ယူကရိန်းလေယာဉ်ကို မှားပစ်မိတယ်လို့ အီရန်ဝန်ခံ၊ တရားမျှတရေး တောင်းဆိုဆန္ဒပြမှုဖြစ်

အီရန်မြို့တော် တီဟီရန်က ပျံတက်ခါစမှ လေယာဉ်ပျက်ကျခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အီရန်မြို့တော် တီဟီရန်က ပျံတက်ခါစမှ လေယာဉ်ပျက်ကျခဲ့

လူ ၁၇၆ ဦး လိုက်ပါလာတဲ့ ယူကရိန်း ခရီးသည်တင် လေယာဉ်ကို မှားယွင်းပစ်ချမိတယ်လို့ အီရန်က ဝန်ခံလိုက်ပါတယ်။

ဒီလေယာဉ် ပစ်ချခံရမှုမှာ လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံး သေဆုံးခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးတဲ့အခါမှာ လူသားအမှားကြောင့် ဒုံးကျည်ပစ်လွှတ်မိတယ်ဆိုတာကို တွေ့ရတယ်လို့ အီရန် သမ္မတ ဟာဆန် ရိုဟာနီက ပြောပါတယ်။

ဒီလေယာဉ်ပျက်ကျမှုဟာ ခွင့်မလွှတ်နိုင်တဲ့ အမှား ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒီလေယာဉ်က အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ အရေးကြီးတဲ့နေရာကို ဦးတည်ပျံသန်းလာလို့ သူတို့ဘက်ကို လာတဲ့ ပဲ့ထိန်းတပ် ဒုံးကျည်လို့ မှားယွင်းယူဆပြီး ပစ်ချလိုက်တာလို့ အီရန် စစ်တပ်က ပြောပါတယ်။

အစပိုင်းမှာတော့ အီရန်က သူတို့ ပစ်ချတာမဟုတ်ဘူးလို့ ငြင်းထားခဲ့တာပါ။

လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး နောက်ကို ဒီလို အမှားမျိုး မဖြစ်အောင် သူတို့ရဲ့ ကာကွယ်ရေး စနစ်ကို အဆင့်မြှင့်မယ်လို့ အီရန် စစ်တပ်က ပြောပါတယ်။ ပြီးတော့ ဒီကိစ္စအတွက် တာဝန်ရှိသူတွေကိုလည်း အရေးယူမယ်လို့ ပြောပါတယ်။

ဒုံးကျည်ပစ်ခတ်တဲ့ တာဝန်ရှိသူဟာ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ဆောင်ရွက်ခဲ့တာလို့ လေကြောင်းကာကွယ်ရေး တပ်မှူးကြီးက ပြောပါတယ်။

"သူ့မှာ ဆုံးဖြတ်ဖို့ ၁၀ စက္ကန့်ပဲ အချိန်ရတယ်။ ပစ်မှာလား မပစ်ဘူးလားဆိုတာ အဲဒီလို အခြေအနေမျိုးမှာ ဆုံးဖြတ်ခဲ့ရပြီး သူ့ဆုံးဖြတ်ချက်မှားခဲ့တယ်" လို့ သူက ပြောပါတယ်။

"သူဟာ ပစ်ချဖို့ အတွက် ဆက်သွယ် အတည်ပြုချက် လုပ်ဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ သူ့ဆက်သွယ်ရေး စနစ် ပြတ်တောက်ခဲ့ပုံရတယ်" လို့လည်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က လေယာဉ်ပစ်ချမိမှုဟာ အီရန်က အီရတ်ဘက်က အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်အပြီး နာရီပိုင်းအကြာမှာ ဖြစ်ခဲ့တာပါ။

ဗီဒီယို ပုံစာ, တာဝန်ရှိသူတွေ လိမ်ညာပြောခဲ့တယ်ဆိုပြီး နုတ်ထွက်ပေးဖို့ လူအုပ်ကြီးက တီဟီရန် တက္ကသိုလ်ရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်စခန်းနှစ်ခုကို အီရန်က တိုက်ခိုက်မှုဟာ အီရန် စစ်တပ်က ထိပ်တန်း ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီ အီရတ်ဘက်ရောက်နေတုန်း အမေရိကန်က လေကြောင်းက တိုက်ခိုက်လုပ်ကြံခဲ့လို့ လက်စားချေ တုံ့ပြန်တိုက်ခိုက်တာ ဖြစ်ပါတယ်။

အီရန်က အခုလို ဝန်ခံလိုက်တဲ့အတွက် ဒီလေယာဉ်ပျက်ကျမှုအတွက် တရားမျှတရေးကို တောင်းဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။

ဒီတောင်းဆိုမှုကို ယူကရိန်း သမ္မတနဲ့ ကနေဒါ ခရီးသည် ၅၇ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ကနေဒါ ဝန်ကြီးချုပ်တို့က ဦးဆောင် တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် တရားမျှတရေး တောင်းဆိုဆန္ဒပြမှု အီရန်မှာ ပြုလုပ်ခဲ့တာကို ဆိုရှယ်မီဒီယာက ဗီဒီယိုမှာ တွေ့မြင်ရပြီး အဲဒီထဲက တချို့က အီရန်ခေါင်းဆောင် အလီခါမေနီ နုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။