ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗုံးခွဲတိုက်ခိုက်မှု နိုင်ငံတကာအဖွဲ့နဲ့ဆက်နွှယ်လို့ သီရိလင်္ကာပြော
သီရိလင်္ကာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဧပြီ ၂၁ ရက် ဗုံးခွဲတိုက်ခိုက်မှုတွေကို ကျုးလွန်ကြသူတွေဟာ နိုင်ငံတကာ ကွန်ရက်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တာလို့ သီရိလင်္ကာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုလံဘိုမြို့က ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ ဒီဗုံးခွဲ တိုက်ခိုက် မှုကြောင့် လက်ရှိ အချိန်ထိ အနည်းဆုံး လူ ၂၉၀ သေဆုံးခဲ့ပြီး လူ ၅၀ဝ ကျော် ဒဏ်ရာ ရရှိထား ပါတယ်။
အစိုးရက ဒီတိုက်ခိုက်မှုအပေါ် လူသိနည်းတဲ့ ဂျီဟဒ်အဖွဲ့ National Towheed Jamath ကို ပြစ်တင်လိုက်ပါတယ်။ လက်ရှိအချိန်ထိ ဒီတိုက်ခိုက်မှုတွေကို ဘယ်သူတွေက လုပ်ခဲ့သလဲဆိုတာ မသိရသေးပါဘူး။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိတဲ့ လူ ၂၄ ဦးကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးထား တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ နိုင်ငံတကာကွန်ရက်တွေရဲ့ အကူအညီမပါဘဲ ဒီတိုက်ခိုက်မှုကို အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ အစိုးရ ပြောခွင့်ရ ရာဂျီတာဆေနာရတ်နာ (Rajitha Senaratne)က ပြောပါတယ်။
ဒါ့အပြင် သမ္မတ မိုင်ထရီပါလ ဆီရီဆေနာ (Maithripala Sirisena)က တိုက်ခိုက်တဲ့သူတွေနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတကာ ကွန်ရက်တွေကို ခြေရာခံနိုင်ဖို့ နိုင်ငံတကာကို အကူအညီ တောင်း ထားပါတယ်။
ဒေသခံ အကြမ်းဖက်သမားတွေရဲ့ နောက်မှာ နိုင်ငံတကာ အဖွဲ့တွေရှိနေတယ် ဆိုတာ ထောက်လှမ်းရေး သတင်းတွေမှာ ဖော်ပြနေတာကြောင့် နိုင်ငံခြား တိုင်းပြည်တွေကို သမ္မတက အကူ အညီတောင်းနေတယ်လို့လည်း သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကို လုံခြုံရေးတပ်ဖွဲ့တွေက သတိထားမိခဲ့ပေမယ့် ဒီသတင်းအချက်အလက်အပေါ် တစုံတရာ အရေးယူဆောင်ရွက်ခဲ့တာ မရှိဘူးလို့လည်း သီရိလင်္ကာ ဝန်ကြီးချုပ်က ဧပြီ ၂၁ ရက်နေ့က ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ည သန်းခေါင်ယံမှာ နိုင်ငံတဝန်း အရေးပေါ် အခြေအနေကို ကြေညာမယ်လို့ အမျိုးသား လုံခြုံရေး ကောင်စီက ထုတ်ပြန်ထား ပါတယ်။ ဒီလို ထုတ်ပြန်တာက အကြမ်းဖက်မှု ကို ပစ်မှတ်ထားတာ ဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်တာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။
ဧပြီ ၂၂ ရက်နေ့က ကိုလံဘိုမြို့မှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းအနီးမှာ နောက်ထပ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်တဲ့သူတွေ တပ်ဆင်ထားတဲ့ ယာဉ်ပေါ်က ဖောက်ခွဲစေတတ်တဲ့ ပစ္စည်းတွေကို မပေါက်ကွဲအောင် ရဲတပ်ဖွဲ့က ကြိုးစားနေတုန်းမှာပဲ ပေါက်ကွဲ သွားခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေ ရှိလားဆိုတာ မသိရသေးပါဘူး။
တိုက်ခိုက်မှု ဘယ်လို ဖြစ်ခဲ့တာလဲ
ဧပြီ ၂၁ ရက်က ကိုလံဘိုမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုက ဒေသစံတော်ချိန်မနက် ၈ နာရီ ၄၅မိနစ်မှာ ဖြစ်ခဲ့ပြီး ဒီနောက် မိနစ်အနည်းငယ်အတွင်းမှာကို နောက်ထပ် ပေါက်ကွဲမှု ၆ ခုဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
Negombo၊ Batticaloa နဲ့ ကိုလံဘို Kochchikade ခရစ်ယာန်ဘုရားကျောင်း ၃ ခု ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး ရှန်ဂရီလာ၊ ကင်ဘူရီနဲ့ စီနာမွန်ဂရန့် ဟိုတယ်တွေလည်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအားလုံးဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
ကိုလံဘို လေဆိပ်အနီးမှာ အဆင့်နိမ့် ဖောက်ခွဲရေး ပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေက မပေါက်ကွဲအောင် စီမံဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆင့်နိမ့်ဖောက်ခွဲရေး ပစ္စည်း ၈၇ ခုကို ဘတ်စကားဂိတ်မှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ သီရိလင်္ကာက ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်လို ခန့်မှန်း ပြောဆိုနေကြလဲ
ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူတွေရှိနိုင်သလဲဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ အများအပြားထွက်ပေါ်နေပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အစိုးရက လူမှုကွန်ရက် အသုံးပြုတာကို ပိတ်လိုက်ပါတယ်။
ဗုံးခွဲတိုက်ခိုက်တဲ့သူတွေက အစွန်းရောက် အစ္စလာမ်မစ် အုပ်စု ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ကိုလံဘိုမြို့မှာ ရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကြိုသတင်းရထားပေမယ့် လုံလောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိတာကို စစ်ဆေးဖို့လိုတယ်လို့ ဝန်ကြီးချုပ် ရာနီ ဝစ်ခရီမီဆင်းဂါးက ပြောပါတယ်။
ဒါပေမဲ့ သီရိလင်္ကာ ထိပ်တန်း အရာရှိတဦးက အစိုးရနဲ့ ထောက်လှမ်းရေးကို အပြစ် မတင်သင့်ဘူး လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးပြိုင်ဘက် ဟမ်မာဆရီ ဖာနန်ဒိုက တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေ ဒီလ အစောပိုင်းက လက်ခံရရှိခဲ့ပေမယ့် ဒီလောက် ကြီးမားတဲ့ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူးလို့ ပြောပါတယ်။
ဖောက်ခွဲမှုကြောင့် ဘယ်သူတွေ အထိနာလဲ
သေဆုံးသူအများစုက သီရိလင်္ကာ နိုင်ငံသားတွေဖြစ်ပြီး အီစတာ ပွဲတော် တက်ရောက်နေတဲ့ ခရစ်ယာန်ဘာသာဝင်တွေ ပါဝင်ပါတယ်။ နိုင်ငံခြားသား ၃၅ ဦးလည်း သေဆုံးသွားပါတယ်။
ဒီအထဲမှာ ဒိန်းမတ် ဘီလျံနာ Anders Holch Povlsen ရဲ့ ကလေး ၃ ဦးလည်း ပါတယ်လို့ မိသားစုက အတည်ပြုပါတယ်။
လက်ရှိအချိန်မှာ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးနေတဲ့ဆွေမျိုးသားချင်းတွေကို မိသားစုဝင်တွေက ဆေးရုံတွေ ရင်ခွဲရုံတွေမှာ လိုက်ရှာနေပါတယ်။
ဒီအထဲက ဆေးရုံမှာ သမီးကို လိုက်ရှာနေတဲ့ Rameshwaryက ကျွန်မရဲ့ သမီးက မနေ့က ဘုရားကျောင်းကို သွားခဲ့တယ်လို့ ပြောပါတယ်။
"ပေါက်ကွဲမှုတွေဖြစ်ပြီးတဲ့နောက် သူ့ကို ခေါ်တဲ့အခါမှာ ဘာသံမှာ မကြားရပါဘူး။ ဒီနေ့ညအထိ သူ့ဆီက ဘာမှ မကြားရပါဘူး။ ဒါကြောင့် သူ့ကို ဒီမှာ လာရှာတာပါ" လို့ သူက ပြောပါတယ်။
တချို့ဆွေမျိုးသားချင်းတွေဆိုရင် ပျောက်ဆုံးနေတဲ့သူတွေကို ဆေးရုံမှာ သွားရောက် ရှာဖွေရာမှာ မတွေ့လို့ ရင်ခွဲရုံကို လာရောက် ရှာဖွေတဲ့သူ တွေလည်း ရှိနေပါတယ်။
သီရိလင်္ကာ သမိုင်းကြောင်း
ဧပြီ ၂၁ ရက်နေ့တိုက်ခိုက်မှုက ၂ဝဝ၉ ခုနှစ် သီရိလင်္ကာမှာ ပြည်တွင်းစစ် ပြီးဆုံးပြီးတဲ့နောက် အဆိုးဝါးဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။
ဒီနိုင်ငံမှာ တမီးလ်ကျားသူပုန်တွေက ၂၆ နှစ်နီးပါး လွတ်လပ်ရေး ရဖို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက သူတို့ကို အပြီးသတ် ခေျမှုန်းပြီး ပြည်တွင်းစစ်ကို အဆုံးသတ် လိုက်ပါတယ်။
ဒီပဋိပက္ခကြောင့် လူ ၇သောင်းနဲ့ ၈သောင်းကြားသေဆုံးခဲ့တယ်ဆိုပြီး ယူဆနေပါတယ်။
၂ဝ၁၈ ခုနှစ် မတ်လမှာ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်တဲ့ ဆင်ဟာလာ မျိုးနွယ်စုက ဗလီတွေနဲ့ မွတ်စလင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။
သီရိလင်္ကာက ဘာသာရေး ကိုးကွယ်ယုံကြည်မှု
သီရိလင်္ကာမှာ ရှိတဲ့ လူဦးရေ ၇ဝ.၂ ရာခိုင်နှုန်းက ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ် ယုံကြည်ကြတယ်လို့ သိပ်မကြာသေးမီက ကောက်ခံထားတဲ့ စစ်တမ်းတွေက ဆိုပါတယ်။
ဟိန္ဒူ ဘာသာ၀င် ၁၂.၆ ရာခိုင်နှုန်းနဲ့ မွတ်စလင် ၉.၇ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါ့အပြင် ခရစ်ယာန် ဘာသာဝင် ၁.၅ သန်း နေထိုင်ကြတယ်လို့လည်း ၂ဝ၁၂ ခုနှစ် သန်းခေါင်စာရင်းမှာ ဖော်ပြထားပါတယ်။ ခရစ်ယာန်ဘာသာဝင် အများစုက ရိုမန် ကတ်သလစ်တွေဖြစ်ကြပါတယ်။