ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အပျော်စီးသင်္ဘောပေါ်ကနေ ထွက်ခွာခွင့်ပြုခဲ့တဲ့ ခရီးသည်တွေဆီမှာ ဗိုင်းရပ်စ်ပိုးတွေ ပါလာနိုင်တယ်လို့ ယူဆ
ခရီးသည်တွေနဲ့ သင်္ဘောအမှုထမ်း အနည်းဆုံး ၅၄၀ လောက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားခဲ့တဲ့ အပျော်စီး သင်္ဘောတစ်စင်းပေါ်မှာ ရောဂါ စောင့်ကြည့်စစ်ဆေးပုံနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ ဂျပန် ဆရာဝန်တစ်ဦးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိဘူးလို့ စမ်းသပ်တွေ့ခဲ့ပြီးသူ ရာနဲ့ချီပြီး အဲဒီ Diamond Princess သင်္ဘောပေါ်ကနေ ဗုဒ္ဓဟူးနေ့က စထွက်ခွာခဲ့ကြတာပါ။
ကိုဘေး တက္ကသိုလ်ဆေးရုံက ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ကန်တာရို အိုင်ဝါတာ ဟာ အဲဒီသင်္ဘောကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သူ ဖြစ်ပါတယ်။
ဂျပန်အစိုးရ လုပ်ဆောင်တဲ့ ရောဂါစောင့်ကြည့်စစ်ဆေးပုံ လုပ်ထုံးလုပ်နည်းတွေနဲ့ လူတွေကို သီးသန့် ခွဲခြားထားပုံတွေအရ အဲဒီခရီးသည်တွေမှာ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း အသေအချာ မပြောနိုင်ဘူးလို့ ဒေါက်တာ ကန်တာရို က ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားပါတယ်။
"ဇုန်အနီလို့ ခေါ်တဲ့ မသန့်စင်တဲ့ဇုန်နဲ့ ဇုန်အစိမ်းလို့ ခေါ်တဲ့ သန့်စင်တဲ့ ဇုန်နှစ်ခု ရောထားတာကို တွေ့ခဲ့ရလို့ အကြီးအကျယ် အံ့အားသင့်ခဲ့ရတယ်" လို့ ဒေါက်တာ ကန်တာရို က ဘီဘီစီ သတင်းထောက် ရူပါ့တ် ဝင်းဖီးလ် ဟေးစ်ကို ပြောခဲ့ပါတယ်။ ကျန်းမာရေးအန္တရာယ် မရှိ အဲဒီ ဆက်သွယ်မေးမြန်းခန်းကို ဗီဒီယိုကနေ တဆင့် လုပ်ခဲ့ပါတယ်။
"ဗိုင်းရပ်စ်ပိုး မရှိတဲ့ နေရာနဲ့ ဗိုင်းရပ်စ်ပိုး ရှိကောင်းရှိနိုင်တဲ့ နေရာ နှစ်ခုကို အသေအချာ ခွဲထားသင့်ပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ကူးစက်ရောဂါပိုး မပြန့်ပွားအောင် ထိန်းချုပ်ရာမှာ ဒါက ပထမဆုံး လုပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်"
"ကျွန်တော်အတော်လေးကို ထိတ်လန့်သွားခဲ့ရတယ်၊ လာမယ့် တစ်ရက်နှစ်ရက်အတွင်း ရောဂါ ဖြစ်လာမှာကို ခုထိ ကြောက်နေတုန်းပဲ" လို့ သူက ပြောပါတယ်။
အီဘိုလာရောဂါ ဖြစ်ခဲ့တုန်းက ပိုလုံခြုံတယ်လို့ ခံစားမိ
လာမယ့် ရက်အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွားလာနိုင်မယ့် အလားအလာအပေါ် စိုးရိမ်မိတယ်လို့ ပါမောက္ခ ကန်တာရို အိုင်ဝါတာ က ပြောပါတယ်။ အီဘိုလာရောဂါ ဖြစ်ပွားခဲ့ချိန်တုန်းက အာဖရိကဒေသမှာ အလုပ်လုပ်ခဲ့တုန်းက အကာအကွယ် ပိုကောင်းကောင်း ရခဲ့တယ်လို့ ခံစားမိကြောင်းကိုလည်း သူက ဖြည့်စွက်ပြောသွားပါတယ်။
"အာဖရိကဒေသမှာတုန်းက ပိုလုံခြုံတယ်လို့ ခံစားခဲ့ရတယ်။ ကိုယ်နေတဲ့ နေရာက ဗိုင်းရပ်စ်ပိုး မရှိတဲ့ နေရာမှာ ဖြစ်ပြီး လူနာတွေကို ထားတဲ့ နေရာက သတ်သတ်မှာ ဆိုတာ သိနေလို့ပါ။ ဇုန်အနီနဲ့ ဇုန်အစိမ်း အကြား အကွာကြီးကွာတာ ဆိုတော့လေ"
"အီဘိုလာရောဂါ တိုက်ဖျက်တုန်းက ပိုသတိထားခဲ့ရပေမဲ့ ကိုယ်တိုက်ဖျက်ဖို့ လုပ်နေတာက ဘာလဲ၊ ကိုယ်ဘယ်မှာ တိမ်းရှောင်နေရသလဲဆိုတာကို သိနေခဲ့တယ်။ ဒါပေမဲ့ ဒီ Diamond Princess သင်္ဘောကြီးပေါ်မှာတုန်းကတော့ ဗိုင်းရပ်စ်ပိုးက ဘယ်နေရာမှာ ရှိနေသလဲဆိုတာ လုံးဝ မသိခဲ့ဘူး"
အခုနောက်ဆုံး စာရင်းဇယားအရ Diamond Princess သင်္ဘောပေါ်က ခရီးသည်နဲ့ အမှုထမ်း ၆၂၀ ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။ ဒီအရေအတွက်ဟာ တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အများဆုံး အရေအတွက် ဖြစ်ပါတယ်။
အဲဒီ Diamond Princess အပျော်စီး သင်္ဘောကြီးဟာ စုစုပေါင်း လူ ၃၇၀၀ ကို တင်ဆောင်လာတာပါ။
ဂျပန်အစိုးရရဲ့ လုပ်ဆောင်မှု ဝေဖန်ခံနေရ
ဂျပန်အာဏာပိုင်တွေကတော့ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ပိုး ဖြစ်ပွားမှုအပေါ် သူတို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုက သင့်လျော်တဲ့ ဆောင်ရွက်မှု ဖြစ်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
သင်္ဘောပေါ်က အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို အမေရိကန်အစိုးရက လေယာဉ်နဲ့ ဌာနေ ပြန်ခေါ်လာခဲ့ပြီး ဖြစ်ပါတယ်။
ရောဂါပိုး ကူးစက်ခံထားရမှုရှိမရှိ စောင့်ကြည့်စစ်ဆေးဖို့ အဲဒီလူတွေကို ၁၄ ရက်ကြာ သီးသန့်ခွဲထားပြီးမှ လူအများအကြား ရောနှော ထိတွေ့ခွင့် ပြုဖို့ ရှိပါတယ်။
သြစတြေးလျနိုင်ငံကလည်း သင်္ဘောပေါ်က သူတို့ရဲ့ နိုင်ငံသားတွေကို ပြန်ကယ်ထုတ်လာခဲ့ပြီး ဖြစ်ပြီး အလားတူ ၁၄ ရက်ကြာ စောင့်ကြည့် စစ်ဆေးမှာပါ။ တောင်ကိုရီးယား၊ ကနေဒါ၊ အစ္စရေး၊ ဟောင်ကောင်တို့ကလည်း သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ယူဖို့ စီစဉ်နေကြပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှု နှေးကွေးသွားအောင် ဂျပန်အစိုးရက လုပ်ဆောင်ခဲ့မှုဟာ သင်္ဘောပေါ်က လူတစ်ဦးနဲ့ တဦးအကြား ရောဂါပိုး ကူးစက်မှုကို တားဆီးရာမှာ လုံလောက်မှု ရှိပုံ မရဘူးလို့ CDC အမေရိကန် ရောဂါပိုး ထိန်းချုပ်ကာကွယ်ရေး ဌာနက ပြောပါတယ်။
ရောဂါပိုး မရှိဘူးလို့ စမ်းသပ် တွေ့ခဲ့သူ ခရီးသည်တွေနဲ့ ရောဂါ လက္ခဏာ မပြသူ ခရီးသည်တွေကိုသာ သင်္ဘောပေါ်ကနေ ဆင်းခွင့်ပြုတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပါမောက္ခ ကန်တာရို အိုင်ဝါတာ ကတော့ အဲဒီခရီးသည်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ဗိုင်းရပ်စ်ပိုး ကူးခံခဲ့ရသလား ဆိုတာကို လုံးဝ မသိကြတာကြောင့် သူ့အနေနဲ့ အတော်လေး စိုးရိမ်မိတယ်လို့ ပြောပါတယ်။
"တကယ်လို့ မနေ့က ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတယ် ဆိုရင် ၁၄ ရက်လောက် သီးသန့် ခွဲနေသင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလို လုပ်ရမှာပါ" လို့ သူက ပြောပါတယ်။
ဒါ့အပြင် ခရီးသည်တွေမှာ ဗိုင်းရပ်စ်ပိုး ရှိမရှိ ဆိုတာကို သိရဖို့ မျိုးဗီဇ သင်္ကေတ စမ်းသပ်မှု အသုံးပြုတာနဲ့ ပတ်သက်လို့ ဂျပန်အစိုးရက နားလည်မှုလွဲနေတယ် လို့လည်း သူက ပြောပါတယ်။
"မျိုးဗီဇ စမ်းသပ်မှုဟာ ပြည့်စုံလုံလောက်မှု မရှိပါဘူး။ အထူးသဖြင့် ခံစားမှုလက္ခဏာမပြတတ်တဲ့ မျိုးဗီဇ ရှိသူတွေ ဆိုရင် ရောဂါလက္ခဏာ လုံးဝ ပြမှာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးပမာဏက သေးနေတယ် ဆိုရင် စစ်ဆေးချက် ရလဒ်မှာ မှားယွင်းပြီး ရောဂါပိုးမရှိဘူး ဆိုတဲ့ အဖြေ ထွက်လာနိုင် ပါတယ်"
"အဲဒီနောက် အိမ်ပြန်ရောက်တဲ့အခါကျမှ ဗိုင်းရပ်စ်ပိုး ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် ခံစားမှု လက္ခဏာမပြတတ်တဲ့ သူမျိုးတွေကို ရောဂါကူးစက်မှုအတွက် စမ်းသပ်တာဟာ လုံးဝကို မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။ သိပ္ပံနည်းအရရော၊ ကျိုးကြောင်းဆီလျော်မှုအရရော လုံးဝ မှားယွင်းနေပါတယ်"