ကမ္ဘာမှာထုတ်မယ့် ကိုဗစ်ဆေး ရမ်ဒက်စ်ဆီဗီယာ အားလုံးနီးပါး အမေရိကန်ဝယ်

ကမ္ဘာမှာ ထုတ်သမျှ ကိုဗစ်ကုသဆေး ရမ်ဒက်ဆီဗီယာဆေး အားလုံးနီးပါးကို ၀ယ်ယူနိုင်အောင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက စီစဥ်ခဲ့ပါတယ်။

ဒီဆေးကို အမေရိကန် ဆေးကုမ္ပဏီကြီး ဂိလိယက်က ထုတ်လုပ်တာ ဖြစ်ပြီး ကိုဗစ်လူနာတွေမှာ ကုသဖို့ အမေရိကန်က တာဝန်ရှိသူတွေက ပထမဆုံး ခွင့်ပြုပေးခဲ့တဲ့ ဆေးဖြစ်ပါတယ်။

လာမယ့် သုံးလအတွင်း ထုတ်လုပ်မယ့် ဆေးအားလုံးနီးပါးကို အမေရိကန်က ဝယ်ယူမှာ ဖြစ်လို့ ယူကေ၊ ဥရောပနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေအတွက် ဆေးမကျန်တဲ့ သဘောဖြစ်ပါတယ်။

ဒီဆေးက ကိုဗစ်လူနာတွေ ရောဂါပြန်သက်သာချိန်ကို ပိုမြန်ဆန်စေတဲ့ဆေးဖြစ်ပါတယ်။

ဆေးထုတ်တဲ့ ဂိလိယက်ဆီကနေ ဆေး အဖုံ ငါးသိန်း ဝယ်ယူဖို့ အံ့အားသင့်ဖွယ် သဘောတူချက်ရခဲ့တယ်လို့ အမေရိကန် ကျန်းမာရေးနဲ့ လူသားဆိုင်ရာ ဝန်ဆောင်မှုဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါက ဂိလိယက် ထုတ်သမျှဆေးတွေကို ဇူလိုင်မှာ ၁၀၀ ရာခိုင်နှုန်း၊ သြဂုတ်မှာ ၉၀ ရာခိုင်နှုန်းနဲ့ စက်တင်ဘာမှာ ၉၀ ရာခိုင်နှုန်း ဝယ်ယူဖို့ သဘောတူတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ကူးစက်မှု ဘယ်လောက်ရှိနေလဲ

အမေရိကန်မှာက ကူးစက်မှု နှစ်သန်းကျော် (၂,၇၂၇ ,၉၉၆) ရှိပြီး သေဆုံးသူ တစ်သိန်းကျော် (၁၃၀ ,၁၂၃) ရှိပါပြီ။

အမေရိကန်မှာ ဇွန်လ ၃၀ ရက်မှာ နေ့စဥ်ကူးစက်မှုက နောက်ထပ် စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အမေရိကန် ထိပ်တန်း ပညာရှင်က ကူးစက်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ပြောခဲ့ပါတယ်။

အခု နေ့စဥ်ကူးစက်မှု လေးသောင်းကျော် ရှိနေတာက တစ်နိုင်ငံလုံးကို အန္တရာယ် ရှိစေပါတယ်လို့ ဒေါက်တာ အန်သနီ ဖောင်ချီက ပြောပါတယ်။

အခုလို ကူးစက်မှုတွေရှိနေတာကြောင့် အမေရိကန်ရဲ့ ကူးစက်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ မျှော်မှန်းထားလဲလို့ မေးရာမှာ တစ်နေ့ ကူးစက်သူ တစ်သိန်းထိရှိလာရင်တောင် အံ့သြမိမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဆေးမျှမျှတတရဖို့

အမေရိကန်က အခုလို ဆေးအားလုံးနီးပါး ဝယ်ယူပြီးနောက် ဆေးတွေကို တန်ဖိုး သင့်တင့်မျှတပြီး ဝယ်ယူရာမှာ မျှမျှတတ ဝယ်ယူနိုင်ဖို့ ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထွက်လာရင်လည်း မျှမျှတတ ရနိုင်ဖို့ ပိုအားကောင်းတဲ့ မူဝါဒတွေ ရှိဖို့လိုတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကုသဆေးတွေကို ရနိုင်ဖို့နဲ့ပတ်သက်ပြီး အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ယူကေ စီးပွားရေးဝန်ကြီး နာဒင်း ဇာဟာဝီက ပြောပါတယ်။

ယူကေမှာတော့ ကိုဗစ်ကုသရာမှာ သုံးနိုင်တဲ့ နောက်ထပ်ဆေးတစ်မျိုးဖြစ်တဲ့ ဒက်ဆာမီသာဇုန်းဆေးတွေကို သင့်တင့်မျှတစွာ သိုလှောင်ထားတယ်လို့ မစ္စတာ ဇာဟာဝီက ပြောပါတယ်။

တစ်ကမ္ဘာလုံးအတွက် အကောင်းဆုံး ရလဒ်က ပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်တယ်လို့ သူက ပြောပါတယ်။

တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူက ၁၀ သန်းကျော်ရှိပြီ ဖြစ်ပြီး သေဆုံးသူ ငါးသိန်းကျော်ရှိပါတယ်။

ရမ်ဒက်ဆီဗီယာက ဘယ်လို ဆေးလဲ

ဒီဆေးက ကိုဗစ်လူနာတွေကို ရောဂါ ပြန်သက်သာချိန် ပိုမြန်စေတာကို နိုင်ငံတကာက ဆေးရုံတွေမှာ စမ်းသပ်မှုအရ တွေ့ရပါတယ်။

ဒီဆေးမသုံးသူတွေက ၁၅ ရက်မှာ ပြန်သက်သာတာကို တွေ့ရပြီး ဒီဆေးနဲ့ဆိုရင် ၁၁ ရက် ကြာတာကို စမ်းသပ်မှုတွေမှာ တွေ့ခဲ့ရပါတယ်။

တကယ်တော့ ဒီ ဗိုင်းရပ်စ်ကုသဆေးကို အီဘိုလာရောဂါကို ကုသဖို့အတွက် ထုတ်လုပ်ထားခဲ့တာပါ။

ဒီဆေးက ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင်တဲ့ အင်ဇိုင်းကို တားပေးပါတယ်။

ဒီဆေးကို အမေရိကန်ဆေးကုမ္ပဏီကြီး Gilead ဂိလိယတ် နဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်အောက်နိမ့်တဲ့ နိုင်ငံ ၁၂၇ ခု အတွက် ဆေးတွေ ထုတ်ဖို့ သဘောတူထားခဲ့ပါတယ်။

ဒီဆေးတွေ ဖြန့်ချိနိုင်မယ့် နိုင်ငံတွေကိုလည်း ဂိလိယတ်က ကြေညာထားပါတယ်။

ဒါ့အပြင် ဒီဆေးကို ကမ္ဘာ့နိုင်ငံတွေထဲမှာ ပထမဆုံး မေလထဲမှာ စထုတ်မယ်လို့ ဘင်္ဂလားဒေ့ရှ် ဆေးကုမ္ပဏီတစ်ခုကလည်း ကြေညာခဲ့ပါတယ်။

ဒီဆေးက ရောဂါသက်လာချိန် ပိုမြန်တာတွေ့ရပေမဲ့ သေဆုံးမှုနှုန်းမှာတော့ သိသာတဲ့ အကျိုးသက်ရောက်မှု မတွေ့ရပါဘူး။ ဒီဆေးနဲ့ ကုသခံရသူတွေရဲ့ သေဆုံးနှုန်းက ၈ ရာခိုင်နှုန်းရှိပြီး ဒီဆေးမပေးသူတွေမှာတော့ ၁၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါ့အပြင် ဒီဆေးတချို့ကို ဂိလိယက်က တောင်ကိုရီးယားကို လှူဒါန်းထားပြီး သြဂုတ်လမှာ ဝယ်ယူဖို့လည်း ဆွေးနွေးနေတယ်လို့ ကိုရီးယား ရောဂါထိန်းချုပ်ရေး စင်တာက ပြောပါတယ်။