အစားအသောက်ကို ဘယ်လိုဝယ်ယူစားသောက်သင့်သလဲ

မူလရေးသူ ဗစ်တိုးရီးယားဂျေးလ်

ဘီဘီစီ သိပ္ပံသတင်းထောက်

အခြေခံကျကျလိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူဖို့အတွက်သာ စျေးဝယ်ထွက်ကြပါ၊ စျေးဝယ်ထွက်တဲ့ အကြိမ်ရေကိုလည်း နည်းနိုင်သမျှ အနည်းဆုံးဖြစ်ပါစေလို့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကမှ ဗြိတိန်မှာ စတင်ကန့်သတ်တားမြစ်လာတာကို အမှတ်ရကြမှာပါ။

ဒီစကားတွေကိုပြောခဲ့သူ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ္စဂျွန်ဆင်ပါ။ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားရေးအတွက် လူတွေရဲ့ နေ့စဥ်သွားလာမှုတွေကို လျှော့ချဖို့စီစဉ်ခဲ့တာပါ။ အပြင်ထွက်စျေးဝယ်တာထက်အိမ်တိုင်ရာရောက် လာပို့ခိုင်းတာကို ပိုပြီးအသုံးပြုကြဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

ရောဂန္တရကပ်ဘေးကာလကြီးမှာ ကျန်းမာရေးအတွက် တကယ်ဘေးကင်းမယ့် စျေးဝယ်နည်းက ဘာပါလဲ။ ကိုယ်တိုင်သွားဝယ်မှာလား။ အိမ်တိုင်ရာရောက်မှာမှာလား။ ပါဆယ်ထုပ်မှာလား။

စျေးဝယ်ချိန်မှာ အန္တရာယ်အလားအလာ

ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါရှိသူချောင်းဆိုးရာကထွက်လာတဲ့ အမှုန်အစက်တွေကနေ ကူးစက်ပြန့်ပွားစေပါတယ်။ အဲဒီအမှုန်အစက်တွေထဲမှာဗိုင်းရပ်စ်ပိုးတွေပါပါတယ်။ အဲဒီအမှုန်အစက်တွေကိုရှူသွင်းလိုက်ရင် ရောဂါကူးစက်နိုင်ပါတယ်။ အမှုန်အစက်တင်နေတဲ့နေရာကို ကိုယ်ကကိုင်တွယ်ထိတွေ့မိရင်လည်း ကူးနိုင်ခြေရှိပါတယ်။

စျေးဝယ်ထွက်တာ တခြားသူတွေနဲ့ရောနှောတာဟာ အန္တရာယ်ရှိတဲ့ အလားအလာပါ။ ဒါ့ကြောင့်လည်း လူချင်းခွာရေးဟာ အရေးကြီးလာတာမို့ တယောက်နဲ့တယောက် ၆ ပေခြားဖို့တိုက်တွန်းတာဖြစ်ပါတယ်။ ဆိုင်တော်တော်များများမှာကျင့်သုံးကြပါတယ်။

စတိုးဆိုင်ကြီးတွေဟာ ဗိုင်းရပ်စ်ဖြန့်ဖို့ “အကောင်းဆုံးအနေအထား” တခုဖြစ်နေတယ်လို့ ကျန်းမာသန့်ရှင်းမှုနဲ့ အပူပိုင်းဒေသ ဆေးပညာဆိုင်ရာ လန်ဒန်တက္ကသိုလ်က ပါမောက္ခဆယ်လီဘလွန်းဖီးကဆိုပါတယ်။ လူအများအပြားဟာ ပစ္စည်းတွေကိုကိုင်ပြီးပြန်ချတတ်ပါတယ်။ငွေရှင်းဖို့ ပစ္စည်းတင်တဲ့နေရာတွေ၊ ငွေရှင်းကဒ်ပြားတွေ၊ ကားပါကင်လက်မှတ်ထုတ်တဲ့စက်ရဲ့ ခလုတ်တွေ၊ ငွေပေးချေစက်ရဲ့ ခလုတ်တွေနံပါတ်ကွက်တွေ၊ စက္ကူဘောက်ချာတွေ၊ ဒါတွေကို လူအများထိတွေ့ကြပါတယ်။

အဲဒီနေရာတွေကနေ မကူးစက်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။

စျေးမဝယ်ခင်နဲ့စျေးဝယ်အပြီးမှာလက်ကို ရေနဲ့ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာဆေးပါ။ ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့သန့်စင်ဆေးရည် အသုံးပြုဆေးကြောပါ။

။ကိုယ်ထိရမယ့်နေရာတိုင်းမှာပိုးရှိတယ်လို့သဘောထားပါ။ ဆိုလိုတာက စျေးဝယ်ခြင်းတောင်း၊ စျေးဝယ်တွန်းလှည်း၊ ဆိုင်ပေါ်ကပစ္စည်းအထုပ်အပိုးတွေကို ထိတွေ့ကိုင်တွယ်ပြီးနောက်မှာ ကိုယ့်မျက်နှာကိုယ် မကိုင်တွယ်မိအောင် ရှောင်ကြဉ်ပါ။

ဖြစ်နိုင်ရင် ဘဏ်ကတ်ပြားကိုစက်မှာကပ်ပြီး ငွေပေးချေတဲ့နည်းကိုသာသုံးပါ။

အစားအသောက်ကနေကူးနိုင်သလား

အစားအသောက်ကနေ ရောဂါကူးစက်ကြောင်း အထောက်အထားမတွေ့ရသေးပါဘူး။ ကျကျနနချက်ရင် ဗိုင်းရပ်စ်သေပါတယ်။

။ဒါပေမယ့် ရာနှုန်းပြည့်စိတ်ချရတယ်ဆိုတာမျိုးကတော့ မရှိသလောက်ပါလို့ ပါမောက္ခဘလွန်းဖီးကဆိုပါတယ်။ အထူးသဖြင့် ပစ္စည်းတွေကို တယောက်ပြီးတယောက်ကိုင်တွယ်တာဟာ စိတ်ပူစရာအကောင်းဆုံးပါတဲ့။

။ထုပ်ပိုးပစ္စည်းတွေနဲ့ အစားအသောက်တွေက ဘယ်လိုအန္တရာယ်ဖြစ်နိုင်တယ် ဆိုတာကို သက်သေသာဓကနဲ့ သိထားတာမျိုးတော့မရှိသေးပါဘူး။ဒါပေမယ့် စဥ်းစားအကြံပြုထားတာတွေတော့ရှိပါတယ်။

“စည်သွပ်ဗူးတို့၊ ထုပ်ပိုးထားတဲ့ပစ္စည်းတို့ကို မသုံးစွဲခင် ကိုယ့်လက်ထဲမှာ ၇၂ နာရီကြာအောင် သိုလှောင်ထားပါ။ ဒါမှမဟုတ်ထုပ်ပိုးပစ္စည်းက သံဗူးတို့ပလပ်စတစ်တို့နဲ့ ထုပ်ပိုးထားတာဆိုရင် ဆပ်ပြာရေနဲ့ သေသေချာချာဆေးကြောပါ။ဆပ်ပြာရေကိုသတ်မှတ်အညွှန်းအတိုင်းဖျော်စပ်တာဖြစ်ပါစေ” လို့ပါမောက္ခဘလွန်းဖီးကအကြံပေးပါတယ်။

ထုပ်ပိုးမထားတဲ့ လတ်လတ်ဆတ်ဆတ် အစားအသောက်တွေဆိုရင်တော့ တခြားလူတွေ ကိုင်ကောင်းကိုင်ထားမှာဖြစ်တဲ့အတွက် ရေလောင်းချပြီးသေသေချာချာဆေးပါ။ပြီးရင် အခြောက်ခံထားပါလို့ ပါမောက္ခဘလွန်းဖီးကဆိုပါတယ်။

အိမ်တိုင်ရာရောက်မှာယူခြင်း

အိမ်တိုင်ရာရောက်မှာတာက တခြားစျေးဝယ်သူတွေနဲ့ ရင်မဆိုင်ရတော့ အပြင်ထွက်စျေးဝယ်တာထက် အန္တရာယ်ပိုနည်းပါတယ်။ အစားအသောက် အထုပ်အပိုးတွေကို လာရောက်ပို့ဆောင်သူက ကိုင်ထားမှာဆိုတော့ အဲဒီကနေ ကူးနိုင်ခြေတော့ရှိပါသေးတယ်။

ပစ္စည်းလာပို့သူဟာ တံခါးဘဲလ်ကိုနှိပ်ပြီး နောက်ဆုတ်ရပ်ပေးဖို့ တံခါးပေါက်မှာစာရေးထားပါလို့ စားသောက်ကုန်ဘေးကင်းရေးပညာရှင်လည်းဖြစ် ဘလော့ဂါလည်းဖြစ်တဲ့ဒေါက်တာလီဆာ အက္ကာလေက အကြံပေးပါတယ်။ ဒါမှတခြားသူနဲ့ အလှမ်းခွာပြီး ကိုယ့်ပစ္စည်းကိုယ်သိမ်းနိုင်မှာလို့ဆိုပါတယ်။

မျက်နှာပြင်တွေပေါ်မှာ ဗိုင်းရပ်စ်တွယ်နေမှာစိုးရင်တော့ အိမ်သုံးဆပ်ပြာရေနဲ့ ပွတ်သပ်ဆေးကြောရင် ဗိုင်းရပ်စ်ဟာ တမိနစ်အတွင်း အသက်မဲ့သွားနိုင်ပါတယ်လို့ ဝါးဝစ်ဆေးတက္ကသိုလ်က ဒေါက်တာ ဂျိမ်းဂေးလ်က ဆိုပါတယ်။

ဒါဆိုရင် နာမကျန်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် လုပ်အားပေးတွေက စျေးဝယ်ပေးတာတွေကရော ဘယ်လိုပါလဲ။

ဆပ်ဆက်စ် တက္ကသိုလ်က ဗိုင်းရပ်စ်ပညာရှင် ပါမောက္ခ အယ်လီဆန်ဆင်ကလဲ ကတော့ အိမ်တိုင်ရာရောက်မှာကြား ဝယ်ယူတာနဲ့ မိတ်ဆွေတယောက် ဒါမှမဟုတ် လုပ်အားပေးတယောက်က ပစ္စည်းသယ်ယူပေးတာနဲ့ဟာ သိပ်မကွာခြားပါဘူးလို့ဆိုပါတယ်။

တချို့ကျွမ်းကျင်သူတွေက ရောဂန္တရကပ်ဘေးကာလကြီးမှာ ပလပ်စတစ်အိတ်တွေကိုသုံးကြဖို့ အကြံပေးတာလည်း ရှိပါတယ်။

ပါဆယ်ဝယ်တာအန္တရာယ်ကင်းသလား

စားသောက်ဆိုင်အများအပြားဟာ ပါဆယ်ပဲရောင်းချပါတယ်။ ဂုဏ်သိက္ခာရှိတဲ့ စားသောက်ဆိုင်တွေဟာ ပရော်ဖက်ရှင်နယ် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်လို့ယူဆရတဲ့ အတွက် အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ ပါဆယ်ထဲကပစ္စည်းတွေဟာ အန္တရာယ်သိပ်မရှိဘူးလို့ ယူဆရပါတယ်။

ပါဆယ်ထုပ်တဲ့ အထုပ်အပိုးပေါ်မှာ ပိုးရှိနိုင်တဲ့ အန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချဖို့ကတော့ အိမ်ရောက်တာနဲ့ အစားအသောက်ကို သန့်ရှင်းတဲ့ ပန်းကန်ထဲလှယ်ထည့်ပြီးပါဆယ်ထုပ်တဲ့ ဗူး၊ အိတ်ခွံကိုချက်ချင်းစွန့်ပစ် လက်ကို သေသေချာချာဆေးပြီးမှ စားသောက်ပါလို့ ပါမောက္ခ ဘလွန်းဖီးက အကြံပေးပါတယ်။

အစားအသောက်ကို ဗူးထဲအိတ်ထဲကနေ ဇွန်းနဲ့ထုတ်ယူပြီး လက်နဲ့မစားဘဲ၊ ဓားနဲ့ခက်ရင်းနဲ့စားပါလို့လည်း အကြံပေးပါတယ်။

အခုလိုအချိန်မျိုးမှာ အပြင်က မှာစားမယ်ဆိုရင် အေးတဲ့အစာထက် ပူတဲ့အစာ၊ အစိမ်းစားတဲ့အစာထက် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်တဲ့အစာကို မှာယူစားသောက်တာက ပိုကောင်းပါတယ်။ အသင့်ပြင်ထားတဲ့ အစားအသောက်တွေကို ရှောင်ရှားဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပါဘူး။ ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်းပြင်ဆင် ချက်ပြုတ်မယ်ဆိုရင် စားနိုင်ပါတယ်၊ အစားအသောက်ကနေ ကူးစက်နိုင်တဲ့ အန္တရာယ်ဟာ နည်းပါတယ်လို့ စားသောက်ကုန်စံချိန်စံညွှန်းထိန်းသိမ်းရေး အေဂျင်စီက အလေးအနက်ပြောပါတယ်။

သတိအကြီးဆုံးထားပြီး ဂရုတစိုက်ပြင်ဆင်တာ ချက်ပြုတ်တာမျိုးတော့ လုပ်သင့်ပါတယ်။ ဥပမာ အပြင်ကပီဇာမှာစားတာကို တကယ်စိတ်ချသေချာချင်တယ်ဆိုရင်တော့ မိုက်ခရိုဝေ့ဗ်ထဲမှာ ၂ မိနစ်လောက်ပြန်နွှေးပြီးမှ စားတာမျိုးလုပ်ရင် ပိုကောင်းပါတယ်လို့ ပါမောက္ခဘလွန်းဖီးကပြောပါတယ်။