ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လေယာဉ်ပျက်ကျ သေဆုံးခဲ့သူ ခင်ပွန်းလောင်းရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ မင်္ဂလာဝတ်စုံ ဝတ်ပြီး ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ သတို့သမီးလောင်း
ပြီးခဲ့တဲ့ လက အင်ဒိုနီးရှားနိုင်ငံမှာ Lion Air လေကြောင်းပိုင် လေယာဉ် ပျက်ကျတဲ့အထဲ ခင်ပွန်းလောင်း ပါသွားတဲ့ အင်ဒိုနီးရှား အမျိုးသမီးက မင်္ဂလာဝတ်စုံ ဝတ်ပြီး သူတယောက်တည်း ဓာတ်ပုံ အရိုက်ခံခဲ့တဲ့ အကြောင်းလေးက ဆိုရှယ်မီဒီယာတွေကြားမှာ လူပြောအများဆုံး ဖြစ်သွားခဲ့ပါတယ်။
အင်တန် ဆီယာရီ ဆိုတဲ့ အဲဒီ အမျိုးသမီးဟာ သူ့ခင်ပွန်းလောင်း ရီယို နန္ဒာ ပရာတာမာ နဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ လက်ထပ်ဖို့ စီစဉ်ထားတာပါ။
ဒါပေမယ့် မင်္ဂလာဆောင်ဖို့ ဂျာကာတာမြို့ကနေ အိမ်ပြန်အလာ အောက်တိုဘာလ ၂၉ ရက်နေ့က မစ္စတာ ပရာတာမာ စီးလာတဲ့ လေယာဉ် ပင်လယ်ပြင်ထဲ ပျက်ကျသွားခဲ့ပြီး မစ္စတာ ပရာတာမာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။
ခင်ပွန်းလောင်းရဲ့ နောက်ဆုံး ဆန္ဒကို ဖြည့်တဲ့အနေနဲ့ အင်တန် ဆီယာရီ က လက်ထပ် လက်စွပ်ကို ဝတ်၊ မင်္ဂလာဝတ်စုံ အဖြူကို ဆင်မြန်းပြီး ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။
"ပြောမပြတတ်လောက်အောင် ကြေကွဲ ဝမ်းနည်းနေရပေမယ့် သေဆုံးသူ ခင်ပွန်းလောင်းအတွက် ပြုံးပြုံးလေး ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။ သူ့ချစ်သူ အမြဲ ပြောခဲ့တဲ့အတိုင်း စိတ်ဓာတ် ခိုင်မာအောင် ကြိုးစား နေနေ ပါတယ်"လို့ အင်တန် ဆီယာရီက သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
ဆရာဝန် တဦး ဖြစ်တဲ့ ခင်ပွန်းလောင်းဟာ သူ့ရဲ့ အချစ်ဦးလည်း ဖြစ်ပြီး သူတို့ နှစ်ဦး သိကျွမ်းခဲ့တာ ၁၃ နှစ်လောက် ရှိပြီလို့ အင်တန် ဆီယာရီက လူမှုကွန်ရက်ပေါ်မှာ ရင်ဖွင့်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ အလယ်တန်း ကျောင်းသူ ကျောင်းသား ဘဝကတည်းက သိကျွမ်း ခင်မင်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာဝတ်စုံကို ဘယ်လို အတူတူ ရွေးခဲ့ကြတယ်။ ဓာတ်ပုံ ဘယ်လို ရိုက်ကြမလဲ ဆိုတာကို တိုင်ပင် ဆုံးဖြတ်ခဲ့ကြတယ် လို့ ဆိုပါတယ်။
အလုပ်ကိစ္စနဲ့ အစည်းအဝေး တက်ဖို့ ဂျာကာတာမြို့ကို သွားဖို့ လေယာဉ်ပေါ် မတက်ခင်မှာ ခင်ပွန်းလောင်းက မင်္ဂလာပွဲအတွက် သူအချိန်မီ မရောက်ခဲ့ရင် မင်္ဂလာဝတ်စုံနဲ့ ဓာတ်ပုံရိုက်ပြီး သူ့ဆီ ပို့ပေးလိုက်ပါ ဆိုပြီး နောက်ပြောင် ပြောခဲ့တယ်လို့ အင်တန် ဆီယာရီ က ပြန်ပြောပြပါတယ်။
တကယ်လို့ နိုဝင်ဘာလ ၁၁ ရက်နေ့ မင်္ဂလာပွဲ အမီ သူ ရောက်မလာခဲ့ဘူး ဆိုရင် သူရွေးထားတဲ့ မင်္ဂလာ ဝတ်စုံလေးတော့ ဝတ်ထားပါ၊ မိတ်ကပ်လိမ်း၊ အလှပြင်၊ နှင်းဆီဖြူလေး ပန်ထားတဲ့ ပုံ ဓာတ်ပုံ ရိုက်ပြီး သူ့ဆီ ပို့လိုက်ပါ ဆိုပြီး ခင်ပွန်းလောင်းက နောက်ပြောင် ကျီစယ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ သူနိမိတ်ဖတ် ပြောသွားခဲ့သလို မစ္စတာ ပရာတာမာ တယောက် လေယာဉ် ပျက်ကျတဲ့အထဲမှာ ပါသွားခဲ့ပြီး မင်္ဂလာပွဲကို အရောက်မလာ နိုင်ခဲ့တော့ပါဘူး။
ဂျာကာတာမြို့ကနေ ပန်ကာလ်ပင်နန် မြို့ဆီကို ထွက်ခွာလာတဲ့ အဲဒီ လေယာဉ်ပေါ်မှာ လူ ၁၈၉ ဦး လိုက်ပါလာခဲ့ပြီး တယောက်မှ အသက်ဘေးက မလွတ်ခဲ့ပါဘူး။
လေယာဉ် ဘာ့ကြောင့် ပျက်ကျခဲ့တာလဲ ဆိုတဲ့ အကြောင်းရင်းကို ခုချိန်ထိ အဖြေ မရှာနိုင်သေးပါဘူး။
လေယာဉ်ရဲ့ အသံသွင်း မှတ်တမ်း သေတ္တာကို ပင်လယ်ပြင်ထဲက ပြန်ဆယ်ယူ တွေ့ထားပြီး ဖြစ်ပေမယ့် အကြောင်းရင်း သိရဖို့ လနဲ့ ချီ ကြာဦးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မင်္ဂလာပွဲကို အရောက်မလာနိုင်တော့တဲ့ သတို့သားလောင်း မစ္စတာ ပရာတာမာရဲ့ နောက်ဆုံး လိုအင် ဆန္ဒကိုတော့ သတို့သမီးလောင်း အင်တန် ဆီယာရီ က ဖြည့်ဆည်းပေးလိုက်ပြီလို့ ဆိုရမှာပါ။