ထိုင်းရွေးကောက်ပွဲ - ရွေးကောက်ပွဲမှာ အခြေအနေကောင်းခဲ့သူကို ရာဇဝတ်မှုနဲ့ ပုဒ်မတပ်

ထိုင်း နိုင်ငံရေးပါတီသစ် တစ်ခုဖြစ်တဲ့ "အနာဂတ်ရေး ရှေ့သို့ချီ" Future Forward ပါတီရဲ့ ခေါင်းဆောင် တာနာထုံ ဂျွန်ရွန်ရန်ကစ်ဟာ ပုန်ကန်ရန် အားပေးလှုံ့ဆော်မှု ပုဒ်မတပ် အရေးယူ ခံလိုက်ရပြီး စွဲဆို ခံထားရတာတွေကို ရင်ဆိုင်ဖို့ ရဲဌာနကို သွားရောက် ခဲ့ရပါတယ်။

မစ္စတာ ဂျွန်ရွန်ရန်ကစ်ရဲ့ ပါတီသစ်ဟာ ပြီးခဲ့တဲ့လ ထိုင်းရွေးကောက်ပွဲမှာ မမျှော်လင့်ဘဲ အခြေအနေကောင်းခဲ့တဲ့ ပါတီဖြစ်ပြီး သူ့ကို အခုလို ပုဒ်မတပ်လာတာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ၂ဝ၁၅ ဆန္ဒပြပွဲတွေတုန်းက မစ္စတာ ဂျွန်ရွန်ရန်ကစ်ဟာ ဆန္ဒပြခေါင်းဆောင်ကို အကူအညီပေးခဲ့လို့ ဆိုပြီး အခုလို ပုန်ကန်ရန် အားပေးလှုံ့ဆော်မှု ပုဒ်မတပ် ခံရတာ ဖြစ်ပါတယ်။

အဲဒီကာလတုန်းက ဆန္ဒပြခေါင်းဆောင်တစ်ယောက် အဖမ်းမခံရအောင် ကူညီတဲ့ အနေနဲ့ ကားကြုံတင်ခေါ်ပြီး အိမ်တိုင်ရာရောက် ပြန်ပို့ပေးခဲ့တာမျိုး မစ္စတာ ဂျွန်ရွန်ရန်ကစ်လုပ်ဆောင် ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ ဂျွန်ရွန်ရန်ကစ် ဦးဆောင်တဲ့ ပါတီဟာ မတ်လ ရွေးကောက်ပွဲနောက်ပိုင်း တခြား အတိုက်အခံ ပါတီတွေနဲ့ ညွန့်ပေါင်း ဖွဲ့ထားပါတယ်။

ညွန့်ပေါင်း အင်အားနဲ့သာ ဆိုရင် ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပယာယွတ် ဦးဆောင်တဲ့ စစ်တပ်ကျောထောက်နောက်ခံ ပါတီထက် မဲ အရေအတွက် သာနိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။

၂ဝ၁၅ တုန်းက ကိစ္စနဲ့ အခုချိန် သူ့အပေါ် တရားစွဲလာတာဟာ ထိုင်းစစ်တပ်ရဲ့ နိုင်ငံရေးအရ ထိုးနှက်ချက်သဖွယ် မစ္စတာ ဂျွန်ရွန်ရန်ကစ် ပြောဆိုတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေး မျိုးဆက်သစ် ခေါင်းဆောင်

လက်ရှိ အသက် ၄ဝ အရွယ် တာနာထုံ ဂျွန်ရွန်ရန်ကစ် အပေါ် ထိုင်းနိုင်ငံရေး မျိုးဆက်သစ် ခေါင်းဆောင်တစ်ယောက် အဖြစ် ရှုမြင်ထားကြပါတယ်။

"အနာဂတ်ရေး ရှေ့သို့ချီ" နာမည်နဲ့ ပါတီသစ်ကို ဦးဆောင်ဖွဲ့ပြီး မတ်လ ရွေးကောက်ပွဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ အင်မတန် မွန်မွန်ရည်ရည်နဲ့ နှစ်လိုဖွယ်ခေါင်းတဲ့ လူရွယ် ခေါင်းဆောင်တစ်ယောက် အဖြစ် အများက သတ်မှတ်ကြပါတယ်။ အာဏာသိမ်း ထိုင်းစစ်တပ်ကို ဆန့်ကျင်တဲ့ အမြင် ရှိကြတဲ့ ထိုင်းလူငယ်တွေက မစ္စတာ ဂျွန်ရွန်ရန်ကစ်နဲ့ သူ့ပါတီကို ထောက်ခံ အားပေးကြပါတယ်။

သူ့ပါတီလည်း ရွေးကောက်ပွဲမှာ အခြေအနေကောင်းခဲ့ပြီး လက်ရှိ ထုတ်ပြန်ထားတဲ့ ရလဒ်တွေအရ မဲ ၆ သန်း ၂ သိန်း ရရှိခဲ့ပြီး မဲအရအများဆုံး တတိယမြောက်ပါတီ ဖြစ်နေပါတယ်။

၂ဝ၁၄ မှာ တိုင်းပြည်ကို စစ်အာဏာသိမ်းခဲ့ပြီး အခု ရွေးကောက်ပွဲမှာလည်း မဲအများဆုံး ရထားတဲ့ ဗိုလ်ချုပ်ကြီး ပယာယွတ် ချန်အိုချာ အာဏာဆက်လက် ဆုပ်ကိုင် မထားနိုင်အောင် အတိုက်အခံပါတီတွေ စုရုံးပြီး ဒီမိုကရက်တစ် မဟာမိတ်များ နာမည်နဲ့ ညွန့်ပေါင်း ဖွဲ့ကြတဲ့အခါ မစ္စတာ ဂျွန်ရွန်ရန်ကစ်ရဲ့ ပါတီလည်း ပူးပေါင်း ပါဝင်ပါတယ်။

မစ္စတာ ဂျွန်ရွန်ရန်ကစ်ကို ထောက်ခံကြောင်းပြဖို့ လူရာချီ စုရုံး

ရဲစခန်းထဲကနေ မစ္စတာ ဂျွန်ရွန်ရန်ကစ် ပြန်ထွက်အလာကို စောင့်နေကြတဲ့ အားပေး ထောက်ခံသူတွေ ဘန်ကောက်မြို့ ရဲစခန်းအနီး ရာနဲ့ချီ စုဝေး မိခဲ့ကြပါတယ်။

မစ္စတာ ဂျွန်ရွန်ရန်ကစ် အပေါ် အားပေး ထောက်ခံကြောင်း ဖော်ပြနေတဲ့ ဓာတ်ပုံတွေ၊ စာသားတွေကို လူအုပ်က စွဲကိုင်ထားခဲ့ကြပြီး၊ စစ်အစိုးရက တားမြစ်ထားတဲ့ လက် ၃ ချောင်း ထောင် အလေးပြုတဲ့ ပုံစံတွေ ပြုလုပ်ခဲ့ကြပါတယ်။

လူအုပ်ကိုင်ထားတဲ့ ပိုစတာတွေကို ကြည့်ရင် တာနာထုံကိုကယ်တင်ကြလို့ အဓိပ္ပာယ်ရတဲ့ #SaveThanathorn တွေ ရေးထားတာ တွေ့ရသလို၊ စစ်တပ်အုပ်စီးမှုကို ရည်ညွှန်းလိုပုံရတဲ့ "ဒိုင်နိုဆောခေတ် အဆုံးသတ်ပြီ" စတဲ့ စာသားမျိုးတွေလည်း တွေ့ရပါတယ်။

မစ္စတာ ဂျွန်ရွန်ရန်ကစ် ရဲစခန်းထဲကနေ ပြန်ထွက်အလာ လူထုကို နှုတ်ဆက်တဲ့ အခါမှာလည်း လက် ၃ ချောင်း ထောင် အလေးပြုတာမျိုး ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေး ကောင်စီ ဆိုတဲ့ လက်ရှိ အာဏာသိမ်း စစ်အစိုးရက တာနာထုံ ဂျွန်ရွန်ရန်ကစ်ကို တရားစွဲတာ ဖြစ်ပါတယ်။

လူအုပ်စုဝေးမှု ထိန်းချုပ်ရေး ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့ ဆန္ဒပြ ခေါင်းဆောင်ကို အကူအညီပေးမှုဟာ ထိုင်း ရာဇဝတ် ပုဒ်မ ၃ ခုကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး တရားစွဲတာ ဖြစ်ပါတယ်။

အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လာရင် ထောင် ၉ နှစ် အထိ ကျနိုင်ပြီး ရွေးကောက်ပွဲ နိုင်ပေမဲ့ ပါလီမန်နေရာကိုပါ လက်လွှတ် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးသတ်ဖို့ စစ်တပ်ကကြံတာ

သူ့ကို ပုဒ်မတွေတပ် အရေးယူမယ်ဆိုတာ သိသိလာရချင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မစ္စတာ ဂျွန်ရွန်ရန်ကစ်ဟာ အာဏာသိမ်း စစ်အစိုးရကို အဖျက်အမှောင့် အင်အားစုတွေ၊ အမှောင်လွှမ်းနေတဲ့ဟာတွေလို့ ရည်ညွှန်း ခေါ်ဝေါ်ပြီး အဲဒီ အမှောင့်ပယောဂတွေက သူ့ရဲ့ အနာဂတ်ရေး ရှေ့သို့ချီပါတီကို အလွတ်ပေးမှာ မဟုတ်ဘူးလို့ ပြောဆို ခဲ့ပါတယ်။

ဧပြီ ၆ ရက်၊ ရဲစခန်းရှိရာ သွားရောက်ပြီး ကနဦး စစ်ဆေးမေးမြန်းတာတွေ ခံခဲ့ရပြီး နောက် ပြန်ထွက် အလာမှာလည်း သူ့ကို အခုလို အရေးယူလာတာဟာ ရွေးကောက်ပွဲနဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်ဆိုပြီး "ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာမှာပဲ ဒီဇာတ်လမ်းစလာတာ" လို့ ထောက်ပြ သွားပါတယ်။

"ကျွန်တော် အပြစ်မရှိဘူး ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်။ ဒါပေမယ့် အခုကိစ္စက ကျွန်တော်တစ်ယောက်တည်းအတွက် သီးသန့် ကိစ္စ မဟုတ်ဘူး။ တရားမျှတမှု အတွက် တိုက်ပွဲဝင်သူတွေ အားလုံးကို သူတို့ ရည်ရွယ်တာ" လို့ မစ္စတာ ဂျွန်ရွန်ရန်ကစ်က ဆိုပါတယ်။

ကြန့်ကြာနေတဲ့ ထိုင်းရွေးကောက်ပွဲ

ထိုင်းရွေးကောက်ပွဲ ရလဒ်တွေကို မေလ ၉ ရက်နေ့ကျမှ အဆုံးသတ် အတည်ပြုမယ်ဆိုပြီး ရွေးကောက်ပွဲ အာဏာပိုင်တွေက ကြေညာထားပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ ရလဒ်တွေအရ မဲအများဆုံးကို ဗိုလ်ချုပ်ကြီး ပယာယွတ်ရဲ့ ပါတီက ရထားပြီး ဒုတိယ နေရာမှာတော့ Pheu Thai ပါတီ ရှိနေပါတယ်။ အဲဒီပါတီကတော့ လက်ရှိ ပြည်ပြေး ဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့ မဟာမိတ်ပါတီ ဖြစ်ပါတယ်။

မဲမသမာမှုတွေ ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ မဲရုံတချို့မှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။

ပါလီမန်ထဲက နေရာကို ရရှိနိုင်ရေး လက်ရှိ ထိုင်းစနစ်ဟာ ရှုပ်ထွေးပါတယ်။ စစ်တပ်က သူတို့ အာဏာသိမ်း ကာလအတွင်း တီထွင်ထားတာ ဖြစ်ပြီး မဲ အများဆုံး ရသူက ပါလီမန်ထဲကိုသွား ဆိုတဲ့ ရိုးရိုးရှင်းရှင်း သဘော မရှိပါဘူး။

အချိုးကျမဲစနစ်ပါထည့်ထားတာ ဖြစ်တဲ့ အတွက် လက်ရှိ ထုတ်ပြန်ထားတဲ့ ရလဒ်တွေအရ ပါလီမန်ထဲ ဘယ်ပါတီက နေရာ ဘယ်နှစ်ခု ရနိုင်တယ်လို့ တပ်အပ် မပြောနိုင်သေးပါဘူး။ ဒါ့ကြောင့် နောက် အစိုးရကို ဘယ်အုပ်စုက ဖွဲ့နိုင်မလဲဆိုတာလည်း မသေမချာ မရေမရာ အခြေအနေမှာ ရှိနေပါတယ်။

အတိုက်အခံပါတီတွေကတော့ စစ်တပ်ပါတီပဲ ရွေးကောက်ပွဲနိုင် အာဏာဆက်ပြီး ရယူသွားတာမျိုး မဖြစ်ရလေအောင် ညွန့်ပေါင်းဖွဲ့ထားပါတယ်။

မစ္စတာ ဂျွန်ရွန်ရန်ကစ် ရဲ့ ပါတီ ရွေးကောက်ပွဲမှာ မဲ ဘယ်လောက်များများ ရထားပေမဲ့ ပါလီမန်နေရာ ထင်သလောက် ပေးမှာမဟုတ်တဲ့ သဘောမျိုး ထိုင်း ရွေးကောက်ပွဲ ကော်မရှင် ဆီက တွေ့နေရတယ်လို့ ဘန်ကောက်မှာ ရှိနေတဲ့ အရှေ့တောင် အာရှ ရေးရာ ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်ဒ်က ပြောပါတယ်။

ခုလို မစ္စတာ ဂျွန်ရွန်ရန်ကစ် အပေါ် ရာဇဝတ်ပုဒ်မတွေပါ တပ်ပြီး တရားစွဲလာပြီ ဆိုတော့ နိုင်ငံရေးထဲက လုံးဝ ထုတ်ပစ်နိုင်အောင် စစ်တပ်ဘက်က ကြိုးစားလာတာ ဖြစ်တယ်လို့ မစ္စတာ ဂျွန်ရွန်ရန်ကစ်ကို ထောက်ခံသူတွေက ဝေဖန် နေကြပါတယ်။