ကိုရိုနာဗိုင်းရပ်စ် - မကူးစက်၊ မပြန့်ပွားအောင် ဘယ်လိုကာကွယ်မလဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်လာတာကြောင့် လူသားတွေ နေထိုင်မှု ပုံစံ ပြောင်းလဲလာရပြီး အချင်းချင်းကြား ဆက်ဆံရေးတွေလည်း ပြောင်းခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲလာတဲ့ နေထိုင်နည်းတွေအတွက် လမ်းညွှန်ချက်တွေ အကြံပေးချက်တွေက အများကြီး ရှိနေပါပြီ။ အဲဒီအထဲက အသုံးဝင်မယ့် နည်းလမ်းတချို့ကို ဖော်ပြပေးချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အဓိကအကျဆုံးနဲ့ အခြေခံအကျဆုံး ကာကွယ်နည်းကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဖြစ်ပါတယ်။

  • လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာတို့နဲ့ သေသေချာချာဆေးပါ။ ဒါမှမဟုတ် အရက်ပြန်ပါတဲ့ လက်သန့်ဆေးနဲ့ ဆေးပါ။
  • မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ မထိပါနဲ့။ လက်က တခြားနေရာကို လျှောက်ထိကိုင်ထားလို့ ဗိုင်းရပ်စ်တွေ ပါလာနိုင်ပြီး အဲဒါကနေ ကိုယ်ထဲကို ရောက်သွားနိုင်လို့ပါ။

ဗိုင်းရပ်စ် မပြန့်ပွားအောင် ဘယ်လိုလုပ်မလဲ

  • နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူး ဒါမှမဟုတ် တံတောင်အတွင်းပိုင်းနဲ့ အုပ်ပါ။
  • သုံးပြီးသား တစ်ရှူးကို ချက်ချင်း လွှင့်ပစ်ပါ။
  • တစ်ယောက်နဲ့ တစ်ယောက် အနည်းဆုံး နှစ်မီတာ (၆ ပေ) ခွာနေပါ။ လက်နှစ်ကမ်း အကွာလောက်နီးပါး ခွာနေခိုင်းတာပါ။
  • နေရာအတော်များများမှာ လူတွေ အိမ်ထဲမှာပဲ နေဖို့ ညွှန်ကြားထားပါတယ်။ လိုအပ်မှ အပြင်ထွက်ခွင့်ပေးထားပါတယ်။ အဲဒါက နှာခေျ၊ ချောင်းဆိုးနေတဲ့သူတွေနဲ့ မထိတွေ့မိအောင် လျှော့ချနိုင်ပါလိမ့်မယ်။
  • အပြင်ထွက်ရပြီ ဆိုရင်လည်း အချင်းချင်းတွေ့ရင် လက်ဆွဲမနှုတ်ဆက်ပါနဲ့တော့။ လက်ပြတာ၊ ခေါင်းညိတ်တာနဲ့ ခါးညွတ်အရိုအသေပေးတာမျိုးတို့ပဲ လုပ်ပါ။

နှာခေါင်းစည်းတွေနဲ့ လက်အိတ်တွေက အလုပ်ဖြစ်သလား

ဆူပါမားကက်က ဝယ်တဲ့ ရိုးရိုးနှာခေါင်းစည်း တွေကတော့ မကာကွယ်ပေးနိုင်ပါဘူး။ အဲဒါတွေက ချောင်လွန်းတယ်၊ မျက်စိကိုလည်း မကာထားပေးနိုင်ဘူး ပြီးတော့ အဲဒါတွေကိုလည်း အကြာကြီး ဝတ်ထားဖို့ မဖြစ်နိုင်ဘူး။

ဒါပေမဲ့ ရောဂါရှိတဲ့သူက အဲဒါတပ်ထားရင်တော့ သူတို့ဆီက ထွက်တဲ့ အရည်စက်တွေ သူများတွေဆီ မရောက်အောင် ကာကွယ်ပေးပါတယ်။

တစ်ခုရှိတာက ဗိုင်းရပ်စ် ရှိတဲ့ လူတွေ တော်တော်များများမှာ ရောဂါလက္ခဏာ မပြပါဘူး။ ဒီတော့ နှာခေါင်းစည်းတပ်လို့ တခြားသူတွေကို ဘာမှ မထိခိုက်စေပါဘူး။

လက်အိတ် ကတော့ လက်အိတ်ဝတ်ထားပြီး မျက်နှာတွေကို ပြန်ကိုင်မယ်ဆိုရင် ကိုယ်ထဲကို ဗိုင်းရပ်စ်ရောက်သွားနိုင်တယ်လို့ WHO က သတိပေးထားပါတယ်။

လက်အိတ်ဝတ်တာထက်စာရင် လက်ကို ရေနဲ့ဆပ်ပြာနဲ့ မကြာခဏဆေးပေးတာက ပိုပြီးထိရောက်တယ်လို့ WHO က အကြံပေးပါတယ်။

ဗိုင်းရပ်စ်ကူးနေမှန်း ဘယ်လိုသိနိုင်မလဲ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အဓိက လက္ခဏာတွေက အဖျားရှိတာနဲ့ ချောင်းခြောက် ဆက်တိုက် ဆိုးတာပါ။ အဲဒါတွေကို သတိထားကြည့်ရမှာပါ။

တချို့လူတွေမှာ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ဝမ်းသွားတာနဲ့ အနံ့၊အရသာ မခံနိုင်တော့တာ တွေလည်းဖြစ်တတ်ပါတယ်။

လက္ခဏာပေါ်လာရင် ဘာလုပ်ရမလဲ

ခေါင်းကိုက်၊ နှာအနည်းအကျဉ်းစီးတာ တို့လို လက္ခဏာနည်းနည်းပဲ ပြရင် ပြန်ကောင်းလာတဲ့အထိ အိမ်မှာပဲ နေပါလို့ WHO က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ကူးစက်မှု အသင့်အတင့်ပဲရှိလို့ တခြားသူတွေနဲ့ မထိတွေ့မိအောင် ရှောင်နေဖို့လိုပါတယ်။

ဒါပေမဲ့ အဖျားတက်လာမယ်၊ ချောင်းဆိုးလာမယ်၊ အသက်ရှူရခက်လာမယ်ဆိုရင်တော့ ကုသမှုခံဖို့ အကြံဉာဏ်ယူသင့်ပါပြီ။ ဒီအခြေအနေက အသက်ရှူလမ်းကြောင်းမှာ ရောဂါကူးစက်တာ၊ ဒါမှမဟုတ် တခြား ရောဂါ ပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ့်ကို ကျန်းမာရေးစောင့်ရှောက်ပေးမယ့် နေရာကို လူကိုတိုင် မသွားသေးပဲ ဖုန်းအရင်ကြိုဆက်ပါ။ သူတို့က မှန်ကန်တဲ့ ကုသမှု ရစေအောင် လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။

ကိုဗစ်-၁၉ က ဘယ်လောက် အန္တရာယ်များသလဲ

The Lancet Infectious Diseases ဆေးပညာ ဂျာနယ်မှာပါတဲ့ သုတေသနစာတမ်း အသစ်အရ ကူးစက်ခံရသူတွေရဲ့ သုည ဒသမ ၆၆ ရာခိုင်နှုန်းက အသက်ဆုံးရှုံးနိုင်ပါတယ်။

ဒါက ရာသီတုပ်ကွေးကြောင့် သေဆုံးနှုန်း သုည ဒသမ ၁ ရာခိုင်နှုန်းထက် တော်တော်ပိုများပါတယ်။ ဒါပေမဲ့ အရင်က ခန့်မှန်းထားတာတွေထက်တော့ တော်တော်နည်းသွားပါတယ်။

ဒါပေမဲ့ ကူးစက်မှု ဘယ်လောက်အထိ ရှိနိုင်ဦးမလဲဆိုတာ မသိသေးလို့ သေဆုံးနှုန်းက ဘယ်လောက်ဆိုတာ အတိအကျ ပြောဖို့ မဖြစ်နိုင်သေးပါဘူး။

ကူးစက်ကပ်ရောဂါ ဖြစ်နေဆဲမှာ သေဆုံးနှုန်းကို တွက်ချက်ရတာက မရေရာပါဘူး။ ဘာလို့လဲဆိုတော့ ရောဂါကူးစက်ချိန်နဲ့ အဲဒီရောဂါကြောင့် သေဆုံးရချိန် ကြားမှာ အချိန်ကွာဟ ချက်ရှိနေလို့ပါ။

အခုလက်ရှိ Imperial College London က ခန့်မှန်းထားမှုတွေအရ သေဆုံးနှုန်းဟာ အသက် ၈၀ ကျော်တွေရဲ့ သေဆုံးနှုန်းက ၁၀ ဆ လောက်ပိုများပြီး အသက် ၄၀ အောက်တွေ သေဆုံးနှုန်းက တော်တော်နည်းပါတယ်။

တရုတ်က ကူးစက်မှု ၄၄၀၀၀ ကျော်ကို အခြေခံ ဆန်းစစ်ကြည့်တဲ့အခါမှာတော့ ဆီးချို၊ သွေးတိုး၊ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေမှာ သေဆုံးနှုန်းက တခြားသူတွေထက် ငါးဆလောက် ပိုမြင့်ပါတယ်။

ကုသဖို့ဆေးရှိလား

ပြီးတော့ ဒီဗိုင်းရပ်စ် အသစ်ကို ကုသဖို့ ဆေးဝါး တိတိကျကျ မရှိသေးပါဘူး။ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ပဋိဇီဝဆေးတွေကလည်း အသုံးမဝင်ပါဘူး။ သူတို့က ဘက်တီးရီးယားကိုပဲ သတ်နိုင်တာဖြစ်လို့ ဗိုင်းရပ်စ်ကို ကုသရာမှာ အသုံးမဝင်ပါဘူး။

ကုသဖို့ ရွေးချယ်စရာနည်းလမ်းတွေကတော့ ရှိပါတယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီရဲ့ အခြေအနေအရ ပိုကောင်းတဲ့နည်းလမ်းက မတူပါဘူး။

တစ်ကမ္ဘာလုံးက သိပ္ပံပညာရှင်တွေက ကာကွယ်ဆေးထုတ်ဖို့ အသည်းအသန် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ဆေးတွေ့ရင်တောင် အရင် စမ်းသပ်ရဦးမှာပါ။ ဒီတော့ လူတွေမှာ ထိုးပေးဖို့ အချိန်ယူရဦးမှာပါ။

ကူးစက်မှုကာလထဲမှာ စိတ်ကျန်းမာရေးကိုရော ဘယ်လိုစောင့်ရှောက်ရမလဲ

အခုချိန်ဟာ တခြားအချိန်တွေနဲ့ မတူတာ အထူးပြောစရာမဟုတ်ပါဘူး။

ဒီတော့ စိတ်လှုပ်ရှားမယ်၊ စိတ်ဖိစီးမယ်၊ ပူပန်မယ်၊ ဝမ်းနည်းမယ်၊ ပျင်းရိမယ်၊ အထီးကျန်တာတွေ ဖြစ်နိုင်ပါတယ်။

ဒီလို အခြေအနေကနေ သက်သာအောင် ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ အကြံပြုချက် ၁၀ ခုပေးထားပါတယ်။

  • မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဖုန်းဆက်ပါ။ ဗီဒီယိုကောလ်တွေလုပ်ပါ။ ဆိုရှယ်မီဒီယာကနေ ဆက်သွယ်ပါ။
  • ကိုယ်စိတ်ပူနေတာတွေကို ပြောပြပါ။
  • သူများတွေ စိတ်ပူနေတာတွေလည်း နားလည်ပေးဖို့ ကြိုးစားပါ။
  • ပြောင်းလဲသွားတဲ့ နေထိုင်မှုနည်းလမ်းတွေအတွက် ပြင်ဆင်ကြံဆပါ။ အစားအသောက် ဝယ်ဖို့၊ အိမ်ကနေအလုပ်လုပ်ဖို့ စတာတွေအတွက် ပြင်ဆင်ပါ။
  • ကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်၊ အာဟာရစုံလင်မျှတအောင်စား၊ ရေများများသောက်ပါ။ ဆေးလိပ်သောက်တာနဲ့ အရက်အများကြီး သောက်တာကို ရှောင်ပါ။
  • ယုံကြည်စိတ်ချရဲ့ သတင်းတွေကို စောင့်ကြည့်ပါ။ ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ သတင်း ဘယ်လောက်ပဲ ဖတ်မယ်၊ ကြည့်မယ်ဆိုတာကို ကန့်သတ်ထားပါ။
  • ခက်ခဲတဲ့ ခံစားမှုကို လက်ခံလိုက်ပါ။ တချို့ကိစ္စတွေက ကိုယ်ဘာမှ လုပ်လို့မရနိုင်ဘူးဆိုတာ လက်ခံလိုက်ပါ။ ဒါပေမဲ့ ကိုယ်ထိန်းချုပ်လို့ရတဲ့ ကိုယ့်အပြုအမူလို အရာမျိုးတွေမှာ အာရုံစိုက်ထားပါ။
  • ကိုယ့်ကို ပျော်ရွှင်စေတာမျိုးတွေ လုပ်ပါ။ အဲဒါတွေက အကန့်အသတ်နဲ့ပဲ လုပ်နိုင်တယ်ဆိုရင်တောင် အဲဒီအခြေအနေနဲ့ လိုက်လျောညီထွေရှိအောင် လုပ်နိုင်ပါလိမ့်မယ်။
  • လက်ရှိအချိန်ကို အာရုံစိုက်ပြီး အခုအကြပ်အတည်းဖြစ်ချိန်ဟာ ယာယီပဲဆိုတာ သိထားပါ။ အချိန်မှန်အိပ်ပါ။ ကဖင်းလျှော့သောက်ပါ။ အိပ်ချိန်မတိုင်ခင် မိုဘိုင်းလ်သုံးတာ လျှော့ပါ။