ယူကေ အာဏာရ ကွန်ဆာဗေးတစ်ပါတီ သမိုင်းဝင်ရလဒ်နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ယူကေ အီးယူက နုတ်ထွက်ရေး မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အချိန်စော ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီက အတိုက်အခံ လေဘာပါတီရဲ့ အခိုင်အမာ မဲဆန္ဒနယ်တွေမှာပါ အောင်ပွဲခံပြီး မဲအများစုနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီရွေးကောက်ပွဲ အနိုင်ရမှုဟာ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီအတွက် ၁၉၈၇ ခုနှစ် နောက်ပိုင်း အကြီးကျယ်ဆုံး ရွေးကောက်ပွဲ အနိုင်ရမှု ဖြစ်ပါတယ်။
မဲဆန္ဒနယ် ၆၅၀ မှာ ကွန်ဆာဗေးတစ်ပါတီက ၃၆၅ နေရာ နဲ့ အတိုက်အခံ လေဘာပါတီက ၂၀၃ နေရာ ရခဲ့ပါတယ်။
လစ်ဘရယ်ဒီမိုကရက်က ၁၁ နေရာ၊ စကော့တလန် အမျိုးသားပါတီ SNP ၄၈ နေရာ၊ ဂရင်းပါတီက ၁ နေရာရခဲ့ပြီး ဘရက်ဇစ်ပါတီကတော့ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။
ဒီရလဒ်အရ ကွန်ဆာဗေးတစ်ပါတီဟာ တစ်နိုင်ငံလုံးမှာ မဲအားလုံးရဲ့ ၄၃ ရာခိုင်နှုန်းကျော်ရခဲ့တာပါ။ လေဘာက ၃၂ ရာခိုင်နှုန်းကျော်ရခဲ့ပါတယ်။
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဘောရစ်ဂျွန်ဆင်က ဒီရွေးကောက်ပွဲ ရလဒ်က ယူကေကို အီးယူကနေ နုတ်ထွက်ရေး အတွက် အကြွင်းမဲ့ လုပ်ဆောင်ဖို့ အခွင့်အရေးပဲ ဖြစ်တယ်လို့ ပြောပါတယ်။
ကွန်ဆားဗေးတစ်အစိုးရကို ပြည်သူက အားကောင်းတဲ့ အာဏာသစ် အပ်နှင်းလိုက်ပြီလို့ ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က သူ့ပါတီ အနိုင်ရတယ်လို့ သိသိချင်းမှာ သူ့မဲဆန္ဒနယ်က လူတွေကို ပြောလိုက်ပါတယ်။
ဘရစ်ဇက်ကို လာမယ့် ဇန်နဝါရီ ၃၁ အတွင်း ဖြစ်အောင် လုပ်မယ်။ ဘယ် အကြောင်းပြချက်မှ မရှိစေရဘူးလို့ မစ္စတာ ဂျွန်ဆင်က ပြောပါတယ်။
"ကိုယ့်ရဲ့ ကိုယ်ပိုင် ဥပဒေ၊ နယ်စပ်စည်းတွေ၊ ငွေကြေး၊ ကုန်သွယ်ရေး၊ လူဝင်မှု စနစ် တွေကို မဲပေးရွေးချယ်ပေးလိုက်တဲ့သူတွေကို ပြန်ယူပေးမယ်"လို့ သူက ပြောပါတယ်။
ပါတီကိုထောက်ခံသူတွေနဲ့ လန်ဒန်မြို့လယ်မှာ တွေ့ဆုံစဉ်မှာလည်း ကျွန်တော်တို့ ပိတ်ဆို့နေတာတွေကို ရိုက်ချိုးပစ်လိုက်ပြီ။ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။
တစ်ဘက်မှာတော့ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင်အတွက်တော့ အရှုံးကြီး ရှုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
အခိုင်အမာ မဲဆန္ဒနယ်တချို့ကိုပါ လက်လွှတ်ခဲ့ရတဲ့ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်က နောက်တစ်ခါ ရွေးကောက်ပွဲမှာပါတီကို သူဦးဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ပါတီ ခေါင်းဆောင်အဖြစ် အချိန်တစ်ခုအထိ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
"ရွေးကောက်ပွဲညဟာ ပါတီအတွက် တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ညပဲ"လို့ မစ္စတာ ကိုဘင်က ပြောပါတယ်။
အခုလို ရှုံးရတာဟာ လူတွေကြား ဘရက်ဇစ်နဲ့ ပတ်သက်ပြီး အယူအဆတွေ ကွဲပြားမှုကြောင့်လို့ အပြစ်တင်ပါတယ်။
ဝန်ကြီးချုပ်ရုံးကတော့ ဒီဇင်ဘာ ၁၆ ရက်ကျရင် အစိုးရအဖွဲ့မှာ နေရာတချို့ အပြောင်းအလဲ ရှိနိုင်ပြီး ဘောရစ်ဂျွန်ဆင် အီးယူနဲ့ သဘောတူထားတဲ့ ဘရစ်ဇစ် မူကြမ်းကိုတော့ နောက်တစ်ပတ် သောကြာမှာ လွှတ်တော်မှာ ပြန်တင်ပြမယ်လို့ ပြောပါတယ်။
လေဘာပါတီက ဝင်ပြိုင်ခဲ့သူတချို့ကတော့ ဒီရွေးကောက်ပွဲက စိတ်ပျက်စရာ ဖြစ်တယ်လို့ ပြောပါတယ်။ တချို့ကတော့ မစ္စတာ ကိုဘင်ရဲ့ ခေါင်ဆောင်မှုနဲ့ တချို့ကတော့ ဘရက်ဇစ်ကိစ္စကိုပဲ ပြစ်တင်ဝေဖန်ကြပါတယ်။
စကော့တလန် အမျိုးသားပါတီ SNP ကတော့ ၂၀၁၇ ကထက် အမတ်နေရာ ပိုရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရားဝင်မဲရလဒ်တွေ မကြေညာခင် မဲပေးပြီးထွက်လာသူတွေကို စစ်တမ်းကောက်ခဲ့တဲ့ အကြိုရလဒ်ကို ကြေညာပြီးတဲ့နောက်မှာပဲ ဗြိတိန်ပေါင်ငွေ တန်ဖိုးက အမေရိကန် ဒေါ်လာနဲ့ ယူရိုငွေတို့နဲ့ယှဉ်ရင် တန်ဖိုးမြင့်တက်လာခဲ့ပါတယ်။
ဘောရစ်ဂျွန်ဆင်က ယူကေ အီးယူက နုတ်ထွက်ရေး ဘရက်ဇစ်ကို ဖြစ်အောင်လုပ်မယ်လို့ မဲပေးသူတွေကို ကတိပေးထားတာက သူ့ကို လေဘာပါတီရဲ့ မဲတွေကိုပါ ရစေခဲ့တဲ့ အကြောင်းတစ်ခု ဖြစ်နိုင်ခြေရှိပါတယ်။








