ကိုရိုနာဗိုင်းရပ်စ် ဝေါဟာရများ

ကိုရိုနာဗိုင်းရပ်စ် ဝေါဟာရများ

ကိုဗစ်- ၁၉ COVID - 19

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက စတင်သိရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ အဆုတ်ကို အဓိက ထိတဲ့ ရောဂါပါ။ Coronavirus Disease 2019 ဆိုတဲ့နာမည်ထဲကနေ CO VI D 19 ဆိုတဲ့စကားလုံးတွေ အတိုကောက်ယူပြီး ကိုဗစ်- ၁၉ဆိုတဲ့ နာမည်ခေါ်ဝေါ်ခဲ့တာပါ။

မျဉ်းကွေးပြေလျော့ခြင်း Flatten the curve

ရောဂါကူးစက်မှုနှုန်းကျဆင်းလာတာကို မျဉ်းကွေးပြေလျော့လာတယ်လို့ သုံးနှုန်းပါတယ်။ ရောဂါကူးစက်မှုကို ဂရပ်နဲ့ဖော်ပြတဲ့အခါ ကူးစက်မှုများလေလေ ဂရပ်ဟာ ထောင်တက်သွားလေလေ၊ ခုံးတက်သွားလေလေ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုနည်းလာတာနဲ့အမျှ ဂရပ်က ပြေလျော့လာတာကို ရည်ညွှန်းသုံးနှုန်းတာ ဖြစ်ပါတယ်။

ပိတ်ဆို့ခြင်း Lockdown

နေ့စဥ်သွားလာတာတွေကို လျော့နည်းသွားအောင် ကန့်သတ်လိုက်တာ၊ အများပိုင် အဆောက်အဦတွေ၊ နေရာတွေကို ပိတ်တာ၊ လူတွေကို အိမ်မှာပဲ နေဖို့ပြောတာကို ပိတ်ဆို့မှုလုပ်တယ်၊ လော့ဒေါင်းလုပ်တယ်လို့ ခေါ်တာဖြစ်ပါတယ်။ နိုင်ငံတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် တင်းတင်းကျပ်ကျပ် ဆောင်ရွက်တဲ့အနေနဲ့ လော့ဒေါင်း လုပ်ကြပါတယ်။

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ Pandemic

နိုင်ငံအများမှာ တပြိုင်တည်း လျင်လျင်မြန်မြန် ကူးစက်တဲ့ အန္တရာယ်ကြီးရောဂါမျိုးကို ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ၊ ကမ္ဘာ့ကပ်ရောဂါလို့ ခေါ်ကြပါတယ်။

တကိုယ်တည်းသီးခြားခွဲနေခြင်း Self-isolation

ရောဂါမပြန့်ပွားအောင် တခြားလူတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ရှောင်ရှားပြီး တကိုယ်တည်းခွဲနေတာကို ဆိုလိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဝေါဟာရများ

ခွဲခြားကန့်သတ်ခြင်း Quarantine

ရောဂါပြန့်ပွားမှု တားဆီးရေးအတွက် ကူးစက်ရောဂါနဲ့ ပတ်သက်ဆက်စပ်ထိတွေ့သူတွေကို သီးခြားခွဲထားတာကို ခေါ်ဆိုပါတယ်။

လူမှုအလှမ်းခွာခြင်း Social Distancing

တခြားလူတွေနဲ့ဝေးဝေးနေပါလို့ ဆိုလိုပါတယ်။ ရောဂါ ကူးစက်မှုနှေးကွေးဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကိုယ်နဲ့အတူမနေတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မတွေ့ဆုံကြဖို့ အစိုးရက အကြံပေးထားပါတယ်။ ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ဖို့၊ အများသုံးကား၊ရထားတွေကို ရှောင်ရှားဖို့ အကြံပြုတာဖြစ်ပါတယ်။

ဗိုင်းရပ်စ် Virus

ဘယ်လိုသက်ရှိအင်္ဂါထဲက ဆဲလ် (ကလာပ်စည်း) မှာမဆိုဝင်ရောက်ပြီး သူ့ကိုယ်သူမိတ္တူပွားနိုင်တဲ့ သေးငယ်တဲ့အမှုန်အစ။ ဗိုင်းရပ်စ်ဟာ အဲဒီဆဲလ်တွေထဲ ဝင်ပူးပြီးနောက်မှာ သူတို့ရဲ့ ပုံမှန်လုပ်ငန်းစဥ်တွေ၊ ဓာတုဖြစ်စဉ်တွေကိုနှောင့်ယှက်ဟန့်တားပြီး ဆဲလ်တွေသေသွားတဲ့အထိ လုပ်တတ်ပါတယ်။ အဲသလိုလုပ်တဲ့အခါ ရောဂါဖြစ်ပွားလာပါတယ်။

ကာကွယ်ဆေး Vaccine

အားပျော့တဲ့ ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယား သဏ္ဌာန်တမျိုး ပါဝင်တဲ့ဆေး ဖြစ်ပါတယ်။ အဲဒီဆေးကို ထိုးပေးလိုက်ခြင်းအားဖြင့် ပိုးကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်ခံအားပေါ်ထွက်လာအောင် ရည်ရွယ်တာဖြစ်ပါတယ်။

ရောဂါပျိုးချိန် Incubation period

ပိုးဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ စတင်ပြတဲ့အထိ ကြားကာလ။