ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီတလီမှာ ထောင်တွင်း ဧည့်လက်မခံတဲ့ အပေါ် မကျေနပ်လို့ ဆန္ဒပြရာက ထောင်ဆူ
အီတလီမှာ ကိုဗစ်နိုင်တင်း လို့ခေါ်တဲ့ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု အဆိုးရွားဆုံး ဒေသဖြစ်တဲ့ လွန်ဘာဒီ အရပ်မှာ တရက်အတွင်း သေဆုံး ၁၀၀ ကျော်ရှိသွားခဲ့ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဒီရောဂါပိုးကြောင့် သေဆုံးသူ အခုအခါ ၃၆၆ ယောက် ရှိပြီ ဖြစ်ပါတယ်။
အခုလိုနှုန်းအတိုင်း ဆက်ပြီး ကူးစက်ပျံ့နှံ့နေမယ် ဆိုရင် အရေးပေါ်ဌာနမှာ လူနာထားဖို့ အိပ်ယာ နေရာတွေတောင် မရှိတော့ဘူးလို့ လွန်ဘာဒီ ဒေသတွင်း ရောဂါ ထိန်းချုပ်ရေး အရေးပေါ် လူနာ ဌာနကို တာဝန်ယူထားတဲ့ ပရော်ဖက်ဆာ ဂီယာကိုမို ဂရာဆီလီ က ပြောပါတယ်။
တချိန်တည်းမှာ ထောင်တွင်းဧည့်သည် လက်ခံတွေ့ဆုံမှုတွေကို တားမြစ်ခဲ့တာကြောင့် နိုင်ငံတလွှား အကျဉ်းထောင် လေးခုလောက်မှာ ထောင်ဆူမှုတွေ ဖြစ်ခဲ့ပါတယ်။
နေပယ်မြို့ ပေါ်ဂျီယို ရီလေး အကျဉ်းထောင် အပြင်ဘက်မှာ အကျဉ်းသား ဆွေမျိုး မိသားစုတွေက ထောင်တွင်း ဧည့်လက်မခံတဲ့ အပေါ် အော်ဟစ် ဆန္ဒပြခဲ့ ကြပါတယ်။
မိုဒေနာ အရပ်က ထောင်ဆူမှုမှာတော့ ထောင်အရာရှိ နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရောမ မြို့နားက ထောင်ဆူမှုမှာတော့ အကျဉ်းသားတွေက အထဲကို ဘယ်သူမှ မဝင်နိုင်အောင် တားဆီးပိတ်ဆို့ခဲ့တာကြောင့် ရဲ ကို လှမ်းခေါ် အကူအညီ တောင်းခံခဲ့ရပါတယ်။
နိုင်ငံမြောက်ပိုင်းမှာ ဒီရောဂါ ကူးစက်မှု ထိန်းချုပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် တားမြစ်မှုတွေ လုပ်လာနေပြီး အီတလီအစိုးရဟာ ဗိုင်းရပ်စ် ပြန့်နှံ့မှု ရပ်သွားစေဖို့ အတွက် ခွဲခန်းသုံး မျက်နှာဖုံးစွပ် ၂၂ သန်း မှာယူခဲ့ပါတယ်။
ပေါ်တူဂီမှာ သမ္မတ မာဆယ်လို ရီဘယ်လို ဒီဆော်ဆာ ဟာ ကျန်းမာရေး အခြေအနေကြောင့် ကိုရိုနာ ဗိုင်းရပ်စ် ကြိုတင် ကာကွယ်တဲ့အနေနဲ့ လို့ဆိုပြီး သူ့ရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို သီတင်း နှစ်ပတ်ကြာ ရပ်ဆိုင်းထားလိုက်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျောင်းသား ကလေးငယ် စု သမ္မတ နန်းတော်ကို လာရောက် ည်ပတ်ခဲ့ပြီး သူတို့ကျောင်းက တခြားကလေးတယောက် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဆေးရုံ ပို့လိုက်ရပြီးနောက်မှာ သမ္မတ က အိမ်ကနေ လှမ်းကြီးကြပ် အုပ်ချုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာ သမ္မတ ဆီမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်တဲ့ လက္ခဏာတွေ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
သမ္မတ ဒီဆော်ဆာ အနေနဲ့ လာမယ့် ရက်ပိုင်းတွေ အတွင်း တက်ရောက်ရမယ့် အခမ်းအနားတွေဟာ လူအများအပြားနဲ့ ထိတွေ့ ဆက်ဆံရမယ့် အစီအစဉ်တွေ ပါဝင်တာ ဖြစ်ပါတယ်။
ပြင်သစ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကာကွယ်ဖို့ အတွက် လူတထောင်ထက်ပိုပြီး စုဝေးမှုတွေကို တားမြစ်လိုက်ပါတယ်။
အယ်လီးဇေ နန်းတော်မှာ ကာကွယ်ရေး ကောင်စီနဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ကျန်းမာရေး ဝန်ကြီး အိုလီဗာ ဗေရွန်း က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
တိုင်းပြည်အတွက် အကျိုးရှိစေမယ်လို့ ယူဆရတဲ့ အခမ်းအနားစာရင်းကို သက်ဆိုင်ရာ အရာရှိတွေက ထုတ်ပြန်လိမ့်မယ်လို့ သူက ဆိုပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပြင်သစ်မှာ သေဆုံးသူ ၁၉ ယောက်ထိ ရှိသွားပါပြီ။
တကယ်တော့ လာမယ့် ဧပြီလလယ် အထိ ၊ လူငါးထောင်ထက်ကျော်ပြီး လူစုလူဝေး မလုပ်ရဘူးလို့ အစောပိုင်းတုန်းက ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု အနောက်ဖက် ကမ်းရိုးတန်းက အော်ရီဂွန် ပြည်နယ်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် အခုနောက်ဆုံး အရေးပေါ် အခြေအနေ ကြေညာရတဲ့ ပြည်နယ် ဖြစ်လာပါပြီ။
ဒီကြေညာချက်ကို ရက်ပေါင်း ခြောက်ဆယ် ချမှတ်ထားမှာ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက ပြောပါတယ်။
အော်ရီဂွန် ပြည်နယ်မှာ ရောဂါပိုး တွေ့ရသူ ၁၄ ယောက် ရှိသွားပါပြီ။
ဗိုင်းရပ် ပြန့်နှံ့မှု ထိန်းချုပ်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတွေကို ချမှတ်ဖို့ စဉ်းစားနေပြီလို့ အော်ရီဂွန် အနီးက ဝါရှင်တန် ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဂျေး အင်စလီ က အစောပိုင်းတုန်းက ပြောပါတယ်။
အဲဒီအထဲမှာ လူစုလူဝေး အခမ်းအနားတွေ ဖျက်သိမ်းဖို့ ၊ ရုံး အလုပ်ဌာနတွေမှာ စားပွဲခုံတွေ ကပ်မထားဖို့ နဲ့ လက်ဆွဲ နှုတ်ဆက်တာတွေ ရှောင်ဖို့ ကိစ္စတွေ ပါဝင်ပါတယ်။
သမ္မတ ထရမ့်ကတော့ ဗဟို အစိုးရဟာ ကိုရိုနာ ဗိုင်းရပ် ဖြစ်ပွားမှုကို အပြည့်အဝ ပူးပေါင်း ကိုင်တွယ် နေပြီး သတင်းမီဒီယာတွေဟာ သူ့အစိုးရအပေါ် အမြင်မှားအောင် ကြိုးစား လုပ်ဆောင်နေတယ်လို့ သူက ပြစ်တင် ပြောဆိုခဲ့ပါတယ်။
ဆော်ဒီ အာရေဗျမှာ နောက်ထပ် ကြေညာချက် မထုတ်မချင်း နိုင်ငံတလွှား ကျောင်းတွေ တက္ကသိုလ်တွေ ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။
အစောပိုင်းတုန်းကလည်း နိုင်ငံ အရှေ့ပိုင်းက ရေနံထုတ်ရာ ကွာတစ်ဖ် ပြည်နယ်မှာ အုပ်ချုပ်ရေး အရာရှိတွေက ဘယ်သူ့ကို ၀င်ထွက်ခွင့် မပြုဘဲ ပိတ်ထားခဲ့ပါတယ်။
ဒါ့အပြင် အစိုးရ ဌာနတွေနဲ့ စီးပွားရေး လုပ်ငန်းတွေမှာလည်း မဖြစ်မနေ ပေးရမယ့် ဝန်ဆောင်မှု လုပ်ငန်းတွေက လွဲလို့ ကျန်တဲ့ ရုံးဌာနတွေကို ရပ်ဆိုင်းထားပါတယ်။
ကွာတစ်ဖ် ပြည်နယ်က ကိုရိုနာ ကူးစက်ခံရသူတွေဟာ အီရန်က လာသူတွေ ဒါမှမဟုတ် အီရန်မှာ ရှိသူတွေနဲ့ ဆက်သွယ် ထိတွေ့မှု ရှိခဲ့သူတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အီရန် နိုင်ငံ ကိုယ်တိုင်လည်း သူတို့ရဲ့ လေကြောင်းလိုင်းရဲ့ ဥရောပသွား ခရီးစဉ်တွေကို ရပ်ထားပြီး ဥရောပ နိုင်ငံ တချို့ကလည်း အီရန် လေကြောင်းလိုင်းရဲ့ အဝင်ခရီးစဉ်တွေကို တားမြစ်ထားပါတယ်။
အီရန်မှာ တရားဝင် ထုတ်ပြန်ချက်တွေ အရ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၂၀၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။
မြန်မာအစိုးရထုတ်ပြန်ချက်အရ မတ်လ ၈ ရက်နေ့အထိ ဆရာဝန်တစ်ဦးအပါအဝင် စောင့်ကြည့်လူနာ ၆ ဦး ထပ်တိုးလာပြီး သံသယလူနာ ၂ ဦးအပါအဝင် စောင့်ကြည့်လူနာ စုစုပေါင်း ၇၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။