုးရတို့ရဲ့ ၁၉၈၄ခုနှစ် ပူးတွဲသဘောတူ ကြေညာချက်က လက်ရှိအခြေအနေလို အထိအခိုက် ဖြစ်လာစရာ မရှိပါဘူး။
(အဲဒီ ကြေညာချက်အရ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်လက် ပြန်အပ်ဖို့နဲ့ ၂၀၄၇ ခုနှစ်အထိ တရုတ်က ဟောင်ကောင်မှာ အရင်းရှင်စနစ် ကျင့်သုံးခွင့်အပါအဝင် အထူး အုပ်ချုပ်မှု အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ဆက်ပေးဖို့ နှစ်ဖက် သဘောတူထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လတ်တလောမှာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထိပါးရာရောက်တဲ့ လုံခြုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းမှုကြောင့် အဲဒီ ကြေညာချက်ကို တရုတ်နိုင်ငံက ဖောက်ဖျက်လိုက်ပြီဆိုပြီး ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောဆိုခဲ့ပါတယ်။)
အခုအချိန်မှာတော့ တရုတ်နိုင်ငံက အနည်းဆုံးတော့ သူ့ဒေသတွင်းမှာ စစ်အင်အားကြီး နိုင်ငံဖြစ်လာတယ်လို့ ဆိုနိုင်ပြီး အမေရိကန်က ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ်ဆိုပြီး မသက်မသာ ဝန်ခံရနိုင်တဲ့ အနေအထားလည်း ရောက်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရုတ်ရဲ့ အခုလို အင်အားကြီးလာမှုဟာ အနောက်အုပ်စုနဲ့ အထူးသဖြင့် အမေရိကန်တို့က တခြားကိစ္စတွေနဲ့ အာရုံများနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတယ် ဆိုတာလည်း သတိပြုရမှာ ဖြစ်ပါတယ်။
အနောက်အုပ်စုအပါအဝင် အမေရိကန်အတွက် အဓိက အာရုံများစေတဲ့ အကြမ်းဖက်ဝါဒအပေါ် စစ်ဆင်နွှဲနေရတဲ့ အခြေအနေတွေ ရှိနေခဲ့ပြီး ဥရောပအနေနဲ့ ဆိုရင်လည်း ယူကေ အီးယူကထွက်တဲ့ကိစ္စနဲ့ လုံးပန်းနေခဲ့ရတာ ဖြစ်ပါတယ်။
အမေရိကန် လွှမ်းမိုးမှု ကျဆင်းလာခြင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ တရုတ်နဲ့ ပတ်သက်တဲ့ မူဝါဒကို တစ်သမတ်တည်း ဖြစ်အောင် ထားတယ်လို့ မဆိုနိုင်တဲ့ အခြေအနေတွေ ရှိနေရာမှာ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒတစ်ခုလုံးကိုက နည်းဗျူဟာ ကျကျ တွက်ချက်မှု မပါဘူးလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။
တရုတ်ရဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အင်အားကြီးလာမှုဟာ အမေရိကန်ရဲ့ အလားတူကာလအတွင်း နိုင်ငံတကာမှာ အရင်ကထက် လွှမ်းမိုးမှု ကျလာတာနဲ့လည်း အချိန်ကိုက်ဖြစ်နေပါတယ်။
အမေရိကန်ရဲ့ နိုင်ငံတကာ လွှမ်းမိုးမှု အရင်ကထက် ကျလာရုံသာမက ယေဘုယျ လွှမ်မိုးထားနိုင်မှု တစ်ခုလုံး လည်း ကျဆင်းလာတယ်လို့ ဆိုနိုင်ပြီး အမေရိကန်ရဲ့ အာရှ၊ ဥရောပတို့နဲ့ မဟာမိတ်စနစ်ကိုလည်း ထိုးကျလာစေသလို အရှေ့အလယ်ပိုင်းမှာလည်း အကျပ်အတည်းတွေ ဖြစ်လာစေခဲ့ပါတယ်။
တရုတ်နဲ့ အနောက်အုပ်စုတို့အကြား ပြဿနာ အရေအတွက်က များပြားလာချိန်မှာ ဒီပြဿနာတွေကို အနောက်အုပ်စုဘက်က အတူတကွ စီစဉ်ပြီး အတူတကွ တုံ့ပြန်မှုမျိုး လိုအပ်တဲ့ ကျယ်ပြန်တဲ့ “တရုတ်” ပြဿနာ တစ်ခုလို့ သဘောထားပြီး လွှမ်းခြုံ တုံ့ပြန်မှုမျိုးလည်း မရှိခဲ့ပါဘူး။
အဲဒီ ကျယ်ပြန့်တဲ့ “တရုတ်ပြဿနာ” ဆိုရာမှာ ကုန်သွယ်ရေး တင်းမာမှု၊ နည်းပညာ အပြိုင်ဖြစ်မှု၊ နည်းဗျူဟာ အားပြိုင်မှု ဆိုတဲ့ အခြေခံကျတဲ့ အခန်းကဏ္ဍတွေကို ပါဝင်ပါတယ်။
ဒီလို အနေအထားတွေဟာ ကမ္ဘာကြီးတစ်ခုလုံး အနေနဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ရောဂါဘေး မကြုံရခင်ကလေးမှာ ရှိနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
တရုတ်မှာ စလိုက်တဲ့ အဲဒီ ရောဂါဘေး အခြေအနေကြောင့် တရုတ်အစိုးရအတွက် ဖြေရှင်းစရာ ပြဿနာတွေ များခဲ့ပေမယ့် ဒီရောဂါ အခြေအနေကြောင့်ပဲ တရုတ်အတွက် အကျိုးရှိဖို့
ဖြစ်လာခဲ့ပါတယ်။
လတ်တလော ကာလအတွင်းမှာ တရုတ်ဟာ အမေရိကန်၊ သြစတြေးလျတို့နဲ့ ဆက်ဆံရေး တင်းမာလာခဲ့တာ၊ အိန္ဒိယနဲ့ နယ်စပ်မှာ အပြိုင်အဆိုင် ထိပ်တိုက်တွေ့တဲ့ အထိ ဖြစ်လာခဲ့တာ၊ နောက်ဆုံး ဟောင်ကောင်နဲ့ ပတ်သက်လို့ ယူကေနဲ့ တရုတ်သဘောတူထားခဲ့တဲ့ အခြေခံ အချက်တွေကိုပါ ပြောင်းပြန်လှန်ဖို့ လုပ်လာတဲ့ တရုတ်ရဲ့ ဆုံးဖြတ်ချက်တွေဟာ တရုတ်မူဝါဒက ကျယ်ကျယ်လောင်လောင် မျိုးချစ်စိတ် လေသံပေါက်လာတဲ့ အနေအထားနဲ့ အံကိုက်ဖြစ်နေတာ တိုက်ဆိုင်မှု တစ်ခုတော့ မဟုတ်ပါဘူး။
ဟောင်ကောင်ကို ပြတ်ပြတ်သားသား ကိုင်တွယ်လာတဲ့ တရုတ်မူဝါဒနဲ့ ယူကေရဲ့ တုံ့ပြန်နိုင်တဲ့ အနေအထား
တရုတ်အတွက် ကိုဗစ်-၁၉ ရောဂါပိုး ကပ်ဘေး အကျပ်အတည်းကို ပြတ်ပြတ်သားသား ဖြေရှင်းမှုကနေ ဟောင်ကောင် အရေးကိစ္စကိုပါ တစ်ပါတည်း ပြတ်ပြတ်သားသား ဖြေရှင်းရေးဘက်ကို အလှည့်အပြောင်း ဖြစ်သွားစေဖို့ အခွင့်အရေးပေးခဲ့သလို ဖြစ်ခဲ့ပါတယ်။
ဒီရောဂါ ကပ်ဘေး အခြေအနေက ဘယ်လောက်ပဲ ဆက်ကြာသွားပါစေ တရုတ်ကို အနောက်အုပ်စုက တကယ် တညီတညာတည်း တိုင်ပင်ပြီး ချိန်ရွယ် ဖိအားပေးတာမျိုး မလုပ်ဘူးဆိုရင် တရုတ်ရဲ့ မူဝါဒတွေ ပြတ်ပြတ်သားသား ရှေ့တိုးလာမှုက ပြောင်းသွားမှာ မဟုတ်ပါဘူး။
ဟောင်ကောင်သားတွေရဲ့ လွတ်လပ်ခွင့်တွေအပေါ် တရုတ်ရဲ့ သဘောထားပုံကို နိုင်ငံတကာဘက်က ဝေဖန်မှုတွေကို ကြည့်မယ်ဆိုရင် အဲဒီလို ပုံစံ တရုတ်ကို ဖိအားပေးတာမျိုး ဖြစ်မလာသေးပါဘူး။
ဒီလို အခြေအနေတွေက ယူကေကို သိသာတဲ့ အခက်အခဲ အနေအထား တစ်ခုရောက်အောင် ပို့ပေးနေပါတယ်။
ကိုဗစ်-၁၉ ရောဂါဘေး ဖြေရှင်းမှုနဲ့ ပတ်သက်လို့ ဝေဖန်ခံနေရပြီး မာန်ပါပါနဲ့ ဆန်းသစ်လိုက်တဲ့ “ကမ္ဘာနဲ့ချီပြီး လှုပ်ရှားမယ့် ဗြိတိန်” ဆိုတဲ့ နိုင်ငံခြားရေး မူဝါဒကို စွဲကိုင်လိုက်တဲ့ ဘောရစ်ဂျွန်ဆင် ခေါင်းဆောင်တဲ့ ယူကေအစိုးရကို ပထမဆုံး ကြီးကြီးမားမား စမ်းသပ်မယ့် အခြေအနေလည်း ဖြစ်ပါတယ်။
အဲဒီ “ကမ္ဘာနဲ့ချီပြီး လှုပ်ရှားမယ့် ဗြိတိန်” က ဘာကို ဆိုလိုသလဲ ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ ပြောနိုင်ပုံ မရပါဘူး။
ယူကေ ဥရောပသမဂ္ဂက ထွက်တာကို ဆန့်ကျင်သူတွေကတော့ “အဆိုးထဲက အကောင်းဖြစ်အောင် လုပ်တာ” ဆိုပြီး အဆိုးမြင်ဝါဒီ ဆန်ဆန် ပြောချင် ပြောနိုင်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဘေးကို ဖြေရှင်းရတာနဲ့ပဲ အချိန်ကုန်နေတဲ့ ယူကေအစိုးရရဲ့ “ကမ္ဘာနဲ့ချီပြီး လှုပ်ရှားမယ့် ဗြိတိန်” ဆိုတဲ့ မူဝါဒကို ဟောင်ကောင်အခြေအနေတစ်ခုတည်းနဲ့ပဲ တန်ဖိုးဖြတ်ဖို့တော့ စောလွန်းတယ်လို့ ဆိုနိုင်ပါတယ်။
လေလုံးထွားမှုများနဲ့ လက်တွေ့အနေအထား
တစ်ဖက်မှာလည်း ယူကေနဲ့ တရုတ်နိုင်ငံတို့ ဟောင်ကောင်နဲ့ ပတ်သက်ပြီး ဆက်ဆံရေး တင်းမာနေတဲ့ အခြေအနေက ယူကေရဲ့ လက်ရှိ သံတမန်ရေးအပိုင်း အားနည်းချက် အားသာချက်တွေကို မီးမောင်းထိုးပြနေပါတယ်။
ဒီလို အနေအထားမှာ ကြီးကြီးကျယ်ကျယ် လေလုံးထွားမှုတွေ အကြားက တကယ့် လက်တွေ့ အနေအထားကို မြင်နိုင်ဖို့လည်း အရေးကြီးပါတယ်။
ဟောင်ကောင်ဆိုတာက တရုတ် အချုပ်အချာအာဏာ လက်အောက်မှာ ရှိနေပြီး ယူကေအစိုးရဆိုတာက တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလာအောင် မဆွဲဆောင်နိုင်တော့တဲ့ ကိုလိုနီတွေ ပိုင်ခဲ့ဖူးသူ အင်အာကြီးနိုင်ငံဟောင်း တစ်ခုသာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ယူကေနဲ့ ဟောင်ကောင်ကိစ္စအတွက် သဘောတူထားတာတွေကို ချိုးဖောက်တယ်လို့ ယူဆထားကြပြီး တရုတ်အစိုးရလုပ်နေတာတွေက အနောက်အုပ်စု မသက်မသာ ဖြစ်စေမယ့် တရုတ်ပြည်တွင်း လုံခြုံရေးမူဝါဒ အမျိုးမျိုး ရှေ့တိုးတဲ့ အဆင့် မဟုတ်တော့ပါဘူး။
ဒါပေမဲ့ တစ်ဖက်မှာလည်း တရုတ်နိုင်ငံဆိုတာ အင်အားကြီး နိုင်ငံတစ်ခုဖြစ်လာပြီး ယူကေက ဒီလို အင်အားကြီး မဟုတ်တော့ကိုလည်း သတိချပ်ရမှာ ဖြစ်ပါတယ်။
ဒီတော့ မစ္စတာ ဂျွန်ဆင်ရဲ့ အစိုးရက ဘာဆက်လုပ်မလဲ…။ သုံးသပ်ချက်ပေးသူများကတော့ သူဟာ ကိုယ်ကျင့်တရားအကြောင်းထားပြီး ဟောင်ကောင်သား သုံးသန်းလောက်ကို လာရောက် ခိုလှုံခွင့်ပေးဖို့ ကမ်းလှမ်းခဲ့တာကို အမှတ်ပေးချင် ပေးကြပါလိမ့်မယ်။
ဒီလို လက်ခံမယ့် ပမာဏဟာ ယူကေကို ဝင်လာမယ့်သူ အရေအတွက်ကို ကန့်သတ်ချင်တဲ့ အခြေခံရှိတဲ့ နိုင်ငံရေးပါတီတစ်ခုအတွက် အတော်များပြားတဲ့ ပြည်ဝင်ခွင့်ပေးရမယ့် ပမာဏဖြစ်နေတာကလည်း ထူခြားမှတ်သားစရာပါပဲ။
တရုတ်က တကယ်တမ်း ဟောင်ကောင်သားတွေ အများကြီး ထွက်လာခွင့် ပေး မပေး ဆိုတဲ့ ဖြစ်နိုင်ခြေ၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က ထွက်မလာကြဖို့ ဆုံးဖြတ်နိုင်တဲ့ ဖြစ်နိုင်ခြေနဲ့ ထွက်လာရင်တောင်မှ ယူကေကို မဟုတ်ပဲ တခြားနေရာကို သွားကြနိုင်တဲ့ ဖြစ်နိုင်ခြေတွေ ရှိတယ်ဆိုတာကြောင့်တော့ မစ္စတာ ဂျွန်ဆင်က တရုတ်ဖိအားကို ကြုံလာတဲ့အခါ ကိုယ်ကျင့်တရားအခြေခံအရ အားသာမယ့်ဘက်မှာ ရပ်တည်ဖို့ ကြိုးစားမှုကို ပြောင်းလဲမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ သံခင်းတမန်ခင်းဆိုတာက လုပ်ရတဲ့ အနေအထားတွေ အများကြီးရှိပြီး ကိုယ်ကျင့်တရားအစရှိတဲ့ မူတစ်ခုနဲ့ ရပ်တည်ပြရတာက အပိုင်းနဲ့ ကိုယ့်နိုင်ငံခြားရေး မူဝါဒကို အောင်မြင်အောင် လုပ်ရတဲ့ အပိုင်းက တစ်ပိုင်းစီဖြစ်ပြီး ဒီလို အောင်မြင်ဖို့ကြတော့ ကိုယ့်မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။
တကယ်တမ်းဆိုရင် ကမ္ဘာ့စင်မြင်ပေါ်မှာ မူရှိရှိနဲ့ ရှေ့နောက်ညီညီ လုပ်ကိုင်ပြောဆိုမှုတွေ မရှိသလောက်ဘဲ လို့တောင် လူအများက ယူဆချင် ယူဆနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။
တရုတ်အရေးမှာ အမေရိကန်ရဲ့ ယူကေနဲ့ ပူးပေါင်းရပ်တည်တဲ့ ပုံစံက ဘယ်လိုလဲ
သံခင်းတမန်ခင်း ခေါင်းစဉ်အောက်က လုပ်ရတဲ့ ကိစ္စတွေထဲမှာ အချင်းချင်း ယုံကြည်မှုတည်ဆောက်ပြီး မဟာမိတ်အချင်းချင်း ထောက်ပံ့ပေးရတာ ပူးတွဲ ရပ်တည်ချက်တွေ ထုတ်ဖော်ရတာ၊ ပူးတွဲ လုပ်ဆောင်ချက်တွေ ဖော်ဆောင်ရတာတွေလည်း ပါဝင်ပါတယ်။
ဒီနေရာမှာ အမေရိကန်ဟာ ယူကေရဲ့ ဟောင်ကောင်နဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေကို စကားလုံး ထွားထွားတွေသုံးပြီး ထောက်ခံမှုတွေ လုပ်နေပေမယ့် အဲဒီ စကားလုံးတွေထက် မပိုဘူး ဖြစ်နေပါတယ်။
အမေရိကန် အစိုးရအနေနဲ့ ဟောင်ကောင်ကို ပေးထားတဲ့ ကုန်သွယ်ရေး ခံစားခွင့်တချို့ကို ရုပ်သိမ်းခဲ့တယ် ဆိုပေမဲ့ ဒါက ရွေးကောက်ပွဲနှစ်မှာ မစ္စတာ ထရမ့်က အိမ်ဖြူတော်မှာ နေရာမြဲဖို့အတွက် ချထားတဲ့ နည်းဗျူဟာအရ တရုတ်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြတဲ့ လုပ်ဆောင်မှု တစ်ခုသာ ဖြစ်ပါတယ်။
တစ်ဖက်မှာ “ကမ္ဘာနဲ့ချီပြီး လှုပ်ရှားမယ့် ဗြိတိန်” က တစ်မူထူးခြားစွာနဲ့ တသီးတခြား ဖြစ်နေပါတယ်။ ဥရောပသမဂ္ဂက နုတ်ထွက်မှုနဲ့အတူ ဥရောပနဲ့ တစ်ဝက်လောက် ခွာနေလိုက်သလို ဖြစ်သွားပြီး ရှေ့လျှောက် ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးအတွက်လည်း စေ့စပ်ညှိနှိုင်းရေးတွေ ဆက်လုပ်နေရပါတယ်။
ဒီလို ဖြစ်နေတဲ့ ယူကေဟာ အမေရိကန်နဲ့ ဆက်ဆံရေးကြပြန်တော့လည်း ရှင်းရှင်းလင်းလင်း မရှိပြန်ဘူးလို့ ဆိုနိုင်ပါတယ်။
လှိုက်လှိုက်လှဲလှဲ ရှိကြတဲ့ မစ္စတာ ဂျွန်ဆင်နဲ့ မစ္စတာ ထရမ့်တို့ရဲ့ ဆက်ဆံရေး နောက်ကွယ်မှာ ယူကေက အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုတစ်ရပ် အတော်လိုအပ်နေတဲ့ အကြောင်းခံနဲ့ အမေရိကန်ဘက်က ထောက်ခံပေးမှုကို ရဖို့အတွက် ပြန်အစားထိုး လုပ်ပေးရနိုင်တဲ့ ကိစ္စတွေအတွက် စိတ်မသက်မသာ ဖြစ်ရနိုင်တဲ့ ယူကေနိုင်ငံအတွက် အလားအလာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
တကယ်လည်း ဒီလို ပြဿနာ အလားအလာတွေရှိနေတာကို လက်ရှိ ကိုရိုနာကပ်ဘေး အခြေအနေတွေက ရှင်းရှင်းလင်းလင်းကြီး မီးမောင်းထိုးပြလိုက်ပါတယ်။
နိုင်ငံတကာအတွက်ပါ ရည်ရွယ်ပြီး ထုတ်လုပ်မယ့် ကိုဗစ်-၁၉ ကုသရေး အရေးပါတဲ့ အမေရိကန်ကုမ္ပဏီထုတ် remdesivir ဆေးတွေကို အခြားနိုင်ငံတွေကို မငဲ့ဘဲ အမေရိကန်က အလုံးအရင်း ဝယ်ယူလိုက်ခြင်းအားဖြင့် မစ္စတာ ထရမ့်ဟာ သူ့ရဲ့ “အမေရိကအရေး ပထမ” ဆိုတဲ့ ကြွေးကြော်သံက ဘယ်လို ထပ်ဆောင်း အဓိပ္ပာယ်ရှိနေသလဲ ဆိုတာကို လှစ်ဟ ပြလိုက်ပါတယ်။
ဥရောပသမဂ္ဂ အီးယူ ကတော့ သူ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ အတွက်လည်း လိုအပ်တဲ့ အဲဒီဆေးဝါးရရှိဖို့ အမေရိကန်နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်။
ဒီကိစ္စမှာ ယူကေနိုင်ငံက ဘယ်လို သဘောထားသလဲ ဆိုတာက မရှင်းလှပဲ အစိုးရ အရာရှိတွေရဲ့ အပြောကို ကိုးကားဖော်ပြတဲ့ သတင်းတွေ အရကတော့ ယူကေအတွက် လုံလောက်တဲ့ အဲဒီဆေးဝါး ရဖို့ သဘောတူထားပြီးပြီလို့ ဆိုပါတယ်။
ဒီအခြေအနေကလည်း ဥရောပနဲ့ အမေရိကန်တို့ရဲ့ နီးစပ်မှုကို ညွှန်ပြတာထက် ဥရောပအတွင်းက ယူကေနဲ့ အမေရိကန်နီးစပ်မှုက ရှိပေမယ့် အရမ်းနီးစပ်တာလည်း မဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
နိုင်ငံတကာမှာ ချိတ်ဆက် လှုပ်ရှားမှုတွေ ပြန်လုပ်ဖို့ လိုနေတဲ့ ယူကေ
ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းမှာ တင့်ကားတွေ ဒါမှမဟုတ် နျူးကလီးယားဗုံးတွေက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ လက်ကိုင်ထားတဲ့ အရာတွေလို ယူဆထားခဲ့ကြပါတယ်။
ဒါပေမဲ့ ဒါဟာ အင်အားကြီးတဲ့ စီးပွားရေးနဲ့ သုတေသန အခြေခံတွေကြောင့်လည်း အင်အားကြီးနိုင်ငံတစ်ခု ရပ်တည်နိုင်တယ်ဆိုတဲ့ အချက်ကို မေ့ပျောက်ထားတဲ့ အပေါ်ယံ ယူဆချက်သာ ဖြစ်ပါတယ်။
စစ်ရေးပစ္စည်းတွေ ဘယ်လောက်အထိ ဆက်ပြီး အရေးပါနေတယ်လို့ ဆိုဆို အမေရိကန်ရဲ့ ဒုတိယ ကမ္ဘာစစ်နဲ့ စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း ကမ္ဘာကို လွှမ်းမိုးထားနိုင်တာက အဲဒီ စီးပွားရေးနဲ့ သုတေသန အခြေခံတွေကြောင့်လည်း တစ်ကြောင်းဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံမှာလည်း အဲဒီ အခြေခံတွေ ရှိလာပါပြီ။ ဒီလို လွှမ်းမိုးမှု အာဏာ အနိမ့်အမြင့် ပြောင်းလဲမှု ရှိလာတဲ့ ကမ္ဘာ့စင်မြင့် ပင်လယ်ပြင် အနေအထား အသစ်မှာ “ကမ္ဘာနဲ့ချီပြီး လှုပ်ရှားမယ့် ဗြိတိန်” ဆိုတဲ့ သင်္ဘောက မောင်းနှင် လှုပ်ရှားရမှာ ဖြစ်ပါတယ်။
ယူကေမှာ အင်အားကြီးနိုင်ငံ ဖြစ်ဖို့ လိုအပ်တဲ့ အခြေခံတွေ အများအပြား ရှိပါသေးတယ်။ ယူကေနိုင်ငံဟာ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်နေသေးပြီး နိုင်ငံတကာ နိုင်ငံရေးမှာ “ညွှန်ကြားရေးမှူးအဆင့်အတွက် သီးသန့် ညွှန်ကြား ပွဲကြည့်စင်” က ကိုယ်ပိုင်တစ်နေရာလို့ ဆိုနိုင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ဖြစ်နေပါသေးတယ်။
ဒါပေမဲ့လည်း ကိုဗစ်အလွန်၊ ယူကေ ဥရောပသမဂ္ဂက ထွက်တဲ့ ဘရစ်ဇစ် အလွန် ကာလမှာ ယူကေနိုင်ငံက နိုင်ငံတကာမှာ ချိတ်ဆက် လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ဖို့ လမ်းကြောင်း ရှာရဦးမှာ ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာလည်း တရုတ်ရဲ့ မာန်ပါတဲ့ မူဝါဒတွေအပေါ် ကသိကအောက် ဖြစ်လာကြတဲ့ အရိပ်အယောင်တွေလည်း တိုးလာရာမှာ တရုတ်ရဲ့ ဒီမူဝါဒတွေကို “တရုတ်အရေး ပထမ” မူဝါဒ လို့တောင် နာမည်ပေးနိုင်ပြီး ဒီလို အခြေအနေကြားမှာ ယူကေက လမ်းကြောင်းရှာရမှာ ဖြစ်ပါတယ်။
အပြောင်းအလဲတွေ ဆက်ရှိနေဦးမှာဖြစ်တဲ့ ဟောင်ကောင်အရေးမှာ ယူကေက ကိုလိုနီ သမိုင်းအမွေကြောင့် အဓိက အခန်းကဏ္ဍကို ရနေတဲ့ ယူကေအနေနဲ့ ဟောင်ကောင်ကိစ္စ တရုတ်အစိုးရနဲ့ ရင်ဆိုင်ရာမှာ နိုင်ငံတကာ သဘောတူ လက်ခံတဲ့ ရပ်တည်ချက်တစ်ခု ဖွဲ့စည်း ဖြစ်ပေါ်လာရေးအတွက် ကိုယ်လုပ်နိုင်သလောက် ကြိုးစားလှုပ်ရှားဖို့ လိုနေပါတယ်။
ဒီလို တရုတ်ရဲ့ ဖိအားတွေကို ပြန်လည် တွန်းလှန်ရင်း တစ်ဖက်မှာလည်း အရေးကြီးပြီး တစ်ကမ္ဘာလုံးနဲ့လည်း ဆိုင်တဲ့ ဖြေရှင်းစရာ ကိစ္စတွေကို ပူးတွဲ ဖြေရှင်းဖို့အတွက် တရုတ်အာဏာပိုင်တွေနဲ့ အပြုသဘောဆောင်တဲ့ ချိတ်ဆက်လှုပ်ရှားမှုတွေ လုပ်ဖို့လည်း ကြိုးစားရမှာ ဖြစ်ပါတယ်။