အွန်လိုင်းပေါ်က ကိုရိုနာဗိုင်းရပ်စ်သတင်းတုတွေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနည်းဆုံး သေဆုံးသူ ၂၅၀ ကျော်ရှိ။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနည်းဆုံး သေဆုံးသူ ၂၅၀ ကျော်ရှိ။

တရုတ်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနည်းဆုံး လူ ၂၅၉ ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီရောဂါ ကူးစက်ခံနေရသူကလည်း ၁၂၀၀၀ အထိ ရှိလာပြီး အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၂၂ နိုင်ငံမှာ ဒီရောဂါတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်က ပြန့်ပွားလာသလိုပဲ မှားယွင်းတဲ့သတင်းအချက်အလက်၊ သတင်းမှားတွေကလည်း ကမ္ဘာတဝန်း ပျံ့နှံ့နေပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ကျန်းမာရေးဌာနက တရားဝင်ထောက်ခံချက်ပေး ထုတ်ပြန်ထားတာမရှိတဲ့ သတင်းအချက်အလက်တွေကိုလည်း အွန်လိုင်းမှာ တွေ့နေရပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းမှားတွေ ဘယ်ကလာသလဲ၊ ဒီအထဲက ဘယ်အချက်တွေက မှားနေသလဲ ဆိုတာ ဘီဘီစီ စောင့်ကြည့်ရေးအဖွဲ့က လေ့လာ စိစစ်ထားပါတယ်။

မှားယွင်းတဲ့ ကျန်းမာရေး အကြံပြုချက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့ သေဆုံးမှုနှုန်း မြင့်တက်လာတာနဲ့အမျှ ဒီရောဂါ ကူးစက်ရင် ဘယ်လို ကုသလို့ရတယ်၊ ဘယ်လို ကာကွယ်လို့ရတယ် ဆိုတဲ့ နည်းလမ်းတွေကို လူမှုကွန်ရက်မီဒီယာ အသုံးပြုတဲ့သူတွေ ကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြပါတယ်။

ဒီမျှဝေတဲ့ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေက သက်ဆိုင်ရာ ကျန်းမာရေး ဌာနတွေက ထောက်ခံထားတာ မဟုတ်သလို တချို့အချက်အလက်တွေက သိသိသာသာ မှားယွင်းနေတာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။

ဒီအထဲက ရောဂါကို ကာကွယ်နိုင်ဖို့ဆိုပြီး ဖိလစ်ပိုင်က ဖေ့စ်ဘွတ်ခ် အသုံးပြုသူ ၁၆ဝဝဝ နီးပါး မျှဝေရှယ်ခဲ့ကြတဲ့ အကြောင်းအရာတခုက လည်ခေျာင်း အခြောက်မခံဖို့၊ စပ်တဲ့အစားအစာတွေရှောင်ကြဉ်ဖို့နဲ့ ဗီတာမင်စီကို စားဖို့ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုး စတွေ့တဲ့နေရာလို့ ယုံကြည်ရတဲ့ ဝူဟန်မြို့က ငါးစျေးကြီးကို သန့်ရှင်းရေးလုပ်ဖို့ ပိတ်ထား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဗိုင်းရပ်စ်ပိုး စတွေ့တဲ့နေရာလို့ ယုံကြည်ရတဲ့ ဝူဟန်မြို့က ငါးစျေးကြီးကို သန့်ရှင်းရေးလုပ်ဖို့ ပိတ်ထား

ဒါတွေက ဖိလစ်ပိုင်ကျန်းမာရေးဌာနက အကြံပြုထားတယ်ဆိုပြီး ပြောဆိုထားပါတယ်။ ဒါပေမဲ့ ဒီရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် ကျန်းမာရေးဌာနရဲ့ ဝက်ဆိုဒ်နဲ့ တရားဝင် ထုတ်ပြန်ချက်တွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝေမျှ၊ ရှယ်နေတဲ့ အကြောင်းအရာနဲ့ ထပ်တူမကျတာကို တွေ့ရပါတယ်။

ဒေသခံ တာဝန်ရှိသူတွေဆီက လာတယ်ဆိုပြီး ဒီပိုစ့်နဲ့ စာသားအနည်းငယ်ကွဲပြားပြီး အလားသဏ္ဍာန်တူတဲ့ ပိုစ့်တွေကိုလည်း ကနေဒါ၊ ပါကစ္စတန်နဲ့ အိန္ဒိယက ဖေ့စ်ဘွတ်ခ်နဲ့ WhatsApp အသုံးပြုသူတွေက ဖြန့်ဝေခဲ့ကြတယ်ဆိုတာ သတင်းထောက်တွေနဲ့ အချက်အလက် စစ်ဆေးတဲ့သူတွေက တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေက သက်ဆိုင်ရာနိုင်ငံ ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်ချက်တွေနဲ့ ကွဲလွဲမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် ရေခဲမုန့်တို့လို အအေးခံထားတဲ့ အစားအသောက်ကို အနည်းဆုံး ရက်ပေါင်း ၉ဝ ရှောင်ကြဉ်ဖို့ဆိုတာကလည်း အွန်လိုင်းမှာပျံ့ခဲ့ပါတယ်။ ဒီအကြံပြုချက်ကို ForChangeလို့ခေါ်တဲ့ ဖေ့ဘွတ်ခ် စာမျက်နှာကနေ စဖြန့်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ မျက်နှာဖုံးတပ်ထားသူတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဒီပို့စ်နဲ့အတူ လူတယောက်ရဲ့ နှုတ်ခမ်းက ကပ်ပါးပိုးကောင်တွေကို ဖယ်ရှားနေတဲ့ ဗီဒီယိုကိုလည်း ဖြန့်ဝေခဲ့ပြီး ဒါက ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Altnews အချက်အလက် စိစစ်သူတွေက ဒီဗီဒီယိုက ၃ လနီးပါး ကြာခဲ့ပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ မဆက်နွှယ်ဘူးဆိုတာ ထောက်ပြခဲ့ ပါတယ်။

နောက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတွေက ForChangeအဖွဲ့က တင်တဲ့ ပိုစ့်က မှားယွင်းတဲ့ သတင်းအချက်အလက်ဆိုတာ မှတ်တမ်းတင်ခဲ့ပေမယ့် အလားသဏ္ဍာန်တူတဲ့ ဒါဇင်နဲ့ချီတဲ့ ပိုစ့်တွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဆက်ပြန့်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က လူထုကို တရားဝင် အကြံပေးထားတာက အသားငါးတွေကို မကျက်တကျက်တွေ စားတာကို ရှောင်ကြဉ်ဖို့ အကြံပြု ထားပါတယ်။

ဒီဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ဆေး မပေါ်သေးပေမယ့် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အကြံပြုထားပါတယ်။

ဒီအထဲမှာ လက်ကို ပုံမှန် ဆေးကြောဖို့၊ နှာချေ၊ ခေျာင်းဆိုးတဲ့အခါမှာ ပါးစပ်နဲ့ နှာခေါင်းကို တစ်ရှုးနဲ့ အုပ်ဖို့၊ အသား၊ငါးနဲ့ ဥတွေကို ကျက်အောင် ချက်စားဖို့နဲ့ ဖျားနာ၊ ခေျာင်းဆိုးတဲ့သူတွေ၊ အသက်ရှုလမ်းကြောင်းမှာ ရောဂါ ဖြစ်နေတဲ့သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့တာကို ရှောင်ကြဉ်ဖို့တို့ ပါဝင်ပါတယ်။

လင်းနို့ စွပ်ပြုတ်ဟင်းချို ဗီဒီယို

ဒီဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ခဲ့ပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ်ဘယ်ကနေ မြစ်ဖျားခံသလဲဆိုတာကို လူတွေက ခန့်မှန်းခဲ့ကြပါတယ်။ တရုတ်တွေ လင်းနို့တွေကို စားသောက်နေတဲ့ ဗီဒီယိုဖိုင်တွေကို အွန်လိုင်းမှာ ဖြန့်ခဲ့ပြီး ချဲကားပြောဆိုမှုတွေ ရှိလာပါတယ်။

ဒီအထဲက ဗီဒီယိုတခုမှာဆိုရင် ချက်ပြီးသား လင်းနို့ကိုကိုင်ပြီး တရုတ်အမျိုးသမီးတဦးက ကင်မရာဘက်ကို ပြုံးပြပြီး ကြက်သားလို အရသာမျိုးလို့ ပြောခဲ့တဲ့ ဗီဒီယိုကလည်း ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗီဒီယိုကြောင့် အွန်လိုင်းပေါ်မှာ ဒေါသတကြီး ပြောဆိုမှုတွေ ရှိခဲ့ပြီး တချို့ဆိုရင် ဒီလို အစားစုံ စားတဲ့အကျင့်ကြောင့် ရောဂါ ဖြစ်ရတယ်ဆိုတဲ့ အထိ စွပ်စွဲမှုတွေရှိခဲ့ပါတယ်။

တကယ်တော့ ဒီဗီဒီယိုက ဝူဟန်မြို့နဲ့ တရုတ်နိုင်ငံမှာ ရိုက်ခဲ့တာ မဟုတ်ပါဘူး။ ဒီဗီဒီယိုက ၂ဝ၁၆ ခုနှစ်က နာမည်ကြီး ဘလောဂ့်ဂါနဲ့ ခရီးသွားအစီအစဉ် တင်ဆက်သူ မန့်ယွမ်ဝမ်က အနောက် ပစိဖိတ် သမုဒ္ဒရာမှာရှိတဲ့ ပါလောင်းကျွန်းနိုင်ငံကို သွားတုန်းက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က လူထုကို တရားဝင် အကြံပေးထားတာက အသားငါးတွေကို မကျက်တကျက်တွေ စားတာကို ရှောင်ကြဉ်ဖို့ အကြံပြု ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က လူထုကို တရားဝင် အကြံပေးထားတာက အသားငါးတွေကို မကျက်တကျက်တွေ စားတာကို ရှောင်ကြဉ်ဖို့ အကြံပြု ထားပါတယ်။

ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့ အချိန်မှာ ဒီဗီဒီယိုက လူမှုကွန်ရက် မီဒီယာပေါ်မှာ ပြန်လည် ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး လူတွေရဲ့ ဒေါသတကြီး တုံ့ပြန်မှုကို မစ္စဝမ်က ပြန်လည် တောင်းပန်ခဲ့ပါတယ်။

ဒေသခံလူတွေရဲ့ ဘဝကို လေ့လာခွင့်ရအောင် ကြိုးစားတာ ဖြစ်ပြီး လင်းနို့တွေက ဗိုင်းရပ်စ် သယ်တယ်ဆိုတာ မသိဘူးလို့လည်း သူက ပြောပါတယ်။ နောက်တော့ ဒီဗီဒီယိုဖိုင်ကို ပြန်လည် ဖြုတ်ချလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ဝူဟန်မြို့က ပင်လယ်စာ ရောင်းချတဲ့ စျေးမှာ သားရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းချရာက စဖြစ်ခဲ့တယ်ဆိုပြီး ယူဆထားပါတယ်။

ဗိုင်းရပ်စ်ကို လင်းနို့တွေက သယ်ဆောင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို သုတေသန စာတမ်းတခုက ဖော်ပြခဲ့ပေမယ့် ဒီဗိုင်းရပ်စ် ဘယ်ကလာသလဲ ဆိုတာကိုတော့ ဆက်လက် လေ့လလာ စူးစမ်းနေဆဲ ဖြစ်ပါတယ်။

ရောဂါဖြစ်အောင် ကြိုတင် စီစဉ်ခဲ့

ပြီးခဲ့တဲ့ တပတ်က အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ဖြစ်တယ်လို့ သတင်းတွေ ထွက်လာပြီးတဲ့နောက် ဒီဗိုင်းရပ်စ်ဟာ အရင်က တွေ့ခဲ့ဖူး တယ်ဆိုတဲ့ မှတ်တမ်းတွေ တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ်မှာ ထွက်ပေါ်လာပါတယ်။

ဒီလို စွပ်စွဲတဲ့ အထဲမှာ တချို့ လူသိများတဲ့သူတွေလည်း ပါဝင်ပါတယ်။ ဒီအထဲမှာ ဂျော်ဒန် ဆေသာလည်း တဦးအပါအဝင် ဖြစ်ပါတယ်။ အင်္ဂလန် ဆာရီမှာရှိတဲ့ ပါဘရိုက် အင်စတီကျူက ၂ဝ၁၅ ခုနှစ်က မှတ်တမ်းနဲ့ချိတ်ဆက်ပြီး သူက တွစ်တာပေါ်မှာ ကြိမ်ဖန်များစွာ ရေးသားခဲ့ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကုသဖို့ သိပ်မပြင်းတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို မွေးထားခဲ့တယ်လို့ သူက ရေးသားခဲ့တာပါ။

ဒီဆေးကို ဖော်ဖို့ ပါဘရိုက် အင်စတီကျူကို ဘီလ်နဲ့ မာလင်ဒါဂိတ် ဖောင်ဒေရှင်းကလှူဒါန်းခဲ့တယ်ဆိုတဲ့ အချက်ကို အခြေခံပြီး အခု ကိုရိုနာဗိုင်းရပ်စ် ဖြစ်တာက ဒီဆေး ဖော်ဖို့အတွက် ရန်ပုံငွေ ပိုရအောင် လုပ်တာလို့ ဆေသာက ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီအလားသဏ္ဍာန် တူတဲ့ လင့်ခ်ကို ကာကွယ်ဆေးကို ဆန့်ကျင်တဲ့ အုပ်စုတွေ လုပ်ကြံသတင်း ဖန်တီးတဲ့သူတွေက ဖေ့ဘွတ်ခ်ပေါ်မှာ ဖြန့်ဝေခဲ့ပါတယ်။

တရုတ်
ဓာတ်ပုံ ပုံစာ, တရုတ်မှာ ရောဂါပြန့်ပွားခဲ့ပုံ။

တကယ်တော့ ပါဘရိုက် အင်စတီကျူက ကိုရိုနာ ဗိုင်းရပ်စ် မျိုးစုဝင် ကြက်ငှက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက် ဗိုင်းရပ်စ်ကို သုတေသန ပြုနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပါဘရိုက် အင်စတီကျူရဲ့ ပြောခွင့်ရ ထရီဇာ မော့က အသက်ရှုလမ်းကြောင်းမှာ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကို သုတေသနပြုနေပြီး ဒီသုတေသနနဲ့ပတ်သက်ပြီး ဘီလ်နဲ့ မာလင်ဒါဂိတ် ဖောင်ဒေရှင်းက လှူဒါန်းတာမရှိဘူးလို့ Buzzfeedသတင်းကို ပြောပါတယ်။

ဇီဝလက်နက်ကြောင့် ဖြစ်ပွား

တခါ ဒီဗိုင်းရပ်စ်ဟာ ဝူဟန်အင်စတီကျူ ပိုးမွှားဗေဒဌာနက တရုတ်ရဲ့ ဇီဝလက်နက် အစီအစဉ်ကနေ မျိုးရိုးဗီဇပြောင်းလဲလာတာ ဖြစ်တယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်ကလည်း အွန်လိုင်းပေါ်မှာ ပြန့်နေပါတယ်။

ဒီအကြောင်းကို မျှဝေနတဲ့သူတွေက အစ္စရေး စစ်ထောက်လှမ်းရေး အရာရှိဟောင်းကို ကိုးကား ရေးသားထားတဲ့ အမေရိကန် ဝါရှင်တန်ပိုစ့် သတင်းစာ ဆောင်းပါးတွေကို ကိုးကား ရေးသားကြပါတယ်။

ဒီဆောင်းပါး နှစ်ပုဒ်ကို ရာနဲ့ချီတဲ့ ဆိုရှယ် မီဒီယာ အကောင့်တွေကနေ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာကို မှန်တယ်ဆိုတာ သက်သေပြဖို့ ခိုင်မာတဲ့ သက်သေမရှိဘူး ဖြစ်နေပါတယ်။ ဘီဘီစီကလည်း ဝါရှင်တန်ပိုစ့်သတင်းစာကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။

သူလျှိုအဖွဲ့ကြောင့်

နောက်တခါ ဒီဗိုင်းရပ်စ်က ကနေဒါအမျိုးသား မိုက်ခရို ဇီဝဌာန ဓာတ်ခွဲခန်းက ရာထူးကနေ ရပ်ဆိုင်းခံလိုက်ရတဲ့ သုတေသီနဲ့ချိတ်ဆက် နေတယ်ဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ပိုးမွှားဗေဒပညာရှင် ဒေါက်တာ Xiangguo Qiu၊ သူ့အမျိုးသားနဲ့ တရုတ်ကျောင်းသားတွေက စည်းကမ်း တချို့ကို ချိုးဖောက်ပြီး ဒီဓာတ်ခွဲခန်းကနေ အထုတ်ခံခဲ့ရတယ်ဆိုတဲ့ ပြီးခဲ့တဲ့နှစ် ကနေဒါ စီဘီစီသတင်းတပုဒ်ကို ကိုးကားရေးသားထားပါတယ်။ အဲဒီတုန်းက လူထု လုံခြုံရေးကို မထိခိုက်ဘူးဆိုပြီး ရဲတပ်ဖွဲ့က ပြောခဲ့တာပါ။

ဒေါက်တာ Qiuက တရုတ်နိုင်ငံ ဝူဟန် အမျိုးသား ဇီဝလုံခြုံရေး ဓာတ်ခွဲခန်းကို ၂ နှစ်ဆက်တိုက် တနှစ် နှစ်ခါ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တွစ်တာပေါ်မှာ လူပေါင်း ၁၂ဝဝဝ ပြန်လည် မျှဝေခဲ့ပြီး ၁၃ဝဝဝ နီးပါး ကြိုက်နှစ်သက်ခဲ့တဲ့ ဒီရေးသားချက်မှာ ဒေါက်တာ Qiuနဲ့ ခင်ပွန်းက သူလျှို အဖွဲ့ဖြစ်ပြီး သူ့ရဲ့ အမျိုးသားက ကိုရိုနာ ဗိုင်းရပ်စ် သုတေသနကို အထူးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စီဘီစီသတင်းဌာနကတော့ ဒီရေးသားချက်တွေက အခြေအမြစ်မရှိဘူးဆိုပြီး ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဝူဟန်သူနာပြုဗီဒီယို

ဟူဘေး ခရိုင်က သူနာပြုတွေ ဆရာဝန်တွေက ရိုက်ကူးခဲ့တယ်ဆိုတဲ့ ဗီဒီယိုတွေကလည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ သန်းနဲ့ချီ ကြည့်ရှုခဲ့သလို အွန်လိုင်းပေါ်က သတင်းတွေမှာလည်း ဖော်ပြနေပါတယ်။

ဒီအထဲက လူသိအများဆုံးက ယူကျူပေါ်မှာ ကိုရီးယား နာမည်နဲ့ တင်ထားပြီး အင်္ဂလိပ်နဲ့ ကိုးရီးယား စာတန်းထိုး ဗီဒီယို ဖြစ်ပါတယ်။ နောက်တော့ ဒီဗီဒီယိုကို ယူကျုက ဖြုတ်ချလိုက်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ စာတန်းထိုးထားတဲ့အထဲမှာ သူက အမည်မဖော်လိုတဲ့ သူနာပြုတဦး ဖြစ်ပြီး ဗိုင်းရပ်စ်စတင် ဖြစ်တဲ့နေရာမှာ ရောက်နေတယ်လို့ ပြောဆိုထားပါတယ်။ ဒီခရိုင်မှာ ရောဂါကူးစက်တဲ့သူ ၉သောင်းနီးပါးရှိတယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် ရောဂါရှိတဲ့သူကို လူတွေနဲ့ ခွဲမထားဘူးဆိုရင် နောက်ထပ် ၁၄ဦးကို ကူးစက်နိုင်တယ်ဆိုပြီးလည်း ဗီဒီယိုဖိုင်မှာပါရှိပါတယ်။

တရုတ်နှစ်ကူးပြီဖြစ်လို့ မိသားစုတွေနဲ့တွေ့ဖို့ အိမ်ပြန်ချင်ပေမယ့် မပြန်နိုင်တဲ့အကြောင်း ဒီဗီဒီယိုဖိုင်ကို ကြည့်တဲ့လူတွေကလည်း ပါတီတွေ မလုပ်ဖို့နဲ့ အပြင်တွေ မထွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒီခရိုင်ကို ပိတ်ထားတဲ့ အတွက် ဒီဗီဒီယို အစစ်မှန်ဟုတ်မဟုတ် အတည်ပြုဖို့က အခက်အခဲဖြစ်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပြောဆိုချက်တွေအရ သူက ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတဦး မဟုတ်တာ ထင်ရှားတယ်လို့ တရုတ် ChinaFileမဂ္ဂဇင်း အယ်ဒီတာက ပြောပါတယ်။

သူရှိတဲ့နေရာကို မသိရပေမယ့် ဟူဘေး ဒေသခံတဦးက သူ့ရဲ့ အတွေ့အကြုံကို ပြန်လည် မျှဝေတာလို့ ယူဆလို့ရတယ်လို့လည်း ဆိုပါတယ်။

သူကိုယ်သူဘယ်သူလဲဆိုတာ နာမည် မပြောပေမယ့် သူဝတ်ထားတဲ့ ဝတ်စုံနဲ့ မျက်နှာဖုံးက ဟူဘေးခရိုင် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ဝတ်လေ့ရှိတဲ့ ဝတ်စုံမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သူပြောတဲ့အထဲမှာ ဗိုင်းရပ်စ်က သန္ဓေပြောင်းပြီး လူ ၁၄ဦး အထိ ကူးစက်နိုင်တယ်လို့ဆိုထားချက်က ကမ္ဘာကျန်းမာရေးအဖွဲ့က ပြောဆိုထားတဲ့ အချက်နဲ့လည်း ကွဲလွဲနေတယ်လို့ဆိုပါတယ်။