ထိုင်းမင်းသမီး အူဘွန်ရတ် အစဉ်အလာ ချိုးဖောက်ပြီး ဝန်ကြီးချုပ် ဝင်အရွေးခံမယ်

ထိုင်းနိုင်ငံမှာ ထိုင်းဘုရင့် အစ်မတော် မင်းသမီး အူဘွန်ရတ် ဝန်ကြီးချုပ် ဝင်အရွေးခံမယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

အသက် ၆၇ နှစ်အရွယ် မင်းသမီး အူဘွန်ရတ် ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ရဲ့ မဟာမိတ် ပါတီတခုမှာ ဝင်ပြိုင်မယ်လို့ ရွေးကောက်ပွဲ မှတ်ပုံတင် စာရင်းအရ သိရပါတယ်။

နိုင်ငံရေး လောကကနေ ထိုင်းတော်ဝင် မိသားစု ခပ်ဝေးဝေးနေလေ့ ရှိတဲ့ အစဉ်အလာကို ချိုးဖောက်ပြီး မင်းသမီး အူဘွန်ရတ် အခုလို ဝင်အရွေးခံမှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်မှုအောက် ထိုင်းနိုင်ငံ ၅ နှစ်ကြာ ရောက်ခဲ့အပြီး ဒီမိုကရေစီ စနစ် ပြန်ဖေါ်ဆောင်ဖို့ ပထမဆုံး အခွင့်အလမ်းအဖြစ် လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အများက အနီးကပ် စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

မင်းသမီး အူဘွန်ရတ် က ဘယ်လို အမျိုးသမီးလဲ

မင်းသမီး အူဘွန်ရတ် ရာဂျာကန်ညာ ဆီရီဗာဒနာ ဘာနဗာဒီ ဟာ ကွယ်လွန်သူ ဘုရင် ဘူမိဘောရဲ့ သားသမီးတွေထဲမှာ အကြီးဆုံး သမီးတော် ဖြစ်ပြီး ၁၉၅၁ ခုနှစ်က မွေးဖွားခဲ့တာပါ။

မင်းသမီး အူဘွန်ရတ် ဟာ အမေရိကန်နိုင်ငံ မန်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှာ အမေရိကန် တဦးနဲ့ အိမ်ထောင်ကျအပြီးမှာ တော်ဝင် မင်းသမီးဘွဲ့ကို စွန့်လွှတ်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ခင်ပွန်းနဲ့ ကွာရှင်း ပြတ်စဲခဲ့ပြီး ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တော်ဝင် မိသားစုတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပြန်ပါလာခဲ့ပါတယ်။

မင်းသမီး အူဘွန်ရတ် ဟာ လူမှုကွန်ရက် စာမျက်နှာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ ရှိသူ ဖြစ်ပြီး ထိုင်းရုပ်ရှင်ကား အတော်များများမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

သူ့မှာ သားသမီး ၃ ဦး ရှိပြီး တဦးက ၂၀၀၄ ခုနှစ် ဆူနာမီအတွင်း ကွယ်လွန်ခဲ့ပါတယ်။ ကျန်တဲ့ သားသမီး နှစ်ဦးကလည်း အခုအခါ ထိုင်းနိုင်ငံမှာ နေထိုင်နေပါတယ်။

မင်းသမီး အူဘွန်ရတ်ဟာ ဝန်ကြီးချုပ်ဟောင်း ရှင်နာဝပ် မိသားစုအပေါ် သစ္စာစောင့်သိတဲ့ ထိုင်း ရက်ဆာ ချာ့ ပါတီ ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

သောကြာနေ့တုန်းက အင်စရာဂရမ် လူမှုကွန်ရက် စာမျက်နှာမှာ မင်းသမီး အူဘွန်ရတ် က သူ့ရဲ့ တော်ဝင်ဘွဲ့တွေအားလုံးကို သူပြန်အပ်ထားပြီး ဖြစ်ပြီး အခုအခါ သာမန် အရပ်သူလို သူနေနေတယ် ဆိုတာကို ထပ်လောင်း ဖေါ်ပြခဲ့ပါတယ်။

ထိုင်းပြည်သူတွေ အားလုံး ကြီးပွား တိုးတက်ရေးအတွက် သံန္နိဋ္ဌာန် ချပြီး ရိုးရိုးသားသား ဆောင်ရွက်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံရေး အလှည့်အပြောင်း

ထိုင်းနိုင်ငံရေးမှာ အခု လတ်တလော နှစ်ပိုင်းတွေအတွင်း ထူးထူးဆန်းဆန်း အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။

အခုလို ထိုင်းဘုရင် ဗာဂျီရာလောင်ကွန် ရဲ့ အကြီးဆုံး အစ်မတော် ထိုင်းဝန်ကြီးချုပ် အဖြစ် ဝင်အရွေးခံတာက အထူးဆန်းဆုံး ဖြစ်ရပ် တခု ဖြစ်ပါတယ်။

တကယ်လို့ သူဝင်ပြိုင်ခွင့်ကို အတည်ပြုလိုက်ပြီ ဆိုရင်တော့ ဒါဟာ ထိုင်းဘုရင်ကို အကာအကွယ်ပေးဖို့နဲ့ သာ့ခ်ဆင် အစိုးရ အားပေး ထောက်ခံသူတွေကို အစိုးရ အဖွဲ့ထဲကနေ ဖယ်ပစ်ဖို့ ဆိုပြီး နိုင်ငံကို ၂၀၁၄ ခုနှစ်တုန်းက အာဏာသိမ်းယူခဲ့တဲ့ ထိုင်းစစ်တပ်ရဲ့ နည်းဗျူဟာ လုံးဝ မအောင်မြင်တော့ဘူး ဆိုတာ ပေါ်လွင်နေပါတယ်။

စစ်တပ် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နောင်ဖွဲ့မယ့် အစိုးရတွေအပေါ် စစ်တပ်က ဆက် သြဇာလွှမ်းမိုးထားနိုင်ဖို့ ဆိုတဲ့ အချက်က ပါနေဆဲပါ။ ဒါပေမယ့် ဘုရင့် မိသားစုဝင်တဦး ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုရင် စစ်အစိုးရ မလုပ်နိုင်ခဲ့တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဆောင်ရွက် နိုင်ပြီး နှစ်ပေါင်း ၁၃ နှစ်ကြာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်ရေးကို ကူညီ လုပ်ဆောင်ပေးနိုင်ဖွယ် ရှိပါတယ်။

တစ်ခု ရှိတာက အစိုးရ အဖွဲ့ရဲ့ အဓိက အရေးပါတဲ့ နေရာထဲ တော်ဝင်မိသားစု တစ်ဦး ဝင်နေရာယူလာတဲ့အတွက် နိုင်ငံရေး ကိစ္စတွေမှာ ဝင်ပါလေ့ မရှိတဲ့ တော်ဝင်မိသားစုရဲ့ ရပ်တည်ချက်ကို ထိခိုက်လာစေနိုင်ပါလိမ့်မယ်။

ထိုင်းပြည်သူတွေ ဘယ်လို တုံ့ပြန်ကြသလဲ

မင်းသမီးကို ထောက်ခံသူတွေကတော့ ထိုင်း လူမှုကွန်ရက်တွေပေါ်ကနေ အကြီးအကျယ် ထောက်ခံ ရေးသားနေကြပါတယ်။

တချို့ကလည်း သူ့ကို တခြား သမိုင်းဝင် အမျိုးသမီး ခေါင်းဆောင်တွေနဲ့ နှိုင်းယှဉ် ဖေါ်ပြခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်

မတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ် ကို ဖြုတ်ချပြီး လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန် အိုချာ အာဏာ လွှဲယူခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဆိုရင် ပထမဆုံး အကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရော သူ့အစ်ကို သက်ဆင် ရှင်နာဝပ် ပါ လောလောဆယ် ပြည်ပမှာ ထွက်ပြေး ခိုလှုံနေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရေးမှာ သြဇာ အရှိန်အဝါ ကြီးမားနေဆဲ ဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှာ ရှိနေတဲ့ ပြည်သူ အတော်များများက သူတို့ကို ဆက်ထောက်ခံ အားပေးနေကြဆဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ စစ်ခေါင်းဆောင်တွေ ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြည်သူတွေ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အဲဒီ ဥပဒေသစ်ဟာ စစ်တပ်ကို သြဇာ လွှမ်းမိုးနိုင်အောင်နဲ့ နောက်ရွေးကောက်ပွဲတွေမှာ မစ္စတာ သက်ဆင်ရဲ့ မဟာမိတ်တွေ မနိုင်နိုင်အောင် ဒီဇိုင်းဆွဲထားတာပါ။

ဒါပေမယ့် အခုတော့ မင်းသမီး အူဘွန်ရတ် က မစ္စတာ သက်ဆင်ရဲ့ မဟာမိတ် ပါတီတခုကို ကိုယ်စားပြုပြီး ဝင်ပြိုင်တော့မှာ ဖြစ်တဲ့အတွက် ဘယ်လို ဖြစ်လာမလဲ ဆိုတာ တွက်ဆထားလို့ မရတော့ဘူးလို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

စစ်အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ပရာယွတ် ကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ သောကြာနေ့တုန်းက ထုတ်ဖော် ကြေညာခဲ့ပါတယ်။

သူက စစ်တပ် ထောက်ခံတဲ့ ပလန်း ပရာချရက် ပါတီ ကနေ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ တော်ဝင် မိသားစုတွေအပေါ် ဝေဖန် သိက္ခာချတာမျိုးကို အရေးယူတဲ့ အတင်းကျပ်ဆုံး ဥပဒေတချို့ ချမှတ်ထားပါတယ်။ အခု မင်းသမီး အူဘွန်ရတ် ကတော့ တော်ဝင်ဘွဲ့တွေ စွန့်လွှတ်ထားတဲ့အတွက် ဒီဥပဒေတွေနဲ့ အကျုံးမဝင်ပါဘူး။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ တော်ဝင် မိသားစုကို ပြည်သူတွေက ကြည်ညို လေးစားကြပြီး ဝေဖန် ပြောဆိုလေ့ သိပ်မရှိပါဘူး။ ဒီတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် တခြား ပုဂ္ဂိုလ်တွေအနေနဲ့ တော်ဝင် မိသားစုဝင် တဦးကို စိန်ခေါ် ချင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။

ဒါ့အပြင် ဘုရင်ကို အကြည်ညို ပျက်စေမှု ဥပဒေတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ် ဖွင့်ဆိုနေကြတဲ့အတွက် မီဒီယာတွေအနေနဲ့ သတင်း ရေးတဲ့အခါ သတိထား ရေးကြမယ့်ပုံ ရှိနေတယ်လို့ အကဲခတ်တွေက သုံးသပ်နေပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က နိုင်ငံရေးထဲ ဝင်စွက်လေ့ ရှိတဲ့ ရာဇဝင် ရှိပါတယ်။အချုပ်အခြာ အာဏာပိုင်ခွင့် ရှိတဲ့ ဘုရင်စနစ် ချုပ်ငြိမ်းသွားခဲ့ကတည်းက ၁၂ ကြိမ်လောက် စစ်အာဏာ သိမ်းခဲ့ဖူးပြီး နိုင်ငံရဲ့ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၃၂ ခုနှစ်မှာ စစ်တပ်က ရေးဆွဲခဲ့ပါတယ်။