ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆော်ဒီမှာ အိမ်ရှေ့မင်းသားက ထိပ်တန်း တော်ဝင်မိသားစုဝင် သုံးဦးကို ဖမ်းဆီးလိုက်
ဆော်ဒီဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ် အယ်လ် ဆာအု ရဲ့ ညီအကိုတော်စပ်သူ အပါအဝင် ထိပ်တန်း ဆော်ဒီ တော်ဝင်မိသားစုဝင် သုံးဦးဟာ အကြောင်းပြချက် ထုတ်ပြန်ခြင်း မရှိပဲ အဖမ်းခံလိုက်ရပါတယ်။
အဲဒီ သုံးဦးထဲက နှစ်ဦးဟာ ဆော်ဒီမှာ အရှိန်အဝါ အကြီးဆုံးလူတွေထဲမှာ ပါဝင်ပါတယ်။
အခုလို ဖမ်းဆီးမှုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်က သူရဲ့ အာဏာတည်မြဲအောင် လုပ်ဆောင်မှု ဖြစ်တယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။
၂၀၁၇ ခုနှစ်တုန်းကလည်း ဒါဇင်နဲ့ ချီတဲ့ ဆော်ဒီ တော်ဝင်မိသားစုဝင်တွေ၊ အစိုးရဝန်ကြီးတွေနဲ့ စီးပွားရေးသမားတွေကို ဆော်ဒီမြို့တော် ရီယက်ဒ်မှာရှိတဲ့ ရစ်ဇ်-ကာလ်တန် ဟိုတယ်မှာ ဆော်ဒီအိမ်ရှေ့မင်းသား အမိန့်နဲ့ ဖမ်းဆီးခဲ့ဖူးပါတယ်။
လူအများအတွက် အငြင်းပွားစရာတွေ ဖြစ်စေတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ မိုဟာမက် ဘင်ဆယ်လ်မန်ကို သူ့ရဲ့ ဖခင် ဆော်ဒီဘုရင်က ၂၀၁၆ ခုနှစ်မှာ အိမ်ရှေ့မင်းသားအဖြစ် ကြေညာခဲ့ပြီးနောက် လက်တွေ့မှာ ဆော်ဒီအာရေဗျ နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် အများက သတ်မှတ်လာကြတာ ဖြစ်ပါတယ်။
အခု လတ်တလော ဆော်ဒီ တော်ဝင်မိသားစုဝင်တွေ ဖမ်းဆီးခံရမှုကို ဝေါလ်စရိ ဂျာနယ်က ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပြီး မတ်လ ၆ ရက်နေ့ အစောပိုင်းမှာ ဖမ်းခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေကတော့ ဆော်ဒီ အိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင်နာယက်ဖ်၊ ဆော်ဒီဘုရင်ရဲ့ ညီငယ် ဖြစ်သူ မင်းသား အာမက် ဘင် အဒူလာဇစ်နဲ့ လက်ရှိ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်နဲ့ ညီအစ်ကို တစ်ဝမ်းကွဲ တော်စပ်သူ ဆော်ဒီမင်းသား မိုဟာမက် နာဝက်ဖ် ဘင် နာယက်ဖ် တို့ ဖြစ်ပါတယ်။
မိုဟာမက် ဘင် နာယက်ဖ်ဟာ ပြည်ထဲရေးဝန်ကြီးဟောင်းဖြစ်ပြီး ၂၀၁၇ အဖမ်းခံရမှုမှာ ပါဝင်မှုနဲ့အတူ ရာထူးကထုတ်ကာ နေအိမ်အကျယ်ချုပ် ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။
သူ ဝန်ကြီးအဖြစ် ထမ်းဆောင်စဉ်ကာလမှာ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေရဲ့ ယုံကြည်စိတ်ချမှု ခံရသူ ဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ် ဆော်ဒီမင်းသား အာမက် ဘင် အဗ္ဗဒူလာဇစ်ဟာ ဆော်ဒီဘုရင်နဲ့ ညီအစ်ကိုအရင်း တော်သူတွေထဲက နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်ပါတယ်။
သူဟာ ၂၀၁၈ ခုနှစ်က လန်ဒန်မြို့မှာ ဆော်ဒီတော်ဝင်မိသားစုကို ဆန္ဒပြသူနေသူ တချို့ကို တုံ့ပြန်ရာမှာ ဆော်ဒီအိမ်ရှေ့မင်းသားကို ဝေဖန်တဲ့ မှတ်ချက်တွေ ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ သူပြောတာကို နားလည်မှု လွဲကြတာလို့ ပြောဆိုခဲ့ပါတယ်။
ဆော်ဒီမင်းသား မိုဟာမက် ဘင် နာယက်ဖ်နဲ့ အာမက် ဘင် အဗ္ဗဒူလာဇစ်တို့ဟာ လက်ရှိ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်သူတွေ ဖြစ်တယ်လို့ အများက ယူဆထားကြပါတယ်။
အခုလို အဖမ်းခံရသူတွေရဲ့ နေအိမ်တွေကို ရောက်ရှိလာတဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ အနက်ရောင်ဝတ်စုံနဲ့ မျက်နှာဖုံးတွေကိုပါ ဝတ်ဆင်ထားကြပြီး အိမ်တွင်းရှာဖွေမှုတွေလည်း လုပ်ခဲ့ကြတယ်လို့ ဝေါလ်စရိ ဂျာနယ်က ပြောပါတယ်။
လုံခြုံရေး ကဏ္ဍ ဘီဘီစီ သတင်းထောက် ဖရန့်ဂါ့ဒ်နာရဲ့ သုံးသပ်ချက်
အခုလို ဆော်ဒီတော်ဝင် မိသားစုဝင်တွေကို ဖမ်းဆီးမှုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ရဲ့ လက်ရှိ အာဏာ ခိုင်မာဖို့အတွက် အရေးပါတဲ့ လှုပ်ရှားမှုတခု ဖြစ်ပါတယ်။
အဖမ်းခံရတဲ့အထဲမှာ ပါဝင်တဲ့ ဆော်ဒီမင်းသား အာမက် ဘင် အဗ္ဗဒူလာဇစ်ဟာ ဆော်ဒီနိုင်ငံထူထောင်တဲ့ ဘုရင် အဗ္ဗဒူလာဇစ်ရဲ့ နောက်ဆုံး အသက်ကျန်ရစ်တဲ့ သားတွေထဲက တစ်ယောက်ဖြစ်ပြီး သက်ကြီးပိုင်း ဆော်ဒီ တော်ဝင် မိသားစုဝင်တွေရဲ့ လေးစားမှုကို ခံရသူလည်း ဖြစ်ပါတယ်။
နောက်ထပ် အရှိန်အဝါကြီးတဲ့ ဆော်ဒီမင်းသားဖြစ်တဲ့ မိုဟာမက် ဘင် နာယက်ဖ် ဟာလည်း အိမ်ရှေ့မင်းသားအဖြစ် သတ်မှတ်ခံထားရပြီးမှ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရုတ်တရက် ဖယ်ရှားခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ၂၀ဝ၀ ပြည့်နှစ်လွန်ကာလတွေက ဆော်ဒီမှာ အားကောင်းခဲ့တဲ့ အယ်လ်ကိုင်ဒါအုပ်စုရဲ့ ပုန်ကန်မှုတွေကို နှိမ်နင်းနိုင်သူအဖြစ် သူ ဆော်ဒီပြည်ထဲရေးဝန်ကြီး ဖြစ်စဉ်က အသိအမှတ်ပြု ခံရသူလည်း ဖြစ်ပါတယ်။
အခုလို သူတို့ အဖမ်းခံရတဲ့ သတင်း အမေရိကန် သတင်းဌာနတွေမှာ ဖော်ပြလာတာကို ဆော်ဒီအစိုးရဘက်က ချက်ချင်း တရားဝင် အတည်ပြုတာ ဒါမှမဟုတ် ငြင်းဆိုတာတွေတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဆော်ဒီ တော်ဝင်မိသားစုတွေရဲ့ အရေးကိစ္စ မှန်သမျှဟာ လျှို့ဝှက် ဖုံးအုပ်ထားလေ့ရှိတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။
လူအများအတွက် အငြင်းပွားစရာတွေ ဖြစ်စေတဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်
ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ဟာ ၂၀၁၆ ခုနှစ်မှာ နက်နက်ရှိုင်းရှိုင်း ရှေးရိုးစွဲဆန်တဲ့ ဆော်ဒီနိုင်ငံမှာ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်လို့ ကတိပေးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာမှာ ချီးကျူးခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ နောက်ပိုင်းမှာ ၂၀၁၈ ခုနှစ် တူရကီက ဆော်ဒီသံရုံးအတွင်း ဆော်ဒီ သတင်းသမား ဂျမဲ ခါရှော့ဂျီ အသတ်ခံရမှု အပါအဝင် အရှုပ်တော်ပုံတွေ တခုပြီးတခုနဲ့ ထဲထဲဝင်ဝင် ပတ်သက်လာခဲ့ပါတယ်။
ဒါ့အပြင် ယီမင်မှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တဲ့ ပဋိပက္ခတွေအတွင်း အစိုးရထောက်ခံတဲ့ဘက်ကို ဆော်ဒီက ထောက်ပံ့ တိုက်ခိုက်ပေးနေတဲ့ ကိစ္စတွေမှာလည်း သူ့ကို ဝေဖန်မှုတွေ ရှိနေပါတယ်။
မိုဟာမက် ဘင် ဆယ်လ်မန်ဟာ အမျိုးသမီးတွေကို ကားမောင်းခွင့် ကန့်သတ်မှုတွေ လျှော့ပေးခဲ့ပေမဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကိုတော့ ပြင်းပြင်းထန်ထန် နှိမ်နင်းတယ် ဆိုပြီးတော့လည်း ဝေဖန်ခံ နေရသူ ဖြစ်ပါတယ်။