ကပ်ဘေးကြောင့် တလကို ဒေါ်လာ ၁၅ဝ ပေးမယ်နဲ့ ပိုးစစ်တဲ့ပစ္စည်းတွေ သတိထား

ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဘေးဒဏ်ကို အဆိုးဆုံး ရင်ဆိုင်နေရတဲ့ စပိန်နဲ့ အီတလီမှာ ကပ်ဘေးရဲ့ အထွတ်အထိပ်နဲ့ ရင်ဆိုင်နေရပြီလို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ကပ်ဘေးကြောင့် တလကို ဒေါ်လာ ၁၅ဝ ပေးမယ်နဲ့ ပိုးစစ်တဲ့ပစ္စည်းတွေ သတိထား

ဆယ်ရက်အတွင်း လူနာ အရေအတွက် သိသိသာသာ ကျဆင်း သွားနိုင်တယ်လို့လည်း အီတလီ ဒုတိယကျန်းမာရေး ဝန်ကြီး ပြူပယ်လို ဆလဲရီးက ဘီဘီစီကို ပြောပါတယ်။

ပိုးစစ်ဆေးမှုတွေ ပိုလုပ်လာတဲ့အတွက် လူနာတွေ ပိုတွေ့လာပြီး ရောဂါအဆိုးဆုံး အနေအထားကိုလည်း ရောက်နေတယ်လို့ မစ္စတာ ဆလဲရီးက ပြောကြားခဲ့ပါတယ်။

အီတလီမှာ ဗိုင်းရပ်ကြောင့် သေဆုံးသူက တသောင်းကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

စပိန်မှာတော့ တရက်တည်းမှာ ၈၃၈ ယောက် သေဆုံးပြီး လူသေမှု စံချိန်ချိုးခဲ့ပြန်ပါတယ်။

ဒါပေမဲ့ လူနာအသစ်တွေ့ရှိမှုကတော့ အရင်နေ့တွေကထက် ပိုပြီး နည်းလာတဲ့အတွက် ထိပ်ဆုံးကို ရောက်နေပြီလို့ ကျန်းမာရေး အရာရှိတွေက ဆိုပါတယ်။

တောင်ကိုရီးယား လာသူတိုင်း နှစ်ပတ်သီးသန့်ထားမယ်

အာရှတိုက်ကို ကိုရိုနာဗိုင်းရပ်စ်လှိုင်း တကျော့ပြန်လာမှာကို စိုးရိမ်နေကြချိန်မှာပဲ နိုင်ငံတွင်း ဝင်လာသူတွေအပေါ် တင်းကျပ်မှုတွေ ချမှတ်ရာမှာ တောင်ကိုရီးယားက နောက်ဆုံး အာရှနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့စကပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်တဲ့သူတိုင်းကို နှစ်ပတ် သီးသန့်ခွဲထားမှာ ဖြစ်ပြီး ဒါကို မလိုက်နာရင် ဒဏ်ငွေ ဆောင်ရဖို့လည်း ရှိပါတယ်။

တောင်ကိုရီးယားကို ဗိုင်းရပ်ပိုး စကူးစက်ချိန်တုန်းကတော့ ကျယ်ကျယ်ပြန်ပြန့် ဆေးစစ်မှုတွေ လုပ်ပြီး ကပ်ရောဂါကို ထိန်းချုပ်ရာမှာ အောင်မြင်ခဲ့ပေမယ့် အခုချိန်မှာတော့ နေ့စဉ် တိုးနေတဲ့ လူနာသစ် အားလုံးရဲ့ ထက်ဝက်ကျော်က ပြည်ပက လာတဲ့သူတွေ ဖြစ်တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ဆိုပါတယ်။

ကပ်ရောဂါ စတွေ့ခဲ့တဲ့ တရုတ် ပြည်မှာတော့ ဒီလို ထပ်ဖြစ်မှာစိုးလို့ နိုင်ငံခြားသား အများစုကို ပြည်တွင်း အဝင်မခံဘဲ တားမြစ်ထားပါတယ်။

အိန္ဒိယက ဖရိုဖရဲအတွက် တောင်းပန်

အိန္ဒိယမှာ ဗိုင်းရပ်စ်ကြောင့် နိုင်ငံကို ပိတ်ပစ်ခဲ့တဲ့အတွက် သန်းနဲ့ချီတဲ့ လူဆင်းရဲတွေ ထိခိုက်နစ်နာခဲ့တယ်ဆိုပြီး ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီက သူ့ကို ခွင့်လွှတ်ဖို့ နိုင်ငံကို ပန်ကြားခဲ့ပါတယ်။

အိမ်တွေကနေ မထွက်ခိုင်းဘဲ ပိတ်ထားခဲ့တဲ့အတွက် အများအပြားက ဒေါသထွက်ကြမှာ ဖြစ်ပေမယ့် ဗိုင်းရပ်ကို စစ်ခင်းရာမှာ တခြားနည်းမရှိဘူးလို့လည်း မစ္စတာ မိုဒီက ပြောပါတယ်။

ဒီလို သုံးပတ် ပိတ်ပစ်ခဲ့တဲ့အတွက် ထိခိုက်ခဲ့မှုကို တောင်းပန်ပေမယ့် အိန္ဒိယ နိုင်ငံမှာ သေရေး ရှင်ရေး အခြေအနေနဲ့ ရင်ဆိုင်နေရတယ် ဆိုပြီး သူ့ရဲ့ အပတ်စဉ် ရေဒီယို မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လေးနာရီပဲ အချိန်ပေးပြီး နိုင်ငံကို ပိတ်ခဲ့တာအပြင် ကြိုတင် စီစဉ်ထားတာတွေ မရှိခဲ့ဘူးဆိုပြီး ဝေဖန်မှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

ဒီလိုပိတ်ခဲ့လို့ ၁.၃ ဘီလျံ ရှိတဲ့ အိန္ဒိယလူဦးရေမှာ အများအပြား အလုပ်လက်မဲ့ဖြစ်ပြီး အငတ်ဘေးနဲ့ ကြုံတွေ့ခဲ့ပါတယ်။

မြို့တွေပေါ်က သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို မိုင်ရာချီ လျှောက်ပြီး ရွာပြန်ခိုင်းခဲ့တာတွေ လည်း ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းမှာ ဒေါ်လာ ၁၅ဝ ကူမယ်

ထိုင်းနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကပ်ဘေး ကျရောက်လာရင် နိုင်ငံသားတချို့ကို ငွေ ထုတ်ပေးနိုင်အောင် မှတ်ပုံတင်တဲ့ ဝက်ဆိုက်ကို လူ သန်း ၂ဝ ဝင်ကြည့်တဲ့အတွက် ဝင်မရ ဖြစ်နေတယ်လို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။

ဒီဝက်ဆိုက်က တချိန်မှာ လူ နှစ်သန်းပဲ ဝင်ကြည့်နိုင်အောင် စီစဉ်ထားတဲ့ ဝက်ဆိုက် ဖြစ်ပါတယ်။

ကပ်ဘေးကြောင့် စီးပွားရေး ထိခိုက်သူတွေကို တလကို ဒေါ်လာ ၁၅ဝ ပေးမယ်လို့ ထိုင်းအစိုးရက ကတိပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ထောက်ပံ့ကြေးအတွက် မှတ်ပုံတင်ဖို့ တန်းစီရင်း ဘဏ်တွေမှာ လူအုပ်ကြီးတွေ ဖြစ်လာမှာ စိုးတဲ့အတွက် ထိုင်းအစိုးရ ဘဏ်ခွဲအားလုံးကို ဒီသီတင်းပတ်ကုန်မှာ ပိတ်ပစ်ဖို့လည်း ထိုင်း အာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနဲ့ အင်တာနက်က ဗိုင်းရပ်စ်စစ်တဲ့ပစ္စည်း

ကမ္ဘောဒီးယား နိုင်ငံမှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို စစ်နိုင်တယ်ဆိုတဲ့ ဆေးပစ္စည်းတွေကို အင်တာနက်က ဝယ်တာတွေ မလုပ်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို သတိပေးနေပါတယ်။

ဒီလို ဆေးစစ်တဲ့ပစ္စည်းတွေက ရလဒ် မမှန်တတ်လို့ မယုံကြည်ရဘူးလို့လည်း ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒီလို အိမ်မှာ ဗိုင်းရပ်စ်ကို အမြန်စစ်တဲ့ပစ္စည်းတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထောက်ခံချက် မပေးသေးဘူးလို့လည်း ကမ္ဘောဒီးယား အစိုးရ အရာရှိတွေက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ် ၁၉ ဗိုင်းရပ်ကူးစက်သူ ၁ဝ၃ ယောက်ပဲ အတည်ပြု ထားပေမယ့် နောက်ထပ် စစ်ဆေးမှုတွေ လုပ်ပြီးရင် လူနာ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်ပစ္စည်း

တရုတ်အစိုးရက ဖိလစ်ပိုင်ကို ထောင်နဲ့ချီတဲ့ ဗိုင်းရပ်စ်ပိုး စစ်တဲ့ ပစ္စည်းအစုတ် တွေကို လှူတယ်ဆိုပြီး ပြောကြားခဲ့တာကို ဖိလစ်ပိုင် ကျန်းမာရေး အရာရှိတွေက ပြန်ရုပ်သိမ်းခဲ့ပါတယ်။

တရုတ်အစိုးရပေးတဲ့ ပစ္စည်းတွေက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ စံတွေနဲ့ ကိုက်ညီပြီး ပုဂ္ဂလိက ဖောင်ဒေးရှင်းအဖွဲ့တခုက ပေးတဲ့ ပစ္စည်းတွေကသာ မကောင်းတာ ဆိုပြီး ဖိလစ်ပိုင် ကျန်းမာရေး ဝန်ကြီးဌာနက ပြင်ဆင် ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ဗိုင်းရပ်စ်ပိုး စစ်တဲ့ ပစ္စည်းတွေနဲ့ ကာကွယ်ရေး ဝတ်စုံတွေ အကြီးအကျယ် ပြတ်တောက်နေတယ်လို့လည်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ ဗိုင်းရပ်ကူးစက်ခံရသူ ၁၄ဝဝ ကျော် ရှိတဲ့အနက် ဆရာဝန် ၁၂ ယောက် အပါအဝင် လူ ၇၁ ယောက် သေဆုံးတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။