ကားလို့စ်ဂွန်း၊ နစ်ဆန်းသူဌေး ဂျပန်က ဘယ်လိုပြေးလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
တခါတုန်းကတော့ ဂျပန်မှာ သူ့ကို ကားလောကရဲ့ သူရဲကောင်းကြီးလို့ သတ်မှတ်ခဲ့ကြတာပါ။ အဲဒီနောက် တိုင်းသိပြည်သိ ရာဇဝတ်သမားလို့ မသင်္ကာခံခဲ့ရပါတယ်။ အခုတော့ နိုင်ငံတကာပါသိတဲ့ ဝရမ်းပြေး ဖြစ်သွားပါပြီ။
သန်းကြွယ်သူဌေး ကားလို့စ်ဂွန်းဟာ နစ်ဆန်းကုမ္ပဏီရဲ့ အကြီးအကဲဟောင်း ဖြစ်ပြီး ငွေကြေးကိစ္စ မသမာမှုတွေနဲ့ တရားရင်ဆိုင်ဖို့ လတွေနဲ့ချီ ပြင်ထားခဲ့သူ ဖြစ်ပါတယ်။ အဲဒီလို ပြင်ဆင်နေတယ်လို့လည်း ဂျပန် အာဏာပိုင် တွေက ယုံကြပါတယ်။
သူက ဧပြီလမှာ အာမခံ ဒေါ်လာ ကိုးသန်းလောက်တင်ပြီး လွတ်ခဲ့ပါတယ်။ သူ့ကို အိမ်အပြင်ဘက်ကနေ ၂၄ နာရီ ကင်မရာနဲ့ စောင့်ကြည့်နေတာပါ။ နည်းပညာသုံးစွဲမှု မလုပ်နိုင်အောင် သူ့ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားသလို နိုင်ငံခြား သွားခွင့်လည်း အပိတ်ခံရပါတယ်။
နောက် ၂ဝ၂ဝ နှစ်သစ်မကူးခင်မှာပဲ လက်ဘနွန်မှာ သူ ဘွားခနဲ ပေါ်လာပါတယ်။ ဒီအတွက်လည်း ဂျပန် အစိုးရနဲ့ သူ့ကို ခုခံပေးမယ့် ရှေ့နေအဖွဲ့ အရှက်ကွဲခဲ့ရပါတယ်။ မမျှတမှုနဲ့ နိုင်ငံရေး နှိပ်ကွပ်မှုတွေက လွတ်မြောက် လာတာလို့လည်း သူက ကြေညာချက်ထုတ်ပါတယ်။
" လုံးဝ အံ့အားသင့် အငိုက်မိသွားတယ် " လို့ ဒီသတင်းကို ကြားလိုက်တဲ့ သူ့ရှေ့နေ ဂျူနီချီရို ဟီရိုနာကာက သတင်းထောက်တွေကို တိုကျိုမှာ ပြောခဲ့ပါတယ်။ " ဒါမျိုး ဘယ်လိုလုပ်လိုက်တာလဲလို့ သူ့ကို မေးချင်တယ် " လို့လည်း သူ့ရှေ့နေက ဆိုပါတယ်။
ဘယ်လို လွတ်မြောက်သွားသလဲ ဆိုတာက နောက်ထပ် သိချင်နေကြတဲ့ မေးခွန်းပါ။
ဂီတဆန်သော လွတ်မြောက်မှု
မစ္စတာဂွန်းဟာ ဂီတတီးဝိုင်းလို အယောင်ဆောင်ထားတဲ့ ပြောက်ကျားအုပ်စုတစု အကူအညီနဲ့ တိုကျိုတရားရုံးက သတ်မှတ်ပေးထားတဲ့ အိမ်က ထွက်ပြေးသွားတယ်လို့ လက်ဘနွန်က MTV ရုပ်သံလိုင်းက ဖော်ပြပါတယ်။
သူ့အိမ်မှာ လာပြီး ဖျော်ဖြေတဲ့ တီးဝိုင်းပြန်ချိန်မှာ ၆၅ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာဂွန်းက တူရိယာပစ္စည်းအိတ်ကြီးတခုထဲ ဝင်ပြီးလိုက်သွားတယ်၊ အဲဒါကြီးကို အနားက လေဆိပ်တခုကို ပို့လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီလိုသာ ဖြစ်ခဲ့ရင်တော့ အရပ် ငါးပေ ခြောက်လက်မရှိတဲ့ သူဌေးကြီးအတွက် တော်တော်ခက်ခက်ခဲခဲနဲ့ လိုက်သွားရမှာပါ။
အဲဒီနောက် တူရကီကို ထွက်ပြေးပြီး အဲဒီကနေ လက်ဘနွန်ကို ကိုယ်ပိုင် ဂျက်လေယာဉ်တစီးနဲ့ ရောက်သွားတယ်လို့ MTV က ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်တဲ့ သက်သေခံ အထောက်အထား မပြနိုင်ပေမယ့် လူမှုကွန်ရက် တွေပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေကြပါတယ်။
သူလျှိုရုပ်ရှင်တွေထဲကလို ရုပ်ဖျက်တာမျိုးလည်း မစ္စတာဂွန်း အရင်က လုပ်ခဲ့ဖူးပါတယ်။ မနှစ် မတ်လတုန်းက သူ ထောင်ကထွက်လာတော့ ဆောက်လုပ်ရေး အလုပ်သမားလို ဝတ်စားပြီး သတင်းထောက်တွေကို ရှောင်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ကို ချက်ချင်းမှတ်မိသွားတဲ့အတွက် မီဒီယာတွေမှာ လှောင်ပြောင်ခံရပါတယ်။ ဒီလို မပီမပြင်ရုပ်ဖျက်ခဲ့တဲ့အတွက်လည်း သူ့ရှေ့နေက တောင်းပန်ခဲ့ရပါတယ်။
ကားရိုးလ်ဂွန်းရဲ့ ကဏ္ဍ
နစ်ဆန်းရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်းကြီး တိုကျိုကနေ ဘေရွတ်ကို ရောက်သွားဖို့က ရက်သတ္တပတ်တွေနဲ့ချီပြီး ကြံစည်ထားခဲ့တာလို့လည်း ဝေါစထရိ ဂျာနယ်က ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူထွက်သွားဖို့ အဖွဲ့တဖွဲ့က သေချာ ပြင်ဆင်ထားတာလို့လည်း အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အဲဒီဂျာနယ်က ရေးပါတယ်။ မစ္စတာဂွန်းကို သူ့အိမ်ကနေ အစ္စတန်ဘူလ်ကို စင်းလုံးငှား ဂျက်လေယာဉ်နဲ့ ထုတ်သွားနိုင်အောင် ပြင်ဆင်ပေးတဲ့ ဂျပန်က လူတွေ ဒီအုပ်စုမှာပါတယ်လို့လည်း သိရပါတယ်။ အဲဒီကနေ ဘေရွတ်ကို ဆက်သွားပြီး ဒီဇင်ဘာလ ၃ဝ ရက် မနက်စောစောမှာ ရောက်သွားတာ ဖြစ်ပါတယ်။
ဘေရွတ်က နိုင်ငံတကာလေဆိပ်ကို ဒေသစံတော်ချိန် မနက် လေးနာရီလောက်မှာ ဘွန်ဘားဒီးယား ချယ်လင်ဂျာ အမျိုးအစား ကိုယ်ပိုင် ဂျက်လေယာဉ်တစီး ရောက်လာတယ်လို့ လေယာဉ်တွေကို ခြေရာခံနိုင်တဲ့ FlightRadar24 ဝက်ဆိုက်က ရေးပါတယ်။ မစ္စတာဂွန်း အဲဒီမှာ သူ့ဇနီး ကားရိုးလ်နဲ့ တွေ့ပါတယ်။ ကားရိုးလ်က ဘေရွတ်မှာမွေးတဲ့သူပါ။ ဒီကိစ္စမှာ သူအများကြီး ပါဝင်ပတ်သက်တယ်လို့လည်း ဝေါစထရိ ဂျာနယ်က ရေးပါတယ်။
သူ့ခင်ပွန်းကို ဂျပန်ပြည်အပြင်ဘက်ရောက်အောင် ကယ်ထုတ်ရာမှာ ကားရိုးလ်ဂွန်း အဓိကပါဝင်တယ်လို့ ရေးတဲ့သူတွေ ရှိပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်တုန်းက သူတို့ လင်မယားနှစ်ယောက် တနာရီကျော် စကားပြော ကြတယ်လို့လည်း မစ္စတာဂွန်း ရဲ့ ဂျပန်ရှေ့နေက ပြောပါတယ်။ အရင်တုန်းက အာမခံမှာ သူတို့ လင်မယားနှစ်ယောက် တွေ့ခွင့်၊ ဆက်သွယ်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့ပါတယ်။
လက်ဘနွန်ကို ကားလို့စ်ဂွန်းရောက်လာတဲ့အခါ သူတို့ပြန်ပေါင်းမိတဲ့အတွက် ဒါဟာ သူ့ဘဝမှာ အကောင်းဆုံးလက်ဆောင်လို့လည်း မစ္စစ်ဂွန်းက ဝေါစထရိ ဂျာနယ်ကို ပြောပါတယ်။ ဒီလိုရောက်အောင် ကယ်ထုတ်ခဲ့မှုမှာ သူပါပါသလားဆိုတာကိုတော့ မစ္စစ်ဂွန်း မှတ်ချက်မပေးပါဘူး။
ကျွန်မခင်ပွန်းကို ပြန်ရယူချင်တယ်၊ သူနဲ့အတူ ရှိချင်တယ်၊ သူ့မှာ အပြစ်မရှိတာ ကျွန်မသိတယ်လို့လည်း မနှစ် အစောပိုင်းက သူ ဘီဘီစီကို ပြောဖူးပါတယ်။
ကားလို့စ်ဂွန်းက လက်ဘနွန်မှာ ကြီးပြင်းလာခဲပြီး ပိုင်ဆိုင်မှုတွေလည်း ရှိပါတယ်။ အဲဒီမှာ သူက လူကြိုက်များသူလည်း ဖြစ်ပါတယ်။ လက်ဘနွန်က သူ့ပုံနဲ့တောင် တံဆိပ်ခေါင်းထုတ်ခဲ့ဖူးပါတယ်။
သူ့မှာ ဘာအမှားမှ လုပ်ထားတာ မရှိဘူးလို့လည်း ခဏခဏ ပြောခဲ့ဖူးပါတယ်။
နိုင်ငံကူးစာအုပ် သုံးခုကိုင်
မစ္စတာဂွန်း ဘယ်လို အထောက်အထားတွေ ပြပြီး လက်ဘနွန်ကို ထွက်သွားတာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ရှိပါသေးတယ်။ သူ့မှာ ဘရာဇီး၊ ပြင်သစ်နဲ့ လက်ဘနွန် နိုင်ငံကူးစာအုပ်တွေ ရှိပါတယ်။ ဒါပေမဲ့ သူဂျပန်က ထွက်သွားတဲ့အခါ အဲဒီစာအုပ်တွေအကုန်လုံး သူ့ရှေ့နေအဖွဲ့ လက်ထဲမှာ ရှိတယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။ မစ္စတာဂွန်းမှာ စီးပွားရေးသမားတွေ တခါတလေ လုပ်တတ်သလို နိုင်ငံကူးစာအုပ်ပွားတွေ ကိုင်ထား သလား ဆိုတာလည်း မသိရပါဘူး။
မစ္စတာဂွန်းဟာ သက်သေခံကတ်ပြားတခုကိုင်ပြီး ခရီးသွားတာလို့ Le Monde ဆိုတဲ့ ပြင်သစ်သတင်းစာကြီးက ရေးပါတယ်။သူ့မှာ ပြင်သစ်နိုင်ငံကူးစာအုပ်ကိုင်ထားတယ်လို့ ရေးသူရှိသလို သက်သေခံလက်မှတ်အတု ရှိတယ်လို့ ရေးသူလည်း ရှိပါတယ်။ လက်ဘနွန် နိုင်ငံခြားရေး ဌာနကတော့ မစ္စတာဂွန်း သူတို့နိုင်ငံထဲကို တရားဝင် ဝင်လာတာလို့ ချေပပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မစ္စတာဂွန်း ထွက်ပြေးသွားမှုကြောင့် အရှက်ရမှုက ဂျပန်နိုင်ငံမှာ ပြင်းထန်ခဲ့ပါတယ်။ ဂျပန် နိုင်ငံရေးသမားတယောက်ကဆိုရင် သူ့မှာ တခြားနိုင်ငံတခုရဲ့ အကူအညီရသလားလို့တောင် မေးခွန်းထုတ်ပါတယ်။ တိုကျို အုပ်ချုပ်ရေးမှူးဟောင်း တယောက်ကဆိုရင် လက်ဘနွန် အစိုးရ တိုက်ရိုက်ပတ်သက် နေသလားလို့တောင် စွပ်စွဲပါတယ်။
ကားလို့စ်ဂွန်း ဒီကိုလာတဲ့ ကိစ္စ လက်ဘနွန်အစိုးရနဲ့ မဆိုင်ကြောင်း လက်ဘနွန် ဝန်ကြီးတယောက်က ပြောတယ်လို့ နယူးယော့တိုင်း သတင်းစာက ရေးပါတယ်။ သူရောက်လာတဲ့ အကြောင်းကိုလည်း မသိရကြောင်း အဲဒီ ဝန်ကြီးက ပြောပါတယ်။
ဂျပန်နဲ့ လက်ဘနွန်ကြားမှာ တရားခံလဲလှယ်တဲ့ သဘောတူညီမှု မရှိပါဘူး။ ဒါကြောင့် မစ္စတာဂွန်းကို အမှုစစ်မယ့်ကိစ္စက ဘာဆက်ဖြစ်မယ်ဆိုတာ ပြောရခက်နေပါတယ်။
ဂျပန်က လက်ဘနွန်ကို ဒေါ်လာသန်းချီပြီး အကူအညီတွေ ပေးထားတာမို့ မစ္စတာဂွန်းကို ပြန်ပို့ပေးစေချင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို ထိပ်တန်း တရားခံတယောက် နိုင်ငံက အပြင်ကို ဘယ်လိုထွက်သွားသလဲ ဆိုတာ ကလည်း ဂျပန်ဘက်က ဖြေရမှာက မလွဲမသွေ ဖြစ်ပါတယ်။








