မကြာခင် ရှားပါး ပျောက်ကွယ်တော့မယ့် အရာ ၆ ခု

ရေ၊ ဆီနဲ့ ပျားပိတုန်းတွေ ရှားပါးလာနေတာကို ကြားမိကောင်း ကြားမိကြမှာ ဖြစ်ပေမဲ့ တဖြည်းဖြည်း ရှားပါး ပျောက်ကွယ်လာနေတဲ့ နောက်ထပ် အရင်းအမြစ်တွေလည်း ရှိနေပြီး လူတွေရဲ့ ဘဝတွေကို ထိခိုက်လာနေပါတယ်။

အဲဒီအထဲက ၆ ခုကို ကြည့်ကြရအောင်ပါ။

၁။ ဂြိုဟ်တု ပတ်လမ်းပေါ်က ပစ္စည်းတွေ

၂၀၁၉ ခုနှစ်မှာ ကမ္ဘာကို လှည့်ပတ်နေတဲ့ အရာဝတ္ထု ၅ သိန်းလောက် ရှိပါတယ်။

အဲဒီထဲက ၂ ထောင်လောက်ကပဲ တကယ်တန်း အလုပ်လုပ်နေပြီး အဲဒါတွေက ဆက်သွယ်ရေး၊ GPS နဲ့ ကိုယ့်အကြိုက် ဇာတ်လမ်းတွဲတွေ ကြည့်ဖို့ လူတွေ နေ့စဉ်သုံးတဲ့ ဂြိုဟ်တုတွေ ဖြစ်ပါတယ်။

ကျန်တာတွေကတော့ ကမ္ဘာကနေ လွှတ်တင်လိုက်တဲ့ ရော့ကက် ဂြိုဟ်တုတွေရဲ့ အပျက်အစီးတွေနဲ့ အရင်က ဂြိုဟ်ပတ်လမ်းကြောင်း ပေါ်က ပစ္စည်းတွေ အချင်းချင်း တိုက်မိရာကနေ ရလာတဲ့ အပျက်အစီးတွေ ဖြစ်ပါတယ်။

ဒီတော့ ဘာက ပြဿနာပါလဲ။ အရာဝတ္ထု ၅ သိန်း ဆိုတာ ခြေရာခံလို့ ရတဲ့ အသက်ဝင်နေတဲ့ ပစ္စည်းတွေသာ ဖြစ်ပြီး ပစ္စည်းအသစ်တွေကို ဂြိုဟ်ပတ် လမ်းကြောင်းထဲ နေ့တိုင်း လွှတ်တင်နေတာပါ။

နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ဂြိုဟ်ပတ်လမ်းကြောင်းထဲ ပစ္စည်းတွေ လွှတ်တင်ဖို့ ပိုမိုလွယ်လာပါတယ်။

ဒါက လူသားမျိုးနွယ်အတွက် သတင်းကောင်း ဖြစ်ပေမဲ့ ဂြိုဟ်ပတ်လမ်းကြောင်းထဲမှာ ဒီအရာဝတ္ထုတွေ လွင့်မျောနေတာကို ထိန်းကြပ်နိုင်တာမျိုး မရှိပါဘူး။ ဂြိုဟ်ပတ်လမ်းကြောင်းထဲမှာ အသုံးမဝင်တော့တဲ့ အရာဝတ္ထုတွေ ရှုပ်ပွနေတာကို ရှင်းလင်းနိုင်တဲ့ စနစ်လည်း မရှိသေးပါဘူး။

အဲဒီလို ပစ္စည်းတွေ များလာတာနဲ့ အမျှ တစ်ခုနဲ့ တစ်ခု ရင်ဆိုင် ထိတိုက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေပြီး အလုပ်လုပ်ဖို့ မြေပုံတွေ၊ ဖုန်းအဆက်အသွယ်တွေ၊ ရာသီဥတု ခန့်မှန်းဖို့ စနစ်တွေ စတာတွေအတွက် လိုအပ်တဲ့ ကွန်ရက်တွေကို အကြီးအကျယ် ထိခိုက်လာစေနိုင်ပါတယ်။

ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့ လိုနေပေမဲ့ လောလောဆယ် နည်းလမ်း ရှာမတွေ့သေးပါဘူး။

၂။ သဲ

သဲတွေနဲ့ ပြည့်နေတဲ့ ကမ်းခြေတွေ၊ သဲကန္တာရတွေ ဒီလောက် ရှိနေတာ ဘယ်လိုလုပ် သဲတွေ ရှားပါး ပျောက်ကွယ်သွားမှာလဲလို့ မေးစရာ ရှိပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာ သဲဟာ ကျောက်စရစ်လိုပဲ ကမ္ဘာပေါ်မှာ လူတွေ ထုတ်ယူသုံးစွဲမှု အများဆုံး ဒြပ်ထု ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သဘာဝက ပြန်ဖန်တီး ထုတ်လုပ်ပေးနိုင်တာထက် ပိုမြန်မြန် သဲကို လူတွေ သုံးနေကြတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစ်ခုက ဆိုပါတယ်။

ကျောက်စိုင်ကျောက်ခဲတွေ တိုက်စားပျက်စီးရာကနေ နှစ်ထောင်ပေါင်းများစွာ အချိန်ကြာပြီးမှ ဖြစ်ပေါ်လာတဲ့ သဲတွေကို လူတွေက ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ မြေယာ ဖော်ယူတာ၊ ရေစစ်ယူတာ၊ ပြတင်းပေါက်နဲ့ မိုဘိုင်းဖုန်း မှန်တွေ လုပ်ရာမှာ နေ့စဉ် ပမာဏ အများအပြား သုံးနေကြပါတယ်။

သဲတွေ ဆုံးရှုံးနေမှုကြောင့် ထိလွယ်ပျက်လွယ်တဲ့ ဂေဟစနစ် ကို ထိခိုက်လာနေပြီး ဒီလို မခိုင်မာတဲ့ အရင်းအမြစ်တွေကို အသုံးပြုမှုတွေ တိုးလာနေတာကို ကမ္ဘာတစ်ဝန်း ကြပ်မတ်ဖို့ တောင်းဆိုမှုတွေ ရှိလာနေပါတယ်။

၃။ ဟီလီယမ် ဓာတ်ငွေ့

ပါတီပူဖောင်းတွေကို လေထဲ လွှတ်တင်တဲ့အခါ အပြစ်လုပ်မိသလို ပိုခံစားရမယ့် အချိန် ဖြစ်ကောင်း ဖြစ်လာနေပါပြီ။

ဟီလီယမ် ဓာတ်ငွေ့ဟာလည်း မြေအောက်ကနေ ထုတ်ယူသုံးစွဲတဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် နောက်ထပ် ဆယ်စုနှစ်တွေလောက်ပဲ ဟီလီယမ် ဓာတ်ငွေ့တွေ ကျန်တော့မယ်လို့ ယူဆရပါတယ်။

လာမယ့် နှစ် ၃၀ နဲ့ ၅၀ ကြားမှာ ဟီလီယမ် ဓာတ်ငွေ ပြတ်တောက်သွားမယ်လို့ တချို့က ခန့်မှန်းထားပါတယ်။

ဟီလီယမ် ဓာတ်ငွေ့ ပြတ်သွားရင် ကလေးတွေရဲ့ ပါတီပွဲတွေမှာ မိုးပျံပူဖောင်းတွေ မသုံးရတော့ရုံပေါ့လို့ ယူဆစရာ ရှိပေမဲ့ ဟေလီယမ်ဟာ MRI ဓာတ်မှန်ရိုက်ရာမှာ သံလိုက်ဓာတ်ကို အေးအောင် လုပ်တာမျိုးလို ဆေးဘက်ဆိုင်ရာ ကိစ္စတွေမှာ မရှိမဖြစ် လိုအပ်နေတာပါ။

MRI ကြောင့် ကင်ဆာရောဂါ၊ ဦးနှောက်နဲ့ ကျောရိုး ဒဏ်ရာတွေ ရှာဖွေ၊ ကုသတာတွေကို လုပ်နိုင်ခဲ့ပါတယ်။

၄။ ငှက်ပျောသီး

သိပ်မကြာတော့တဲ့ ကာလကျရင် သစ်သီးဖျော်ရည်တွေထဲ ငှက်ပျောသီး ထည့်နိုင်တော့မယ့်ပုံ မရှိတော့ပါဘူး။

လောလောဆယ် စီးပွားဖြစ် ရောင်းဖို့ စိုက်တဲ့ ငှက်ပျောသီး အများစုဟာ ပနားမား ပိုးလို့ ခေါ်တဲ့ မှိုတစ်မျိုးရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

အများစု စားနေတဲ့ ငှက်ပျောသီးတွေဟာ Cavendish လို့ ခေါ်တဲ့ မျိုးနွယ်စုက လာတာ ဖြစ်ပြီး အပင်တစ်မျိုးကနေ တိုက်ရိုက် ဆင်းသက်တာပါ။ ဒီငှက်ပျောသီးတွေ အားလုံးကို ပုံတူမျိုးကွဲ ဖန်ဆင်းထားတာမို့ ပနားမား ပိုးဟာ ငှက်ပျောသီးစိုက်ခင်းတွေမှာ အလျင်အမြန် ကူးစက်ပျံ့ပွားသွားမယ့်် အခြေအနေ ရှိနေပါတယ်။

အရင်ကလည်း ဒီလို ကြုံခဲ့ဖူးပါတယ်။ ၁၉၅၀ ခုနှစ်မှာ ဒီပိုးကြောင့်ပဲ ကမ္ဘာ့ ငှက်ပျောခင်း တစ်ခုလုံး ပျက်လုနီးပါး ဖြစ်ခဲ့ပြီး ငှက်ပျောစိုက်သူတွေက Gros Michel ငှက်ပျောမျိုးကနေ Cavendish ငှက်ပျောမျိုးကို ပြောင်းစိုက်ခဲ့ရတာပါ။

ဒီမှိုပိုးဒဏ်ကို ခံနိုင်မယ့် ငှက်ပျောမျိုးကို ဖန်တီးဖို့ သုတေသီတွေ အခုအခါ ကြိုးစားနေကြပါတယ်။

၅။ မြေကြီး

ကမ္ဘာတစ်ဝန်းမှာ မြေဆီလွှာတွေ ချက်ချင်း လက်ငင်းကြီး ပြတ်တောက်သွားမှာ မဟုတ်ပေမဲ့ စိုးရိမ်စရာ အခြေအနေ ရောက်အောင် မြေဆီလွှာတွေကို လူတွေ မတရားသုံးနေကြတာ တွေ့ရပါတယ်။

အပေါ်ယံ မြေဆီလွှာဆိုတာ မြေကြီးရဲ့ အပေါ်ဆုံး မြေလွှာ ဖြစ်ပြီး အရေးပါတဲ့ အာဟာရ မြေသြဇာ အများစုကို အပင်တွေက စုတ်ယူတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း ကမ္ဘာ့ အပေါ်ယံမြေဆီလွှာ တစ်ဝက်နီးပါးလောက် ပျောက်ကွယ်သွားပြီလို့ တောရိုင်းသစ်တော ထိန်းသိမ်း စောင့်ရှောက်တဲ့ NGO အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ WWF အဖွဲ့က ခန့်မှန်းပါတယ်။ သဘာဝအတိုင်း မြေဆီလွှာ တစ်လက်မ ဖြစ်ထွန်းဖို့ အချိန် နှစ်ပေါင်း ၅၀၀ လောက် ယူနိုင်ပါတယ်။

မြေလွှာ တိုက်စားမှု၊ အလွန်အမင်း စိုက်ပျိုးထွန်ယက်မှု၊ သစ်တော ပြုန်းတီးမှု၊ ကမ္ဘာကြီး ပူနွေးလာမှုတွေကြောင့် အခုလို အပေါ်ယံ မြေဆီလွှာ ပျက်ဆီး ဆုံးရှုံးရတာလို့ ယူဆရပါတယ်။ ကမ္ဘာ့ အစားအစာ ထုတ်လုပ်မှု အများစုဟာ မြေဆီလွှာပေါ်မှာ မှီခိုနေတာ ဖြစ်ပါတယ်။

၆။ ဖော့စဖရတ်

ရုတ်တရက် ကြည့်လိုက်ရင် ဖော့စဖရတ်က လူတွေရဲ့ နိစ္စဓူဝ ကိစ္စတွေမှာ သိပ်များများပါဝင်တဲ့ပုံ တွေ့ရမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဖော့စဖရတ်ဟာ လူ့ DNA တည်ဆောက်မှုမှာ ဇီဝဗေဒပိုင်းဆိုင်ရာ အရေးပါရုံတင်မကပဲ အစားထိုးလို့ မရတဲ့ မရှိမဖြစ် စိုက်ပျိုးရေး မြေသြဇာ တစ်မျိုးကိုလည်း ဖန်တီးပေးပါတယ်။

မြေကြီးကနေ လာတဲ့ ဖော့စဖရတ်ဟာ မြေကြီးကို ပြန်မသွားဘဲ အပင်တွေနဲ့ တိရစ္ဆာန် အညစ်အကြေးတွေကနေ တဆင့် မြို့ကြီးတွေက မိလ္လာစနစ်နဲ့ ပင်လယ်ထဲ စွန့်ပစ်ခံနေရပါတယ်။

အခုပုံအတိုင်းဆိုရင် လက်ရှိ ဖော့စဖရတ် မိုင်းတွင်း အရင်းအမြစ်တွေက ၃၅ နှစ်ကနေ နှစ် ၄၀၀ အကြားမှာပဲ ခံတော့မယ်လို့ ခန့်မှန်းထားပါတယ်။