ကင်ဂျုံအွန်း အထွတ်အမြတ်တောင်ပေါ်ကို မြင်းဖြူကြီးစီးပြီးတက်

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဘက်ဒူးတောင်ပေါ် ကင်မ်ဂျုံအွန်း တက်သွားတယ်လို့ KCNA မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ဆိုပါတယ်။
နှင်းတွေ ဖုံးလွှမ်းနေတဲ့ ဘက်ဒူးတောင်ထိပ်ပေါ် မြင်းဖြူကြီး စီးပြီး ကင်ဂျုံအွန်း တက်သွားတဲ့ ပုံ အတော်များများကို KCNA သတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။
မီတာ ၂၇၅၀ မြင့်တဲ့ အဲဒီ တောင်ထိပ်ပေါ် ကင်ဂျုံအွန်း တက်သွားတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အဲဒီတောင်ပေါ် တက်သွားတာဟာ အရေးကြီးတဲ့ ကြေညာချက် ထုတ်ပြန်မယ်ဆိုတဲ့ အရိပ်လက္ခဏာ အဖြစ် အများက သိထားကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
အဲဒီတောင်ကို မြောက်ကိုရီးယားနိုင်ငံရဲ့ သင်္ကေတ နေရာတစ်ခု အဖြစ် သတ်မှတ်ထားပြီး ကင်ဂျုံအွန်းရဲ့ ဖခင်ဖြစ်သူ မွေးဖွားခဲ့ရာ နေရာ အဖြစ်လည်း ဂုဏ်ပြုထားရှိထားတာပါ။
ဘက်ဒူးတောင်ပေါ်ကို မြင်းနဲ့ တက်သွားတာဟာ ကိုရီးယား တော်လှန်ရေး သမိုင်းမှာ အတော်လေး အရေးပါတဲ့ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ကြောင်း KCNA က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
"ကင်ဂျုံအွန်းဟာ မြောက်ကိုရီးယားနိုင်ငံကို သြဇာအာဏာ အကြီးဆုံးနိုင်ငံကြီး ဖြစ်လာအောင် တည်ဆောက်ခဲ့တဲ့ ခရီးကြမ်းအတွင်း သူရင်ဆိုင် ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို ဘက်ဒူးတောင်ကြီးလို မယိုင်မလဲတဲ့ စိတ်ဓာတ်နဲ့ တွန်းလှန်နိုင်ခဲ့ပုံကို ဘက်ဒူးတောင်ထိပ်မှာ မြင်းဖြူကြီးပေါ် ထိုင်ရင်း ပြန်လည် သုံးသပ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်တုန်းက တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေအောင် ကြိုးစားမယ်လို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ အရိပ်အမြွက် ထုတ်ဖော် မပြောခင် သီတင်းပတ် အနည်းငယ် အလိုတုန်းကလည်း ဘက်ဒူးတောင်ထိပ်ပေါ်ကို ကင်ဂျုံအွန်း တက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ရင်းမြစ်, AFP
အာရုံစိုက်ဖို့ မြင်းစီးပြတာလား

ပထမဆုံး ဒီ အပျံစား ဓာတ်ပုံတွေအကြောင်း ပြောရအောင်ပါ။
ကိုရီးယား ကျွန်းဆွယ်ရဲ့ လူသူ အရောက်အပေါက် နည်းတဲ့ နေရာမှာ ပထမဆုံး နှင်းကျချိန် မြင်းဖြူကြီးကို စီးနေတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မြင်ကွင်းလောက် တခြား ဘာကမှ သူ့သြဇာ အရှိန်အဝါကို ပြနိုင်မှာ မဟုတ်ပါဘူး။
ဒါက ကင်မျိုးနွယ်ရဲ့ ခွန်အားနဲ့ သြဇာကို ပြဖို့ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားတွေကို သူတို့ ခေါင်းဆောင်ရဲ့ သြဇာကို သတိထားမိ လာစေဖို့နဲ့ မြင်းရေးကျွမ်းကျင်မှုကိုလည်း ပြသတာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အစိုးရပိုင် မီဒီယာတွေမှာ ဖော်ပြထားတဲ့ စကားတွေအရ တခြား တွေးဆစရာတွေ ရှိလာပါတယ်။
"ကမ္ဘာကြီးကို အံ့သြသွားစေမှာမျိုး လုပ်မယ်"ဆိုတာမျိုးက ထူးခြားပါတယ်။
ကင်ဂျုံအွန်းဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင် ဘက်ဒူးတောင်ကို တက်ခဲ့လေ့ ရှိပါတယ်။
အခုအခါမှာတော့ ကင်ဂျုံအွန်းဟာ သူပြောထားတဲ့ တာဝေးပစ်ဒုံးတွေနဲ့ နျူကလီးယား လက်နက်စမ်းသပ်မှုတွေကို မလုပ်ဘူးဆိုတာကို ပြန်စဉ်းစားဖွယ် ရှိတယ် ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စ အမေရိကန်နဲ့ ဆွေးနွေးတာတွေလည်း ရပ်တန့်နေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ပြည်တွင်း ပြည်ပ အရေးတွေနဲ့ အလုပ်များနေပါတယ်။
ဒါကြောင့် ဒီတောင်ပေါ်လေတွေကနေ တစ်ဆင့် အမေရိကန် အစိုးရ အာရုံစိုက်လာဖို့ မြောက်ကိုရီးယား ခေါင်းဆောင်က သတင်းပေးကောင်း ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီနှစ်မကုန်ခင် နျူကလီးယား ဖျက်သိမ်းရေး သဘောတူညီချက်ယူဖို့ မြောက်ကိုရီးယားကို အမေရိကန်က ပြောထားတာပါ။
မြောက်ကိုရီးယားဘက်ကတော့ ပိတ်ဆို့ အရေးယူတာတွေကို အရင် ဖယ်ရှားပေးပြီးမှ နျူကလီးယားဖျက်သိမ်းတဲ့ အစီအစဉ်ကို လုပ်မယ်လို့ အကြိမ်ကြိမ် ပြောထားပါတယ်။ ဒါပေမဲ့ ဒါကို အမေရိကန်ဘက်က ခေါင်းညိတ်လာအောင် သူမလုပ်နိုင်သေးပါဘူး။
အခု ဒုံးကျည်တွေ နည်းနည်းထပ်ပစ်ပြပြီး အမေရိကန်ကို ဖိအားပေးဖို့ အချိန်ရောက်ပြီလို့ သူယူဆနေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါမှမဟုတ်လည်း နှင်းတောထဲမှာ မြင်းစီးရတာကို ပျော်နေရုံ သက်သက်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်ဟာ မှန်မလဲဆိုတာတော့ မကြာခင် လပိုင်းမှာ သိကြရလိမ့်မယ်လို့ ထင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကင်ဂျုံအွန်းဟာ ဘက်ဒူးတောင်ပေါ်ကို အနည်းဆုံး ၃ ခါလောက် တက်ခဲ့ဖူးတယ်လို့ သတင်းတွေက ဆိုပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကတော့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း နဲ့ အတူ တက်ခဲ့ကြတာပါ။
အရင်ကလည်း တောင်ထိပ်ပေါ်ကို သားရေဖိနပ် အနက် စီးပြီး တက်သွားပုံရတဲ့ ကင်ဂျုံအွန်းရဲ့ ပုံတွေကိုလည်း KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဘက်ဒူးတောင်ဟာ သက်ရှိ လှုပ်ရှားနေတဲ့ မီးတောင်တစ်ခုဖြစ်ပြီး ဒီနေရာဟာ လွန်ခဲ့တဲ့ နှစ် ၄၀၀၀ ကျော်က ပထမဆုံး ကိုရီးယားမင်းဆက် ဂျိုစောင်ခေတ်ကို တည်ထောင်ခဲ့တဲ့ တန်ဂွန် ဘုရင်ရဲ့ မွေးဖွားရာ ဇာတိလို့ ဆိုကြပါတယ်။
ဒီတောင်ဟာ ပြုံယမ်းမြို့တော်နဲ့ ကီလိုမီတာ ရာချီဝေးပါတယ်။ ဒီတောင်က မြောက်ကိုရီးယားနဲ့ တရုတ်နယ်စပ် မှာရှိတာပါ။
ဒီလ အစောပိုင်းမှာ မြောက်ကိုရီးယား နဲ့ အမေရိကန် အရာရှိတွေ ဆွီဒင်မှာ ဆွေးနွေးခဲ့ကြပါသေးတယ်။ အဲဒါဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မစ္စတာကင်တို့ ဇွန်လတုန်းက တောင်-မြောက်ကိုရီးယား နယ်စပ်မှာ ခဏ တွေ့ခဲ့ကြအပြီး ပထမဆုံး ပြန်တွေ့ကြတာ ဖြစ်ပါတယ်။
ဒီခရီးက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မြောင်ဂျီကတော့ ဆွေးနွေးပွဲက သူတို့ မျှော်လင့်သလို ဖြစ်မလာဘဲ နောက်ဆုံးမှာ ရပ်သွားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ဘက်တော့ ကောင်းကောင်းဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲတွေ မတိုင်ခင်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးအသစ် အမျိုးအစားတွေ စမ်းသပ်ခဲ့ပါသေးတယ်။
အဲဒါဟာ ဒီနှစ်ထဲမှာ ၁၁ ကြိမ်မြောက် စမ်းသပ်တာ ဖြစ်ပါတယ်။








