မမြင်ရတဲ့မင်နဲ့ ရေးတဲ့ အက်ဆေးနဲ့ ဂျပန် နင်ဂျာကျောင်းသူ အမှတ်ကောင်းကောင်းရ

နင်ဂျာသမိုင်းကို သင်ယူနေတဲ့ ဂျပန်တက္ကသိုလ်ကျောင်းသူတယောက်က စာရွက်လွတ်တရွက်ကို သူ့ ပါမောက္ခဆီ အက်ဆေးရေး လေ့ကျင့်ခန်းအတွက် တင်ခဲ့တယ်၊ သူ့ ပါမောက္ခက ဒါဟာ မမြင်ရတဲ့ မင်နဲ့ ရေးထားတာလို့ သိလိုက်ရတဲ့နောက် သူ့အက်ဆေးကို အမှတ်ကောင်းကောင်းပေးလိုက်ပါတယ်။
နင်ဂျာတွေရဲ့ "အဘူရီ ဒါရှိ aburidashi" လို့ခေါ်တဲ့ နည်းတခုကို သုံးပြီး အက်ဆေးကို ရေးခဲ့တဲ့ အီမီ ဟာဂ ဟာ အဲဒီမင်ကိုရဖို့ ပဲပိစပ် တမျိုးကိုသုံးပြီး နာရီပေါင်းများစွာ လုပ်ခဲ့ရတာပါ။
ပါမောက္ခက သူ့အက်ဆေးစာရွက်ကို မီးဖိုမှာ မီးကင်ပြီးအပူပေးလိုက်မှ စာတွေ ပေါ်လာပါတယ်။
မစ္စ ဟာဂက "သူ ငယ်ငယ်ကဖတ်ခဲ့တဲ့ စာအုပ်တအုပ်ထဲကနေ ဒီနည်းလမ်းကိုရခဲ့တာ" လို့ ဘီဘီစီကို ပြောပါတယ်။
"ဒီလို အတွေးမျိုး တခြားသူတွေဆီမှာ မရှိနိုင်ဘူးလို့ သူထင်ခဲ့တယ်" လို့လည်း ဆိုပါတယ်။
အလယ်ခေတ်ကာလ ဂျပန်နိုင်ငံမှာ ရှိခဲ့တဲ့ နင်ဂျာတွေရဲ့ ဘဝကို သူက သိပ်စိတ်ဝင်စားပါတယ်၊ နင်ဂျာ အန်နီမေးရှင်း တီဗီဇာတ်လမ်းတွေ ကလေးဘဝမှာကတည်းက သူကြည့်ခဲ့ပြီး အဲဒီအချိန်ကတည်းက စိတ်ဝင်စားလာခဲ့တာပါ။
နင်ဂျာတွေက အသွင်ယူကာ လျှို့ဝှက်ထောက်လှမ်းတာတွေ လုပ်တတ်သလို၊ လုပ်ကြံသတ်ဖြတ်တဲ့ တာဝန်တွေလည်းယူကြတဲ့ စစ်သည်တော်တွေပါ။
ဂျပန်က Mie University မှာ မစ္စဟာဂ ပထမနှစ်စတက်တော့ နင်ဂျာ သမိုင်းကို ယူခဲ့ပြီး Igaryu နင်ဂျာ ပြတိုက်ကို သွားလည်တဲ့အတွေ့အကြုံအက်ဆေးကို သူရေးရပါတယ်။
"ပါမောက္ခက ဖန်တီးမှုရှိတဲ့သူကို အမှတ်ကောင်းကောင်းပေးမယ်လို့ ပြောတဲ့အခါ ကျွန်မ အက်ဆေးက သူများထက်ထူးပြီး ထွက်နေရမယ်လို့ ဆုံးဖြတ်လိုက်တယ်"
"ခဏစဉ်းစားပြီး အဘူရီ ဒါရှိ ကို သွားတွေးမိတယ်" လို့ သူကပြောပြပါတယ်။

အသက် ၁၉ နှစ်အရွယ် မစ္စဟာဂ ဟာ ပဲပိစပ်ပဲတွေကို ညလုံးပေါက်ရေစိမ်ပြီး ထောင်းတယ်၊ နောက် အဝတ်စထဲမှာ ညှစ်ယူပါတယ်။ ဒီလိုနည်းနဲ့ ရတဲ့အရည်တွေ လိုအပ်တဲ့သိပ်သည်းမှုရအောင်လည်း ဂရုစိုက်ရပါတယ်။
နောက်ပြီးတော့ အဲဒီမင်ကို သုံးပြီး ဂျပန်လို "ဝါရှီ washi" လို့အမည်ရတဲ့ ပါးလွှာတဲ့ စက္ကူပေါ်မှာ အက်ဆေးကို ရေးပါတယ်။
စာလုံးတွေခြောက်သွားတဲ့အခါမှာတော့ ဒီစာတွေကို မမြင်ရတော့ပါဘူး။ ဒါပေမဲ့ သူ့ ပရော်ဖက်ဆာက ဒါစာရွက်လွတ်တခုပဲလို့ ထင်ပြီး အမှိုက်ပုံးထဲ မထည့်ပစ်အောင်တော့ မစ္စ ဟာဂ က အက်ဆေးအဆုံး မှာတော့ "စာရွက်ကို အပူပေးလိုက်ပါ" လို့ ရိုးရိုးမင်နဲ့ စာတိုလေးရေးထားပေးခဲ့ပါတယ်။

နင်ဂျာ ဆိုတာက ဘာလဲ
- လွတ်လပ်တဲ့ စစ်ဆင်ရေးပုံစံတခုဖြစ်တဲ့ နင်ဂျစ်ဆု ပညာကို အသုံးချတဲ့စစ်သည်ကို နင်ဂျာလို့ ခေါ်ဝေါ်
- လွန်ခဲ့တဲ့နှစ် ရာနဲ့ချီ ကာလက ဂျပန် မြေရှင်ပဒေသရာဇ်ခေတ်မှာ နင်ဂျာ ရိုးရာအစဉ်အလာရှိခဲ့
- နင်ဂျာတို့ဟာ သူလျှိုလုပ်တာနဲ့ ဗျူဟာ ဆွဲတဲ့ နေရာမှာ နှံ့စပ်
- အမေရိကန် ရုပ်ရှင်တွေမှာ နင်ဂျာတို့က ရေပန်းစား ဥပမာ Enter the Ninja ရုပ်ရှင်၊ ဒါပေမဲ့ ဟောလီးဝုဒ်ဟာ နင်ဂျာတွေကို ပုံဖော်ရာမှာ အလွဲမြင်သွားစေတာမျိုးလည်းရှိခဲ့
- မူရင်း - Ninja Museum of Igaryu

ပါမောက္ခ ယူဂျီ ယာမာဒါ က သူ အဲဒီ အက်ဆေးကိုတွေ့တော့ "အံ့သြ" သွားတယ်လို့ ဘီဘီစီကို ပြောပါတယ်။
"ဝှက်စာတွေနဲ့ ရေးထားတာမျိုး ကျွန်တော်တွေ့ဖူးတယ်၊ ဒါပေမဲ့ ဒီလို အဘူရီ ဒါရှိ နဲ့ရေးတာမျိုး တခါမှ မတွေ့ဖူးဘူး"
"အမှန်ပြောရရင် စာတွေက သေသေချာချာပေါ်လာပါ့မလားလို့ သံသယရှိခဲ့ပါတယ်၊ ဒါပေမဲ့ အိမ်က မီးဖိုပေါ်မှာ စာရွက်ကို သေချာချာမီးကင်ပြီးဖတ်တော့ စာတွေက ထင်ထင်ရှားရှားမြင်လိုက်ရတယ်၊ 'သိပ်ကောင်းတယ်' လို့ ကျွန်တော် စိတ်ထဲကမှတ်ချက်ချလိုက်တယ်"
"အက်ဆေးအကုန်လုံးကို ဆုံးအောင် မဖတ်တော့ဘဲ သူ့ကို အမှတ်ပြည့်ပေးဖို့ ဆိုင်းမနေချင်လောက်အောင်ပါပဲ" လို့လည်း သူက ပြောပြပါတယ်။








