ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် - အိန္ဒိယ လော့ဒေါင်းထပ်တိုးတာ ဘာတွေပြောင်းသွားသလဲ
နိုင်ငံကို ထပ်ပြီး ပိတ်ဆို့ကန့်သတ် လော့ဒေါင်းလုပ်ဖို့ အချိန်ထပ်တိုးလိုက်ပြီး နောက်တစ်ရက်မှာပဲ အိန္ဒိယမှာ လုပ်ငန်းခွင်တချို့အတွက် ဖြေလျှော့တာတွေ လုပ်ပေးခဲ့ပါတယ်။
လယ်ယာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အများပြည်သူနဲ့ဆိုင်တဲ့လုပ်ငန်းတွေအတွက် ဖြေလျှော့ပေးလိုက်ပေမဲ့ ခရီးသည်တင် ကား၊ရထားလိုင်းတွေနဲ့ စီးပွားရေးလုပ်ငန်းအများစုကတော့ ဆက်ပြီး ပိတ်ထားရဦးမှာ ဖြစ်ပါတယ်။
ဒီစည်းမျဥ်းတွေက ဧပြီ ၂၀ မှာ အသက်ဝင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကုန်စည်စီးဆင်းမှု လွယ်ကူလာဖို့နဲ့ စီးပွားရေး ရိုက်ခတ်မှုကို သက်သာလာစေမယ်လို့ မျှော်လင့်ရပါတယ်။
လော့ဒေါင်းလုပ် ပိတ်ထားတာက မတ်လ ၂၅ ရက်မှာ စခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မေလ ၃ ရက် အထိ ရက်ထပ်တိုးလိုက်ပါတယ်။
အခုချိန်အထိ အိန္ဒိယမှာ ကူးစက်မှု ၉,၇၅၆ ခုရှိပြီး သေဆုံးသူက ၃၇၇ ဦး ရှိပါပြီ။
နိုင်ငံမှာ ကူးစက်မှုကို ဇန်နဝါရီ အကုန်ပိုင်းက စတွေ့ခဲ့ပေမဲ့ ကူးစက်တွေ များလာတာကတော့ မတ်လ အစပိုင်းမှ ဖြစ်ပါတယ်။
အိန္ဒိယဟာ ခရီးသွားလာခွင့်တွေ တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့တဲ့ အစောပိုင်းနိုင်ငံတွေထဲက တစ်နိုင်ငံပါ။ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ပစ်ခဲ့ပြီး နောက်ဆုံးမှာ နိုင်ငံတကာ လေယာဥ် အဝင်အထွက်တွေကိုပါ ရပ်ပစ်ခဲ့ပါတယ်။ ပြီးတော့ ပြည်တွင်း ရထားလိုင်းနဲ့ လေကြောင်းလိုင်းတွေကိုလည်း လော့ဒေါင်းစကတည်းက အသွားအလာတွေ ပိတ်ထားလိုက်ပါတယ်။
ဒါပေမဲ့ တားမြစ်ချက်တွေကို ဆက်ထားမယ်ဆိုရင် စိန်ခေါ်ချက်တွေများပါလိမ့်မယ်။
လော့ဒေါင်း ဆက်ပိတ်ထားမယ်ဆိုတဲ့ သတင်း အင်္ဂါနေ့က ထွက်လာတော့ ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာက လမ်းပေါ်ထွက်လာပြီး သူတို့ရွာတွေကို ပြန်ခွင့်ပေးဖို့ တောင်းဆိုကြပါတယ်။
ဘာတွေပြောင်းသွားလဲ
ပြည်တွင်း၊ပြည်ပ ခရီးသွားတွေ တားမြစ်ထားတာအပြင် ကျောင်းတွေ၊ ကောလိပ်တွေ၊ စျေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်း အများစု ဆက်ပိတ်ထားရမှာပါ။ အစားအသောက်ကုန်စုံဆိုင်နဲ့ ဆေးဆိုင်တွေတော့ ပိတ်တဲ့ထဲ မပါပါဘူး။
လူစုလူဝေး ဖြစ်စေတဲ့ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး စုဝေးမှုတွေ အကုန် တားမြစ်ထားပါတယ်။
ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးမယ်လို့ အစိုးရက ပြောပါတယ်။
အဲဒီလို ပြန်ဖွင့်ခွင့်ရမယ့် လုပ်ငန်းတွေထဲမှာ နို့ထွက်ပစ္စည်းလုပ်ငန်း၊ ရေထွက်ကုန်လုပ်ငန်း၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာစိုက်ပျိုးရေး နဲ့ လယ်ယာထွက်ကုန်နဲ့ ဆက်စပ်ပစ္စည်း အရောင်းဆိုင်တွေပါ ပါဝင်ပါတယ်။
ပြီးတော့ နေ့စားဝင်ငွေနဲ့ ရပ်တည်နေရသူတွေကို အလုပ်အကိုင်ပေးနိုင်တဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အလုပ်တွေပါ ပြန်စနိုင်မှာ ဖြစ်ပေမဲ့ ဒီလုပ်ငန်းတွေမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေပြီး အလုပ်လုပ်ရမယ့် လမ်းညွှန်အောက်မှာပဲ လုပ်ရမှာပါ။
လော့ဒေါင်းပိတ်လိုက်စဥ်က ကုန်တွေစုပုံပြီး ကုန်စီးဆင်းမှု နှောင့်နှေးကုန်တဲ့အတွက် ကုန်တင်ကား၊ရထားနဲ့ လေယာဥ်တွေကိုတော့ ပြန်လုပ်ခွင့်ပေးမှာ ဖြစ်ပါတယ်။
ပြည်သူတွေကို လူမှုရေး အထောက်အပံ့နဲ့ ပင်စင်ငွေ အစိုးရ ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ဘဏ်တွေကိုလည်း ပြန်ဖွင့်ခွင့်ပေးမှာ ဖြစ်ပါတယ်။
စည်းကမ်းအသစ်တွေက ဘယ်သူတွေကို အကျိုးသက်ရောက်မလဲ
စည်းကမ်းအများစုက လယ်ယာနဲ့ စီးပွားရေးလုပ်ငန်းခွင်မှာ ပါဝင်နေသူတွေမှာ သက်ရောက်မှာ ဖြစ်ပါတယ်။
ကုန်ပို့လုပ်ငန်းတွေ ပြန်ဖွင့်လိုက်ရင် အွန်လိုင်းစီးပွားရေး လုပ်ငန်းတွေ ပြန်လည်သက်ဝင်လာပြီး ပစ္စည်းပြတ်နေတာ တချို့ လည်းပြန်ရလာဖွယ် ရှိပါတယ်။
ရေပိုက်ပြင်သမား၊ မီးသမားနဲ့ လက်သမားလို အလုပ်သမားတွေကိုလည်း ပြန်လုပ်ခွင့်ပေးလိုက်ပါတယ်။
ပြီးတော့ အဝေးပြေးလမ်းမကြီးတွေ တစ်လျှောက်က စားသောက်ဆိုင်တွေကိုလည်း ခပ်ခွာခွာနေ စည်းမျဥ်းအောက်ကနေ ပြန်ဖွင့်ခွင့်ပေးမှာ ဖြစ်လို့ ကုန်ပို့လုပ်ငန်းတွေက ကုန်တင်ကားမောင်းသူတွေလည်း လမ်းမှာ အရင်လိုပဲ စားစရာရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစည်းမျဥ်းတွေက ဗိုင်းရပ်စ်မပြန့်အောင် ထိန်းချုပ်ထားတဲ့နေရာတွေမှာ အကျုံးဝင်မှာ မဟုတ်ဘူးလို့ အစိုးရက ပြောပါတယ်။
ဒါကြောင့် ပြည်နယ်နဲ့ ခရိုင် တာဝန်ရှိသူတွေက ဗိုင်းရပ်စ် ကူးစက်တဲ့နေရာတွေကို တောက်လျှောက် ရှာဖွေ သတ်မှတ်ပေးနေရမှာ ဖြစ်ပါတယ်။ နောက် အဲဒီနေရာတွေကို လုံးဝ ပိတ်ဆို့ပြီး အရေးပေါ်ကယ်ဆယ်ရေးယာဥ်၊ ရဲကား အဝင်အထွက်ပဲ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုနေရာတွေမှာ ခုနက စည်းမျဥ်းသစ်တွေ အသက်ဝင်မှာ မဟုတ်ပါဘူး။