ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန် ကိုရီးယား၊ တရုတ် အမေရိကန် အပြန်အလှန်အရေးယူ
ဂျပန်နဲ့ ကိုရီးယား ကုန်သွယ်ရေးအငြင်းပွားမှုတိုး
တောင်ကိုရီးယား နဲ့ ဂျပန် နိုင်ငံ တို့ဟာ နှစ်နိုင်ငံ အကြား မှာ ကုန်သွယ်ရေး ကန့်သတ်ချက်တွေ နောက်ထပ် ချမှတ်နေကြတဲ့ အတွက် ခါးသီးတဲ့ အငြင်းပွားမှု တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ဂျပန်က တောင်ကိုရီးယား ကို ယုံကြည်စိတ်ချရတဲ့ ကုန်သွယ်ဘက် နိုင်ငံ စာရင်း ကနေ ပယ်ဖျက်လိုက်တဲ့ အခါမှာ တောင်ကိုရီးယားကလည်း နာရီပိုင်း အတွင်းမှာပဲ အလားတူ တုံ့ပြန် လိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ Moon Jae-in ကတော့ ဂျပန် ရဲ့ အပြုအမူဟာ မဆင်မခြင်လုပ်ရပ် လို့ ပြောလိုက်ပါတယ်။ ဒါကြောင့်မို့ ဂျပန် နဲ့ စစ်ဘက်ဆိုင်ရာ သတင်း အချက်အလက် ဆက်လက် ဖလှယ်ရေး အပိုင်းကို ပြန်လည်သုံးသပ်နေပြီ လို့ ဆိုပါတယ်။
ဒီပြဿနာ ဟာ ပြီးခဲ့တဲ့ နှစ်က စတင်ခဲ့တာပါ။ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်ကုမ္ပဏီတွေ က တောင်ကိုရီးယားမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှု တွေရှိခဲ့တာကို လျော်ကြေးပေးဖို့ တောင်ကိုရီးယား တရားရုံးတွေ က ဆုံးဖြတ်ခဲ့တာ က အစပြုခဲ့တာပါ။
ဂျပန် ဘက် ကလည်း ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်၅၀ ကတည်းက ဖြေရှင်းပြီးပြီလို့ ဆိုပါတယ်။
အမေရိကန်နဲ့ တရုတ်အပြန်အလှန် အခွန်တိုး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်က တင်ပို့တဲ့ကုန်တွေအပေါ် အခွန်တွေ တိုးမြှင့်ကောက်ခံမယ်လို့ ရုတ်တရက် ဆုံးဖြတ်လိုက်တဲ့အပေါ် တရုတ်ဘက်ကလည်း လက်တုံ့ပြန်မယ်လို့ ကြေညာပါတယ်။
နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို ဆွေးနွေးမှုတွေမှာ တိုးတက်မှု မတွေ့ရဘူးဆိုပြီး သမ္မတထရမ့်က သူ့အဆုံးအဖြတ်ကို ထုတ်ပြောခဲ့တာပါ။ ဒီဆွေးနွေးပွဲတွေဟာ အပြုသဘောဆောင်ပါတယ်လို့ နှစ်ဘက်စလုံးက အရင်က ပြောနေခဲ့ပါတယ်။
တရုတ်ဟာ သူတို့ ကတိပေးထားသလို အမေရိကန်ရဲ့ စိုက်ပျိုးရေး ကုန်တွေကို ပိုပြီး ဝယ်တာတွေ မလုပ်ခဲ့သလို လူတွေသုံးမိရင် စွဲစေတဲ့ ဖင်တာနိုင်းလို ဆေးမျိုးတွေ တင်ပို့နေတာကိုလည်း မရပ်ဘူးလို့ မစ္စတာထရမ့်က ပြောပါတယ်။ တရုတ်အနေနဲ့ အပြင်က ခြိမ်းခြောက်တာတွေ၊ ပြန်ပေးဆွဲသလို လုပ်တာတွေကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။.
နှစ်ဘက်ဆွေးနွေးပွဲတွေ နောက်လမှာ ထပ်လုပ်ဖို့ ရှိနေပါတယ်။
အင်ဒိုနီးရှားမှာ ငလျင်ကြီး လှုပ်
အင်ဒိုနီးရှားနိုင်ငံ အနောက်တောင်ပိုင်း ဆူမာတြာကျွန်းရဲ့ ကမ်းလွန်ပင်လယ်မှာ ပြင်းအား ၇.၄ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားပါတယ်။ ဒီပြင်းအားမျိုးဟာ ဆူနာမီ ဒီလှိုင်းကြီးတွေ ဖြစ်စေနိုင်တဲ့ ပမာဏရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ ငလျင်လှုပ်တာကို မြို့တော်ဂျာကာတာအပါအဝင် မြို့ကြီး တော်တော်များများမှာ သိလိုက်ကြရပါတယ်။ ကမ်းခြေတလျှောက်မှာ နေထိုင်သူတွေကို ကုန်းမြင့်ရာဆီ တက်နေကြဖို့လည်း သတိပေးချက်ထုတ်ထားပါတယ်။ အပျက်အစီးနဲ့ လူထိခိုက်သေကြေမှုရှိမရှိဆိုတာတော့ မသိရသေးပါဘူး။