ဘရာဇီးမှာ ကိုဗစ်ကူးစက်သူ တသန်းကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တသန်းကျော်သွားတဲ့နိုင်ငံစာရင်းမှာ ဘရာဇီးနိုင်ငံက ဒုတိယနိုင်ငံအဖြစ် ပါဝင်လာပြီး ရောဂါကလည်း ဆက်ပြန့်နေဆဲပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ရောဂါဖြစ်သူအသစ် ၅၄, ၀၀၀ ကျော်ရှိခဲ့တယ်လို့ ဘရာဇီး ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါဟာ စံချိန်တင်မြင့်တက်ခဲ့တာပါ။
သေဆုံးသူ ၁, ၂၀၀ လောက် ရှိတာ ဆက်တိုက် ၄ ရက်ရှိလာနေပြီး စုစုပေါင်း သေဆုံးသူ ၄၉, ၀၀၀ နီးပါး ရှိလာနေပါတယ်။
ဓာတ်ခွဲခန်းစမ်းသပ်မှုတွေ နည်းပါးနေတယ်၊ တကယ်ဖြစ်နေသူ အရေအတွက်က ဒီထက်မက များနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။
ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးကိုရောက်ဖို့ သီတင်းပတ်အတော် ဝေးနေသေးတယ်လို့လည်း သူတို့ကဆိုပါတယ်။
ဘရာဇီးမှာ ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့သူ စုစုပေါင်း ၁, ၀၃၂, ၉၁၃ ရှိတယ်လို့ သောကြာနေ့က ကျန်းမာရေးဌာနက အတည်ပြုပြောပါတယ်။
ကြာသပတေးနေ့က တချို့ပြည်နယ်တွေ စာရင်းတွေ ပို့ရာမှာ အခက်အခဲတွေကြုံခဲ့ရတဲ့အတွက် ဒီထက်မကများတဲ့ အရေအတွက်က မကြာခင်ဖြစ်လာဦးမှာလို့လည်း သူတို့က ပြောပါတယ်။
လက်တင်အမေရိကနိုင်ငံတွေမှာ ဗိုင်းရပ်စ် ပြန့်ပွားတာ အတော်များများဖြစ်နေပြီး ချီလီ၊ ပီရူးတို့မှာလည်း ပြဿနာကကြီးပါတယ်။
မက္ကဆီကိုနိုင်ငံမှာ အစိုးရ တရားဝင်ထုတ်ပြန်တဲ့စာရင်းတွေ အရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀, ၀၀၀ ကျော်သွားပါပြီ။
ကမ္ဘာမှာ ကိုဗစ် - ၁၉ ဖြစ်နေသူအများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာတော့ ဖြစ်နေသူ ၂ .၂ သန်းကျော်ရှိသလို၊ အဲဒီမှာ လူပေါင်း ၁၁၉, ၀၀၀ နီးပါး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ
ဘရာဇီးမှာ တနိုင်ငံလုံးကို လော့ခ်ဒေါင်းလုပ်လိုက်တာမျိုးမရှိခဲ့ပါဘူး။ ပြည်နယ်တွေ၊ မြို့တွေက သူတို့ စည်းကမ်းသတ်မှတ်ချက် သူတို့ဘာသာ ထုတ်ပါတယ်။
စည်းမျဉ်းတွေချထားတာ လအတော်များများ ကြာလာခဲ့တဲ့နောက် တချို့ကလည်း ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပေးနေပါတယ်၊ ဒါပေမဲ့ ရောဂါပြန့်နှုန်းက ဆက်မြင့်နေဆဲပါ။
တချို့နေရာတွေမှာ ကျန်းမာရေးစနစ်က ကိုဗစ် - ၁၉ ရောဂါရသူတွေကို ပြုစုစောင့်ရှောက်ပေးဖို့ မတတ်နိုင်တော့ဘဲ ပြိုလဲသွားမှာကို စိုးရိမ်နေရတဲ့အခြေအနေရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အရနည်းတဲ့ ဆင်းရဲတဲ့ ရပ်ကွက်တွေ၊ ဌာနေတိုင်းရင်းသားတွေနေထိုင်ကြတဲ့ဒေသတွေအပါအဝင် လူသူကျဲပါးတဲ့ ခေါင်တဲ့နေရာတွေမှာ ရောဂါက ပြန့်တာပိုမြန်နေတာကိုလည်း စိုးရိမ်ကြပါတယ်။
ဒီလိုအခြေအနေမှာ စီးပွားရေးသုံးသပ်သူတွေက နိုင်ငံရဲ့ စီးပွားရေးကျုံ့တာက ဒီနှစ်မှာ ၆ ရာခိုင်နှုန်း ကနေ ၈ ရာခိုင်နှုန်း ကြားရှိမယ်၊ အလုပ်အကိုင်ပေါင်း သန်းပေါင်းများစွာ ပျောက်သွားနိုင်တယ်လို့ ထောက်ပြနေကြပြီး စီးပွားရေးကို ပြန်စစေချင်နေကြတာကလည်း အကျယ်အပြန့်နဲ့ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘရာဇီး သမ္မတ ယအဲလ် ဘိုဆန်နာရိုရဲ့ ဗိုင်းရပ်စ်အရေး ကိုင်တွယ်ပုံကိုလည်း လူအများက ဝေဖန်ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် ကျန်းမာရေးပညာရှင်တွေက အကြံပေးတဲ့ အချက်တွေ ဥပမာ - လူတွေ ခပ်ခွာခွာနေရမယ် ဆိုတဲ့ သိပ္ပံနည်းကျအကြံပေးမှုတွေကို သမ္မတက ပယ်ချပြီးမလိုက်နာခဲ့တာတွေဟာ ဒီအကျပ်အတည်း အခုလောက်ထိဆိုက်လာစေတဲ့ အကြောင်းရင်းတွေထဲက တခုလို့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။
ကပ်ဘေးအစပိုင်းမှာ မစ္စတာ ဘိုဆန်နာရိုက ဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ထက် ပိုပြီး ချဲ့ကားပြောနေကြတာလို့ ထပ်ခါ ထပ်ခါ ပြောလာနေခဲ့တာပါ။ သူ့ ကျန်းမာရေးဝန်ကြီးက ပြည်သူကိုပြောနေတဲ့ စကားတွေကို ဆန့်ကျင်ပြီး လူကြားသူကြားမှာ သူပြောနေခဲ့တာပါ။
တင်းကျပ်တဲ့စည်းမျဉ်းတွေချမှတ်ခဲ့ကြတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်း နိုင်ငံရေး အသာစီးရအောင် တိုက်ကွက်ဖော်ကြဖို့ ဒီ ဗိုင်းရပ်စ်အရေးကို အသုံးချနေကြတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
အမေရိကန် သမ္မတကို ထောက်ခံ အားကျတဲ့ ဘရာဇီးသမ္မတဟာ ဒီရောဂါဖြစ်သူတွေကို ကုသရေးအတွက် ဟိုက်ဒြောက်ဆီကလိုရိုကွင်း (hydroxychloroquine) သုံးစွဲကြဖို့ကိုလည်း မစ္စတာ ထရမ့်နည်းတူ သူတိုက်တွန်းခဲ့ပါတယ်။
ဒီဆေးဟာ ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုနှုန်းကို မလျှော့ချနိုင်သလို ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောထားတာပါ။
ဘရာဇီးမှာ ဗိုင်းရပ်စ်ပြန့်ပွားတာထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီး ၂ ယောက်လည်း နုတ်ထွက်ခဲ့ပါပြီ။ အစိုးရရဲ့ ဗိုင်းရပ်စ်အရေး တုံ့ပြန်ဆောင်ရွက်တာကို ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ အတွေ့အကြုံ မရှိဖူးတဲ့ စစ်ဗိုလ်ချုပ်တယောက်က အခု ဦးဆောင်နေပါတယ်။
ဒီလိုကာလမှာ မစ္စတာ ဘိုဆန်နာရို နဲ့ သူ့ မဟာမိတ်တွေက မီဒီယာတွေကို ဆန့်ကျင်နေပြီး ထိခိုက်သူတွေ အရေအတွက်ကိုပဲ ဒီ မီဒီယာတွေက အာရုံစိုက်နေတယ်လို့ ဆိုနေကြပါတယ်။








