ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် ရဲ့ စီးပွားရေး တိုးနှုန်း က ၂၀၂၀ ခု နှစ် အထိ နှေးမယ်လို့ခန့်မှန်း
၁၉၉၀ ခုနှစ် ကနေ စပြီး တဟုန်ထိုး တိုးတက်နေခဲ့တဲ့ တရုတ် နိုင်ငံရဲ့ စီးပွားရေး ဟာ ပြီးခဲ့တဲ့ သုံးလတာ ကာလ အတွင်းမှာတော့ အင်မတန်မှကို နှေးကွေးတဲ့ နှုန်းထားနဲ့ တိုးတက်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန် လိုက်တဲ့ စာရင်း ဇယားတွေ အရ သိရပါတယ်။
တရုတ်နိုင်ငံဟာ ဆယ်စုနှစ်ပေါင်း ၃၀ နီးပါးအတွင်း အနှေးကွေးဆုံးနှုန်းနဲ့ စီးပွားရေး တိုးတက်ခဲ့တာပါ။ အစိုးရ ကိန်းဂဏန်းတွေအရ မနှစ်တုန်းက စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ စံချိန်အဆင့်အတန်းနဲ့ နှိုင်းစာရင် ဒီနှုန်းဟာ မြင့်တယ်လို့ ပြောနိုင်ပေမယ့် ကမ္ဘာပေါ်မှာ စီးပွားရေး ဒုတိယ အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ စီးပွားရေး အားလျော့မှုဟာ ကမ္ဘာတဝန်း စီးပွားရေး တိုးတက်မှုကိုလည်း ထိခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက စားသုံးသူ ဝယ်လိုအား လျော့ကျလာနေပြီး ကြွေးမြီတွေ တင်နေတဲ့အတွက် စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။ ဥပမာအားဖြင့် ကား အရောင်းအဝယ်ဟာ နှစ်ပေါင်း ၂ဝအတွင်း ပထမဆုံးအကြိမ် ထိုးကျသွားခဲ့တာ တွေ့ရပါတယ်။
တရုတ် နိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ်မှာ တိုင်းပြည်ရဲ့ ဂျီဒီပီဟာ ၆.၆ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်း ထားခဲ့တာပါ။ အခု လက်တလော ထုတ်ပြန် လိုက်တဲ့ စာရင်း ဇယားတွေ အရ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ မတိုင်ခင် အထိ တိုင်းပြည် ရဲ့ စီးပွားရေး တိုးနှုန်း က ၆.၄ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
လက်ရှိစာရင်းတွေ အရ ကမ္ဘာ့ နံပတ် ၂ စီးပွားရေး နိုင်ငံကြီး ရဲ့ နှေးကွေးတဲ့ တိုးတက်မှု နှုန်းထား ကြောင့် ကမ္ဘာ့ စီးပွားရေး အပေါ်မှာ လည်း ရိုက်ခတ် မှုတွေ ရှိလာ နိုင်တဲ့ အတွက် လူတွေက စိုးရိမ် ပူပန် နေကြပါတယ်။
နောက်ပြီး အမေရိကန် နဲ့ ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွား ခဲ့တာကလည်း တရုတ် ရဲ့ စီးပွားရေး တိုးတက်မှု နှုန်း ကို အနည်းနဲ့ အများ ထိခိုက်မှု ရှိခဲ့တယ်လို့ လူတွေက ထောက်ပြ ပါတယ်။
တရုတ် ရှယ်ယာ ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ ပန်ဒင်း က ဂျီဒီပီ တိုးတက်မှုနှုန်း နှေးကွေး ရတာ က အမေရိကန် နဲ့ ကုန်သွယ်ရေး စစ် ဖြစ်ခဲ့တာနဲ့ သက်ဆိုင်မှု ရှိပါတယ်။ အမေရိကန် က သူ့ရဲ့ အရှိန်အဝါကို အသုံးချပြီး တရုတ် နဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကို ဖိအားပေး ခဲ့တာကြောင့် တရုတ် နိုင်ငံ အနေနဲ့ အနည်းနဲ့ အများ ထိခိုက်မှု ရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
နောက်ပြီး တရုတ်ပြည်တွင်း က စားသုံးသူတွေ ရဲ့ ကြွေးမြီတွေ များပြားလာမှု နဲ့ ကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှု ကျဆင်း လာတာကလည်း စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းရဲ့ အကြောင်းအရာ တစ်ရပ် ဖြစ်ပါ တယ်။
ဒီကိစ္စ နဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး ပစ္စည်းတွေ ရောင်းချ တဲ့ ကျောက်ဇီ ကွမ် က လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်း ကတော့ ဆောက်လုပ်ရေး လုပ်ငန်း တွေက ကောင်းခဲ့တယ်။ အခုတော့ သူတို့ရဲ့ ပရောဂျက်တွေလည်း ပြီးသွားပြီ ဆိုတော့ ကုန်ပစ္စည်း ရောင်းချ ရမှုတွေက နည်းသွားပြီလို့ ဆိုပါတယ်။
တရုတ် နိုင်ငံ က လက်တလော ထုတ်ပြန်တဲ့ အချက် အလက် တွေ အရ ဆိုရင် ၂၀၂၀ ခုနှစ် အထိ နိုင်ငံ ရဲ့ စီးပွားရေး တိုးတက်မှု နှုန်းထား ဟာ ၆.၄ ရာခိုင်နှုန်း အထိပဲ တိုးတက်မှု ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။
တရုတ် ရဲ့ စီးပွားရေး တိုးတက်မှု နှုန်း နှေးကွေး မယ်လို့ ခန့်မှန်း ခဲ့ကြတာ နှစ် အတန် ကြာခဲ့ပါပြီ။ သူတို့ အနေနဲ့ အရည်အတွက် ထက် အရည်အသွေး ရှိတဲ့ ကုန်ပစ္စည်း တွေကို ပဲ ဦးတည် ထုတ်လုပ်မယ်လို့ လည်း ဆိုထားပါတယ်။
တရုတ် ရဲ့ စီးပွားရေး တိုးတက်မှု နှုန်း လျော့ ကျလာတဲ့ အတွက် တရုတ် ရဲ့ ကုန်ထုတ် စွမ်းအား အပေါ်မှာ မှီခို နေရတဲ့ ကုန်သွယ်ဖက် နိုင်ငံ အချို့ ရဲ့ စီးပွားရေး တိုးတက်မှု နှုန်း ဟာလည်း ထိခိုက်နိုင်တာကြောင့် ကမ္ဘာ့ စီးပွားရေး ကိုလည်း ထိခိုက် နိုင်တယ်လို့ ဘီဘီစီ အာရှ ရေးရာ စီးပွားရေး သတင်းထောက် ခရစ်ရှမာ ဘတ်စ်ဝါနီ က သုံးသပ် ထားပါတယ်။