ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပလက်ဝနားမှာ တပ်ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့ AA ပြော၊ တပ်မတော်ငြင်းဆို
ချင်းပြည်နယ် ပလက်ဝမြို့နယ်နားမှာ စက်တင်ဘာလ ၅ ရက် နေ့လယ် ၃ နာရီခွဲလောက်က Mi 17 အမျိုးအစား တပ်မတော် ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ရဟတ်ယာဉ်ဟာ ပလက်ဝမြို့နယ် ကင်းတလင်းရွာ အနောက်မြောက်ဘက်ကို ထိုးကျသွားတယ်လို့ AA ကဆိုပါတယ်။
ဒါပေမဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးကတော့ ရဟတ်ယာဉ် ပစ်ချခံရတဲ့ ဖြစ်ရပ်မျိုး မရှိခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်မှာ အရေးပေါ် ဆင်းသက် ရပ်နားခဲ့ရတဲ့ နီပေါက ရဟတ်ယာဉ် သတင်းကိုလည်း ထုတ်ပြန်ခဲ့ပြီးပြီလို့ သူကပြောပါတယ်။
တပ်မတော်က ရခိုင်ပြည်နယ် ကုလားတန် အထက်ပိုင်းမှာ သူတို့ရဲ့ တပ်မတော်ကို စစ်လက်နက်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင် ထောက်ပံ့နေတာ ဖြစ်ပြီး အခု ပစ်ချခံခဲ့ရတယ်ဆိုတဲ့ Mi 17 ရဟတ်ယာဉ်ကလည်း အဲဒီလို လက်နက် ရိက္ခာပစ္စည်းတွေ လာပို့တာလို့ ယူဆရကြောင်း AA ရက္ခိုင့်တပ်တော်ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
ခန်ခတောင်ကြောနားက တောင်ကြော တစ်ခုကို အဲဒီ ရဟတ်ယာဉ် ဖြတ်ပျံတုန်း အရှေ့ဘက် မီတာ ၉၀၀ အကွာမှာ AA ရှေ့တန်းတပ်ဖွဲ့တွေက ပစ်ချခဲ့တာဖြစ်ပြီး တောထဲ ထိုးကျသွားတာကို ပစ်ခဲ့သူတွေက မျက်စိတပ်အပ် မြင်ခဲ့ရတယ်လို့ သူက အခိုင်အမာ ပြောခဲ့ပါတယ်။
ရဟတ်ယာဉ် အပျက်အစီးရဲ့ ဓာတ်ပုံကို ရဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် ခန်ခတောင်ကြောတဝိုက်မှာ တိုက်ပွဲ ဖြစ်နေတာ တစ်လနီးပါး ရှိနေပြီဖြစ်ပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ မနက် ၈ နာရီလောက်က ပလက်ဝမြို့နယ်မှာ AA တပ်စွဲထားတဲ့ နေရာကို တပ်မတော်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲ ဖြစ်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း တပ်မတော်ဘက်က ၁၀ဦး ကျဆုံးပြီး ဒဏ်ရာ ရသူတွေ ရှိခဲ့ကြောင်း ခိုင်သုခက ပြောပါတယ်။ အလားတူပဲ မင်းပြားမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တခြားမြို့နယ်တွေမှာတော့ တိုက်ပွဲကြီးတွေ မရှိခဲ့ပေမဲ့ တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ထိခိုက်ဒဏ်ရာ ရသူ အရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပါဘူး။